ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် ရဲတပ်ဖွဲ့က ကျောင်းသားသပိတ်ကို အကြမ်းဖက် ရိုက်နှက် ဖြိုခွင်း ပြီး နောက် ကျောင်းသား၊ သံဃာ၊ သတင်းထောက်နှင့် ပြည်သူ စုစုပေါင်း ၁၂၇ ဦးကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးထားသူ ၆၀ ကို ပုဒ်မ ၅ ခုဖြင့် တရားစွဲထားကြောင်း ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်မှူး ဒုတိယ ရဲမှူးကြီးအုန်းစိန်က ပြောသည်။
ဖမ်းဆီးထားသူများအနက်မှ လူ ၆၀ ဦးကို မတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်း လက်ပံတန်းမြို့နယ်တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့ပြီး ပုဒ်မ ၅ ခုဖြင့် တရားစွဲဆိုထားကြောင်း၊ ကျန်ရှိသူများကိုလည်း ယနေ့ ညနေပိုင်းတွင် ရုံးထုတ်၍ ရမန်ယူ တရားစွဲဆိုမည်ဖြစ်ကြောင်း ဒုတိယရဲမှူးကြီးအုန်းစိန်က ရှင်းပြသည်။
ဖမ်းဆီးထားသူများကို ပုဒ်မ ၁၄၃- ဥပဒေနှင့် ဆန့်ကျင့်သော လူစုလူဝေး ပါဝင်မှု ၊ ပုဒ်မ ၁၄၅- ဥပဒေနှင့် ဆန့်ကျင်သော လူစုလူဝေးကို လူစုခွဲရန် အမိန့်ပေးသော်လည်း မလိုက်နာမှု ၊ ပုဒ်မ ၁၄၇- ရုန်းရင်းဆန်ခတ်မှု ကျူးလွန်မှု ၊ ပုဒ်မ ၃၃၂ – ပြည်သူ့ ဝန်ထမ်းကို နာကျင်စေမှု၊ နှောင့်ယှက်မှု ၊ ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှု ဆိုသည့် ပုဒ်မ ၅ ခုဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ပုဒ်မ ၅ ခုသည် စုစုပေါင်း ထောင်ဒဏ် ၉ နှစ်နှင့် ၆ လချမှတ်နိုင်ကြောင်း သိရှိရသည်။
ဖမ်းဆီးထားသူများကို လက်ပံတန်း တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သော်လည်း အဖမ်းခံထားရ သည့် သူများ ၏ မိဘဆွေမျိုး မည်သူတဦးတယောက်မှ ဖမ်းဆီးထားသူများကို တွေ့ခွင့် မရခဲ့ ကြောင်း သိရှိရသည်။
“အချုပ်ကား ၂ စီး၊ ရဲသား အပြည့်နဲ့ ကား၃ စီး ဝင်သွားတာပဲ တွေ့ရတယ်။ မနက်ကတည်းက ထိန်း သိမ်း ထားတဲ့ ဘယ်သူ့ ကိုမှ တွေ့ခွင့် မရဘူး။ တရားရုံးကို လုံခြုံရေး ၃ ထပ် လောက် ကာထားတော့ အထဲ က အခြေအနေ ဘာမှ မသိ ရဘူး။ အချုပ် ကားထဲက ဆင်းလာတဲ့ သူတွေကို တချို့ဝေးဝေးကနေ တွေ့လိုက်ရတာတော့ ဖြိုးဖြိုးအောင်၊ အောင်မှိုင်းဆန်း တို့ကို ရေးရေး တွေ့ရတယ်လို့တော့ ပြောတယ်။ အခုတော့ ကျနော်တို့တွေ ပါလာတဲ့ ပစ္စည်းတွေပဲ ပေးခဲ့ဖို့ ကြိုးစားနေတယ်” မဖြိုးဖြိုးအောင်၏ ဖခင် ဦးနေဝင်းက ပြောသည်။
လက်ရှိ ဖမ်းဆီးခံရခြင်းမရှိသော ကျောင်းသားများမှာလည်း ထွက်ပြေး တိမ်းရှောင်နေရပြီး ရဲတပ်ဖွဲ့က စောင့်ကြည့် ရှာဖွေမှု များရှိနေကြောင်း ရှိရသည်။
“ မနေ့က လှည်းတန်း ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ကိုထက်( ထက်ခိုင်စိုး) အိမ်ရှေ့မှာကို စောင့်ကြည့် နေတာ။ တညလုံးလည်း စောင့်ကြည့် တယ်လို့ ပြောတယ်။ အခုတော့ ကိုထက်လည်း ရှောင်နေတယ်။ ပင်မ သပိတ်စစ်ကြောင်းမှာ ပါတဲ့ မြင်းခြံမြို့ က ကျောင်းသားတချို့ရဲ့ အိမ်တွေကိုလည်း လိုက်လံ မေးမြန်းနေတယ်၊ ဖိအားပေးနေတယ်လို့ ပြောတယ်။ လွတ်မြောက် လာတဲ့ ကျောင်းသားတွေကတော့ ရှောင်နေကြတယ်” ဟု ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုလင်းထက်နိုင်က ပြောသည်။
အလားတူ မုံရွာ နည်းပညာကောလိပ်မှ စက်မှုဘာသာရပ်အထူးပြု တတိယနှစ်ကျောင်းသား မောင်စိုးလှိုင်ကို မြင်းခြံ ဒီဂရီကောလိပ်တွင် နိုင်ငံတော်အလံချပြီး ခွပ်ဒေါင်းအလံတင်ခဲ့မှုဖြင့် မတ်လ ၁၀ ရက်နေ့ ညပိုင်း အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
မတ်လ ၁၁ ရက်နေ့ ညပိုင်းတွင်မူ ပြည်ထဲရေးဝန်ကြီးဌာနက သံဃာတော် ၁၀ ပါးကို ပြန်လည် လွှတ်ပေးလိုက်သည်ဟု ထုတ်ပြန်လိုက်ပြီး တက္ကသိုလ်၊ ကောလိပ်များတွင် အမှန်တကယ် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ ကို သက်ညှာသော အားဖြင့် စိစစ်ရန် ပြန်လွှတ်ပေးမည်ဟု သတင်းထုတ်ပြန်သည်။
(ဧရာဝတီ သတင်းထောက် သူဇာ ပူးပေါင်းရေးသားသည်)