ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ ကျေးရွာအုပ်စုရှိ မမုံကျေးရွာတွင် မတ်လ ၆ ရက်နံနက် ၁၁ နာရီခန့်က ကမ်ခမ်ဘွမ် စုပေါင်း မြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၂ ဦး သေဆုံးသွားကြောင်း သိရသည်။
ပြိုကျမှု ဖြစ်ပွားသည့် မြေစာပုံသည် အမြင့်ပေ ၁၀၀၀ ၊ အလျားပေ ၂၀၀၀၊ အနံပေ ၁၅၀ ခန့် ရှိပြီး ရာဇဌာနီ ကုမ္ပဏီနှင့် ထွန်း တောက် ကုမ္ပဏီတို့က စွန့်ပစ်နေသည့် မြေစာပုံဖြစ်ကြောင်း ဒေသခံများက ဧရာဝတီကို ပြောသည်။
အဆိုပါမြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၂ ဦးသေဆုံးပြီး လူ ၅၀ ထက်မနည်း ပျောက်ဆုံးလျက် ရှိနေကြောင်း၊ သေဆုံးသူ ထပ်တိုးလာနိုင်ဖွယ် ရှိကြောင်းလည်း မျက်မြင်ကြုံတွေ့ခဲ့သူ တချို့က ပြောဆိုသည်။
“အောက်ပိုင်းမှာ နေကြတဲ့သူတွေက ဒီမှာစာရင်းထဲ မဝင်ဘဲနဲ့ ကိုယ့်ဟာကိုယ် မိုးကာတဲလေး ထိုးပြီးနေတဲ့ လူတွေလည်း များတယ် ဆိုတော့ ဘယ်လိုမှ စာရင်းဇယား အတိအကျ မသိနိုင်ဘူးလေ”ဟု ဖားကန့်ဒေသခံ ဦးမရန်ကျာလက ပြောသည်။
ဖားကန့်ဒေသတွင် ကမ်ခမ်ဘွမ် စုပေါင်းမြေစာပုံ အပါအဝင် မြေစာပုံ ၁၃ ပုံ ရှိပြီး ရေမဆေးကျောက် ရှာဖွေသူ တသိန်းနီးပါး ရှိကြောင်း သိရသည်။
ထိုမြေစာပုံ အနီးတွင် ဈေးဆိုင်ခန်းများနှင့် လူနေအိမ်များ ရှိသည်ဟုလည်း ဆိုသည်။
“မြေစာပုံအောက်မှာ စမ်းချောင်းရှိနေတော့ ရေစီးနဲ့ အပေါ်က မြေစာဝိတ်ကြီးကို ထမ်းထားရတော့ မနိုင်တဲ့အခါ အောက်ကို လျှောကျသွားတာ။ မဖြစ်ခင်က အက်ကြောင်းတွေ ပေါ်တယ်။ ပေါ်ပေမယ့်လည်း ဒီရေမဆေးရှာတဲ့ သူတွေက ကျောက်ရဖို့ပဲ ဦးစားပေး တာ ဖြစ်တဲ့အတွက် အန္တရာယ်ကို သတိမမူဘူးပေါ့” ဟု ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က ဧရာဝတီကို ပြောသည်။
မြေစာပုံ ပြိုကြမှု ဖြစ်ပွားပြီး မတ်လ ၇ ရက်မှ စတင်၍ ဘက်ဖိုးယာဉ်များဖြင့် နှစ်ရက်ကြာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် သော်လည်း မြေစာပုံ ထပ်မံပြိုကျလာမည် စိုးသဖြင့် မတ်လ ၉ ရက်တွင် ကယ်ဆယ်ရေး ရပ်ဆိုင်းခဲ့ကြောင်း ၎င်းက ဆက်ပြော သည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်ကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် မြောက်ဘက် မှော်တွင်းတွင် မြေစာပုံ ပြိုကျမှုကြောင့် လူ ၅ ဦး သေဆုံးခဲ့သည်။
၂၀၀၈ ခုနှစ် ဇူလိုင်လအတွင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြို၍ လူ၂၀ ကျော် သေဆုံးခဲ့ပြီး ၂၀၀၉ ခုနစ်တွင် လည်း မြေပြိုမှုကြောင့် လူဦးရေ ၇၀ ကျော် သေဆုံးမှု ဖြစ်ပွားခဲ့သည်။