မြန်မာ့နိုင်ငံရေး အရပ်ရပ် အကျပ်အတည်းများအတွင်း ဗဟိုအစိုးရမှအစ တိုင်း၊ ပြည်နယ် အစိုးရ အလယ်၊ အောက်ခြေ ဝန်ထမ်းအဆုံး စစ်အစိုးရ အငွေ့အသက် မကင်းသော အစွဲ၊ လွဲမှားသော အဆုံးအဖြတ်၊ ဥပဒေကို လျစ်လျူရှုကာ ကျော်လွန် လုပ်ဆောင်မှုများ၊ ဖြစ်ပေါ်လာသည့် ရလဒ်များအပေါ် တာဝန်မယူမှု၊ တာဝန်မခံမှုများ တောက်လျှောက် တွေ့မြင်နေရသည်။
သံဃာများကို မီးလောင်စေမှု၊ လယ်သူမကြီးကို သေနတ်ထိမှန် သေဆုံးစေမှု၊ အလွတ်သတင်းထောက် ကိုပါကြီးကို အစဖျောက်မှု၊ အလုပ်သမား၊ ကျောင်းသား အရေးများတွင် အင်အားသုံး ရိုက်နှက်ဖြိုခွင်းမှု စသည့်ဖြစ်ရပ်များ အားလုံးတွင် အစိုးရ အာဏာပိုင်များအနေဖြင့် ဝန်ခံခြင်း တောင်းပန်ခြင်း မရှိသည်သာမက ပြန်ကြားရေးဝန်ကြီးအဆင့်၊ သမ္မတရုံး ဝန်ကြီးအဆင့်၊ သမ္မတရုံး ညွှန်ကြားရေးမှူး အဆင့်များကပါ အမှားကို အမှန်လုပ်ခြင်း၊ ဆင်သေကို ဆိတ်သားရေနှင့် ဖုံးခြင်းများ တောက်လျှောက်ပြုလုပ်နေသည်မှာ စိတ်ပျက်ဖွယ်ရာ ဖြစ်သည်။
မြို့တော်ခန်းမရှေ့တွင် ကျောင်းသားသပိတ် ထောက်ခံသည့် ဆန္ဒပြပွဲကို အရပ်သားများသုံး၍ ရုပ်ပျက်ဆင်းပျက် အကြမ်းဖက် ဖမ်းဆီးမှု၊ လက်ပံတန်း ကျောင်းသားသပိတ်စစ်ကြောင်းတွင် ရိုက်နှက် ဖမ်းဆီးဖြိုခွဲမှုတို့ကို ပြည်သူလူထုက လက်မခံနိုင်ကြောင်း ပြသခဲ့ကြသော်လည်း အစိုးရက ယင်းကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူများကို ဖော်ထုတ်ခြင်း၊ တာဝန်ခံစေခြင်း မပြုလုပ်ဘဲ သမ္မတရုံးမှ တာဝန်ရှိသူများကပင် ဥပဒေနှင့် ညီပါသည်ဟု အကာအကွယ်ပေးနေခြင်းမှာ အရုပ်ဆိုးသည့် နမူနာကိစ္စတခုဖြစ်သည်။
တာဝန်ယူမှု၊ တာဝန်ခံမှုဟု ထိပ်ပိုင်း သမ္မတက တဖွဖွပြောနေသော်လည်း အောက်ခြေတွင်မှု တရားလက်လွတ် ပြုမှုဆောင်ရွက်နေကြဆဲ ဖြစ်သည်။ သန့်ရှင်းသော အစိုးရ ကောင်းမွန်သော အုပ်ချုပ်မှုဟု တဖွဖွ မန်းမှုတ်ခဲ့သော်လည်း မည်သို့သော အစိုးရအဖြစ် ပုံပေါ်နေသည်မှာ အားလုံး အမြင်ဖြစ်သည်။
ပြုပြင်ပြောင်းလဲရေး ကာလ အစိုးရတရပ်အနေဖြင့် ခြောက်ပစ်ကင်း သဲလဲစင် မဖြစ်နိုင်သော်လည်း ဒီမိုကရေစီ ကျင့်စဉ်နှင့် မလျော်ကန်သည့် အပြုအမှုများဖြစ်သော အမှားကို အမှန်လုပ်ခြင်း၊ ဆွေးမြေ့နေသည့် ကိုလိုနီခေတ် ဥပဒေကိုပင် လိုသလို အဓိပ္ပာယ်ယူ၍ မရှက်မကြောက် ထုတ်သုံးဝံ့ခြင်း၊ ဝန်ကြီး တဖြစ်လဲ ဗိုလ်ချုပ်များ မည်သို့ပင် လူထုကို စော်ကား ပြောဆိုသည် ဖြစ်စေ၊ အစိုးရမျက်နှာကို အိုးမည်းသုတ်သည်ဖြစ်စေ သူတို့အချင်းချင်း မျက်နှာကိုသာကြည့်၍ အကာအကွယ်ပေး ဖာထေးခြင်းတို့မှာ ယခုလက်ရှိ မြန်မာအခြေအနေနှင့် လုံးဝ လျော်ညီခြင်း မရှိ။ ထိုမျှမက မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းကို အစိုးရကိုယ်တိုင် လက်နှင့်ရေးသမျှကို ခြေနှင့် ဖျက်နေသည်နှင့် တူလှသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ ယန္တရား တခုလုံးအနေဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့် ညီအောင် ကျင့်သုံးလိုပါက မှားသွားလျှင် ဝန်ခံရမည်၊ နစ်နာသူကို တောင်းပန်ရမည်။ တကြိမ်မှားယွင်းပြီးလျှင် ပြုပြင်သင့်သည်ကို လက်ခံပြီး ပြုပြင်ရန် ကြိုးစားသင့်သည်။
အစိုး အုပ်ချုပ်ရေး အနေဖြင့် ဖြစ်စေ၊ တရားရေးမဏ္ဍိုင်ကဖြစ်စေ၊ လွှတ်တော်ကဖြစ်စေ၊ တပ်မတော်ကဖြစ်စေ မှားနေသည်ကို ကာကွယ်ရမည်မဟုတ်၊ မှားနေလျှင် တောင်းပန်ရမည်၊ မှားနေသည်ကို ဖာထေးရမည်မဟုတ်၊ ဖြေရှင်းရမည်၊ ပြုပြင်ရမည်။
ထိုသို့မဟုတ်ပါက ပြည်တွင်းမှာသာမက နိုင်ငံတကာတွင်ပါ မျက်နှာပျက်ရမည့်ကိစ္စများ ဆက်လက် ဖြစ်ပေါ်နေမည်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေးသည်လည်း ရှေ့မတိုးသည့်အပြင် ရှိရင်းစွဲနေရာတွင် နစ်သည်ထက် ဆက်နစ်နေဖွယ်ရှိပေသည်။