ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင်တွေက သူတို့ရဲ့ အခုလအတွင်း သွားဖို့ရှိတဲ့ ရန်ကုန် ခရီးစဉ်အတွင်းမှာ နေပြည် တော်က အစိုးရနဲ့ တပ်မတော်ပိုင်း ဆိုင်ရာ တာဝန်ရှိသူတွေကို တွေ့ဆုံဖို့ သဘောထားရှိကြောင်း KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် က ပြောပါတယ်။
KIO အတွင်းရေးမှူး ဒေါက်တာ လဂျာ နဲ့အတူ ဗဟိုကော်မတီဝင် ၈ ဦးပါဝင်မယ့် အဖွဲ့ဟာ ဒီလလယ်ပိုင်း ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) မှာပြုလုပ်မယ့် ၇ ကြိမ်မြောက် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) နဲ့ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ(UPWC) ဆွေးနွေးပွဲကို လေ့လာ သူ အဖြစ် တက်ရောက်ကြမှာဖြစ်ပြီး ဒီခရီးစဉ်အတွင်းမှာ အစိုးရ ခေါင်းဆောင်တွေဘက်က သဘောတူရင် တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
ဗိုလ်ချုပ် ဂွန်မော် က“ကျနော်တို့ KIO ရဲ့ ခေါင်းဆောင်များက မန္တလေးကနေ ကားနဲ့ထွက်လာမယ်။ အဲဒီတော့ မန္တလေး၊ နေပြည် တော် အတိုင်း ထွက်လာမယ်ဆိုတော့ တကယ်လို့သာ ဟိုမှာ လူကြီးတွေက တွေ့မယ်ဆိုရင် တွေ့ကြမယ်ဆိုတဲ့ အစီအစဉ်ဖြစ်ပါတယ်”လို့ ဧရာဝတီကို ပြောပါတယ်။
အစီအစဉ် တိတိကျကျ ရေးဆွဲထားခြင်းမဟုတ်ပေမယ့် ယခင်တွေ့ဆုံပွဲတွေမှာ နှစ်ဘက်လူကြီးချင်း တွေ့ဆုံနိုင်ရင်ကောင်းမယ် ဆိုတဲ့ သဘောတူညီထားချက် ရှိတယ်လို့ ဆိုပါတယ်။ နှစ်ဘက် တွေ့ဆုံနိုင်ရေးအတွက် အစိုးရဘက်က တစုံတရာ အကြောင်း ပြန်ကြားလာခြင်းတော့ မရှိသေးဘူးလို့ သိရပါတယ်။
ဒေါက်တာ လဂျာနဲ့ ဗဟိုကော်မတီဝင် ၈ ဦးဟာရန်ကုန်မြို့ MPC မှာ ဒီလ ၁၆ ရက်ကနေ ၂၁ ရက်ထိ ပြုလုပ်မယ့် NCCT နဲ့ UPWC တို့ဆွေးနွေးပွဲကို လေ့လာသူ အဖြစ်နဲ့ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
“အလွတ်သဘောရယ်လို့လည်း ပြောလို့ရတာပေါ့ဗျာ။ ကျနော်တို့ အစည်းအဝေးသွားရင်းနဲ့ ဆိုတော့ တွေ့များ တွေ့ကြမလား။ တွေ့မယ်ဆိုရင်တော့ ကျနော်တို့က အဲဒီမှာ အခြေအနေလေးတွေ ဟိုဘက်၊ ဒီဘက် ပြောပြကြမယ်ဆိုတဲ့ သဘောလောက်ပါပဲ။ အစည်း အဝေးပုံစံမဟုတ်ပါဘူး”လို့ ဗိုလ်ချုပ် ဂွန်မော် က ပြောပါတယ်။
အစိုးရ၊ တပ်မတော်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေနဲ့ KIO တို့အကြား တွေ့ဆုံမယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မသိရသေးဘူး လို့ ပြန်ကြားရေးဝန်ကြီးလည်းဖြစ်၊ သမ္မတ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်တဲ့ ဦးရဲထွဋ်နဲ့ MPC အဖွဲ့ဝင် တဦးဖြစ်တဲ့ ဒေါက်တာ မင်းဇော်ဦး တို့က ပြောပါတယ်။
တပ်မတော်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖြစ်ရင် လိုင်ဇာပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးကြဖို့ ရှိပြီး KIO နဲ့ အတူ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရက္ခိုင့် တပ်မတော် (AA) တို့က တာဝန်ရှိသူ တချို့လည်း ပါဝင်လိမ့်ဖွယ်ရှိတယ်လို့ TNLA က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မိုင်းဘုန်းကျော် ကပြောပါတယ်။
“KIO ၊ ရက္ခိုင့်တပ်မတော်နဲ့ ကျနော်တို့ ကြားထဲမှာ ညှိထားတာကတော့ ဒီလိုင်ဇာ ဗိုလ်လောင်း သင်တန်းကျောင်း ပစ်ခတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ဆွေးနွေးဖို့၊ အဲဒီအတွက် ကျနော်တို့ ကိုယ်စားလှယ်တွေ ရွေးလွှတ်ပြီးသွားကြမှာပါ”လို့ ဗိုလ်မှူးကြီး မိုင်းဘုန်းကျော် က ဧရာဝတီကို ပြောပါတယ်။
လတ်တလော အခြေအနေမှာတော့ အစိုးရစစ်တပ်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား ကချင်ပြည်နယ် အတွင်း မှာ တိုက်ပွဲတွေကြိုကြား ဖြစ်ပွားနေသလို ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း အစိုးရ စစ်တပ်နဲ့ TNLA တို့ အကြားမှာ တိုက်ပွဲတွေ ရက်ဆက် ဖြစ်ပွားလျက် ရှိပါတယ်။