ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ်ရွာရှိ အစိုးရ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(ရုပ်/သံ) ဌာန ဝန်ထမ်းတဦး ပျောက်ဆုံး နေသည်မှာ တလခန့် ကြာမြင့်သော်လည်း ပြန်လည်မတွေ့ရှိသေးကြောင်း သိရသည်။
ပျောက်ဆုံးနေသူမှာ အသက် ၄၀ ခန့်ရှိ ဦးအောင်ဇော်ထွန်းဖြစ်ပြီး အစိုးရ ရုပ်/သံဌာနတွင် အီလက်ထရွန်နစ် ကျွမ်းကျင်(၃) အဆင့်မြင့် ထပ်ဆင့်လွှင့် စက်ရုံတာဝန်ခံ ထမ်းဆောင်နေသူဖြစ်ကြောင်း၊ ထိုဝန်ထမ်းသည် ယင်းဒေသရှိ စက်ရုံ တည်ဆောက်သည့် ၁၉၉၆ ခုနစ်မှ စတင် တာဝန်ထမ်းဆောင်ခဲ့သူ တဦးလည်းဖြစ်ကြောင်း ရုပ်/သံ အင်ဂျင်နီယာ ဌာနချုပ် ဦးလှိုင်မိုးက ဧရာဝတီသို့ ပြောသည်။
“ပျောက်ဆုံးနေတဲ့ ဦးအောင်ဇော်ထွန်းနဲ့ပတ်သတ်ပြီး ဘာသတင်းမှ ထူးခြားမှု မရှိသေးဘူး။ ဌာနဆိုင်ရာ ရဲတွေ၊ သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိ သူတွေကို စာပို့ထားပါတယ်။ လက်ရှိမှာတော့ မုံးပေါ်ရွာက စက်ရုံကို ပိတ်ထားရပါတယ်” ဟု ဦးလှိုင်မိုးက ဆိုသည်။
ထိုဝန်ထမ်းသည် မုံးကိုးမြို့နယ် မုံးပေါ်ရွာ အိမ်တွင်နေထိုင်နေစဉ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ ည ၁၀နာရီခန့်တွင် မျက်နှာဖုံးစွပ် ၃ဦးက အိမ်ပေါ်သို့ လာရောက် ခေါ်ဆောင်သွားကြောင်း၊ မည်သူခေါ်ဆောင်ခိုင်းသည်ကို မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ၊ မေးပိုင် ခွင့်မရှိဟု ဆိုကာ ခေါ်သွားကြောင်း ကို ဦးလှိုင်မိုးက ပြန်ပြောပြသည်။
“သက်ဆိုင်ရာ အာဏာပိုင်တွေ စစ်ကြောင်းတွေကိုတော့ ကြည့်ပေးပါ ဆောင်ရွက်ပေးပါလို့ တောင်းဆိုထားပါတယ်။ သူကျန်းကျန်း မာမာနဲ့ပြန်လာရင် တော်ပါပြီ”ဟု မြန်မာအသံ နှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ဦးတင့်ဆွေက ဧရာဝတီသို့ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ နယ်မြေဒေသရှိ အုပ်ချုပ်ရေး အဖွဲ့များထံ အကြောင်းကြားခဲ့ရာ စုံစမ်းရှာဖွေလျက်ရှိကြောင်း၊ မြန်မာ့ ရုပ်/သံ ဌာန၏ မူဆယ်ဇုန်နယ်ခွဲတွင် မုံးပေါ်၊ ဖောင်းဆိုင်၊ မုံးကိုး၊ နမ့်ဖက်ကာ၊ ကြူကုတ်(ပန်ဆိုင်း)နှင့် မုံးဝီး စုစုပေါင်း ထပ်ဆင့်လွှင့် စက်ရုံ ၇ ရုံရှိရာ စက်ရုံ ၃ ခုမှ ဝန်ထမ်းများသည် မူဆယ်စက်ရုံသို့ လာရောက်ပူးပေါင်းခဲ့ပြီး ကျန်စက်ရုံ ၄ ရုံမှ ဝန်ထမ်းများကိုလည်း လုံခြုံရေးအရ လာရောက်ပူးပေါင်းနိုင်က လာရောက်ကြရန် ရုပ်/သံ (ရုံးချုပ်)က အကြောင်းကြားထားကြောင်းလည်း အစိုးရ ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။
ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် ကလည်း“MRTV က ဝန်ထမ်း အဖမ်းခံရတဲ့နေရာက KIA(ကချင်လွတ်လပ်ရေး တပ်မတော်) လှုပ်ရှားတဲ့ နေရာ ပါ။ ကျနော်တို့ KIO(ကချင် လွတ်လပ်ရေး အဖွဲ့) ဘက်က ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ အဖွဲ့တွေကို ပြောထားပြီးပါပြီ။ KIA အနေနဲ့ သူတို့လူတွေကို ပြန်စိစစ်ပေးဖို့၊ ပြီးတော့ ဝန်ထမ်းရဲ့ သတင်း အချက်အလက် ရထားရင်လည်း ကျနော်တို့ကို မျှပေးဖို့ အကူ အညီ တောင်းထားပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
ထိုဒေသတွင် အစိုးရတပ်မတော် တပ်မ(၈၈)၊ တပ်မ(၃၃)၊ တပ်မ(၁၁)၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ) လက်အောက်ခံ တပ် များ နှင့် ခြေလျင် တပ်ရင်း(ခလရ) ၆၈ တို့ ရှိပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည့် ကိုးကန့် လက်နက်ကိုင်၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)တို့လည်း ရှိကြောင်း သိရ သည်။
ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်ဒေသ၌လည်း အစိုးရ တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သည့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) ကိုးကန့်တပ်ဖွဲ့ အကြား ဖေဖော်ဝါရီလ ၉ ရက်ကစတင်ပြီး တိုက်ပွဲများ ဖြစ်ပွားနေခဲ့ သည်။
တိုက်ပွဲကြောင့် စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ ထောင်ချီ ရှိ၍ နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရန် စီစဉ်ပေးလျက် ရှိကြောင်း၊ တရုတ် နယ်စပ်တွင်လည်း ဒုက္ခသည် ထောင်ချီရှိကြောင်း၊ တိုက်ပွဲများကြောင့် ဖေဖော်ဝါရီလ ၉ ရက်မှ ၂၁ ရက်အထိ အစိုးရ တပ်မတော် ဘက်မှ အရာရှိ ၅ ဦး၊ စစ်သည် ၅၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၇ ဦး တိုက်ပွဲတွင်ကျဆုံးခဲ့ပြီး စစ်သည် ၁၀၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပျောက် ဆုံးစစ်သည် ၅ ဦး ရှိကြောင်းလည်း တပ်မတော်က သတင်း ထုတ်ပြန်ထားသည်။