ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသ၌ အစိုးရ တပ်မတော်နှင့် ဖုန်းကြားရှင် ဦးဆောင်သည့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့် တပ်ဖွဲ့အကြား ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ အစိုးရ တပ်မတော် က လက်နက်ကြီးများ အသုံးပြု၍ တိုက်ခိုက်နေကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင်လည်း လောက်ကိုင်မြို့နယ် ရှီကောလင်း ဒေသ၌ တိုက်ပွဲများ ဖြစ်ပွားကြောင်း MNDAA က ပြောသည်။
MNDDA ၏ ပြောခွင့်ရသူ ဦးထွန်းမြတ်လင်း က“တိုက်လေယာဉ်တွေ အသုံးပြု တိုက်ခိုက်နေတာတော့ ကြာပါပြီ၊ ပြီးခဲ့တဲ့ ရက်က ဆိုရင် ဗုံးကြဲလေယာဉ်တွေ သုံးတယ်၊ ပြီး တော့ ပေါင် ၅၀၀ ရှိတဲ့ ဗုံးကြဲချတယ်၊ ဒါပေမယ့် ကျနော်တို့ ဘက်ကတော့ သေဆုံးသူ မရှိပါဘူး၊ ဒဏ်ရာရသူတော့ ၂၀ လောက်ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မတ်လ ၆ ရက်မှ ၉ ရက် အထိ တိုက်ပွဲများ၌ အစိုးရ တပ်မတော်မှ တိုက်လေယာဉ်များ အသုံးပြုပြီး ပေါင် ၅၀၀ ဗုံးတလုံးကို ကြဲချ ခဲ့ ကြောင်း၊ ဓာတု ပစ္စည်းများ ပါဝင်သည့် ဗုံးတချို့ကို တပ်မတော်မှ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
လက်နက်ကြီးများ အသုံးပြု တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ သမ္မတ၏ ပြောခွင့်ရသူနှင့် ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က“နိုင်ငံ တနိုင်ငံ ရဲ့ လက်နက်ဆိုတာက မိမိနိုင်ငံရဲ့ အချုပ်အခြာ ပိုင်ဆိုင်မှုကို ကာကွယ်ဖို့ တပ်ဆင်ထားတာဖြစ်လို့ နိုင်ငံကို ကာကွယ်ဖို့ဆိုရင် လိုအပ်တာ မှန်သမျှကို သုံးမှာပါပဲ”ဟု ဧရာဝတီ ကို ပြောသည်။
အစိုးရ တပ်မတော်မှ ပစ်ခတ်လိုက်သည့် ကျည်ဆန်များသည် တရုတ်နိုင်ငံဘက် အခြမ်းသို့ ကျရောက်သည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။
ဝန်ကြီး ဦးရဲထွဋ်ကမူ တရုတ်နိုင်ငံတွင်းသို့ ကျည်ဆန်များ ကျရောက်သည် ဆိုသည်ကို ၎င်းတို့ အနေဖြင့် မကြားသိရသေးကြောင်း၊ တရုတ်နိုင်ငံကလည်း တစုံတရာ ပြောဆိုမှု မရှိသေးကြောင်း ပြောသည်။
ယနေ့ထုတ် အစိုးရသတင်းစာများ၌ ဖော်ပြထားရာတွင် ကိုးကန့်တပ်ဖွဲ့များ စခန်းချနေထိုင်သည့် လုံထိန်ကျေးရွာ အနီးရှိ ပွိုင့် ၁၇၅၃ တောင်ကုန်းနှင့်အနီး ပတ်ဝန်းကျင် တောင်ကုန်းများအား အစိုးရ တပ်မတော် စစ်ကြောင်းများက မတ်လ ၇ ရက်မှ စ၍ ပြင်းပြင်း ထန်ထန် တိုက်ခိုက်နေကြောင်း ရေးသားထားသည်။
တပ်မတော် စစ်ကြောင်းများ၏ လေကြောင်းမှ အမြောက်ကူပစ်ပေးမှုများကြောင့် မတ်လ ၈ ရက် ညနေအထိ တိုက်ပွဲများ ပြင်းထန် ခဲ့ပြီး ကိုးကန့်အဖွဲ့ ခြေကုပ်ယူထားသည့် စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းတချို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ထို တိုက်ပွဲများ အတွင်း တပ်မတော်ဘက်မှ စစ်သည် ၇ ဦး ကျဆုံးပြီး အရာရှိ၊ စစ်သည် စုစုပေါင်း ၅၁ ဦး ထိခိုက် ဒဏ်ရာရရှိကြောင်း လည်း အစိုးရ သတင်းစာများ က ရေးသားထားသည်။
ကိုးကန့် ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ၎င်းတို့ အခြေစိုက်သည့် တပ်စခန်းများ၊ တောင်ကုန်းများ ကျဆုံးမှု မရှိသေးကြောင်း၊ တောင်ကုန်းငယ် တခုသာ ဖယ်ပေးလိုက်ကြောင်း ဧရာဝတီ ကို ပြောသည်။
ယခုရက်ပိုင်း အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများသည် ပြင်းထန်သည့် တိုက်ပွဲများဖြစ်ပြီး နှစ်ဘက်စလုံးတွင် ထိခိုက်သေဆုံးမှု အများအပြားရှိသည်ဟု အတည်မပြုနိုင်သော သတင်းများ ထွက်ပေါ်နေသော်လည်း နှစ်ဘက်စလုံးက တရားဝင် အတည်ပြုခြင်း မရှိသေး ပေ။
ကိုးကန့်အဖွဲ့နှင့်အစိုးရ တပ်မတော်တို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်၊ ၉ ရက်မှ ယခုမတ်လ ၁၀ ရက်အထိ ကိုးကန့် တပ်မတော်မှ သေဆုံးသူ ၁၄ ဦး ရှိပြီး၊ ဒဏ်ရာရရှိသူ ၄၀ ကျော် ရှိကြောင်း ဦးထွန်းမြတ်လင်းက ပြောဆိုသည်။
အစိုးရ တပ်မတော်ဘက်ကမူ ဖေဖော်ဝါရီလ ၉ ရက်မှ မတ်လ ၉ ရက်အထိ တိုက်ပွဲများ အကြား တပ်သား၊ အရာရှိစစ်သည် အပါအဝင် တပ်မတော်သား စုစုပေါင်း ၉၀ ဝန်းကျင် ကျဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ထားချက်များ အရ သိရသည်။
ထိုတိုက်ပွဲများကြောင့် လောက်ကိုင်၊ ကိုးကန့် စသည့် ဒေသများမှ အိုးအိမ်စွန့်ခွာ ထွက်ပြေးသွားကြသည့် စစ်ပြေးဒုက္ခသည် အရေ အတွက်သည် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်တလျှောက်၌ ၅ သောင်းဝန်းကျင်အထိ ရှိကြောင်း ကိုးကန့်ဒေသခံများက ပြောဆိုကြသည်။