မတ်လ ၁၀ ရက် လက်ပံတန်းတွင် ဆန္ဒပြ ကျောင်းသားများအား ရဲက အကြမ်းဖက်ဖြိုခွဲမှုအပြီး စုစုပေါင်း ၁၂၇ ဦး ထိန်းသိမ်းထားရာမှာ ကျောင်းသား ၅၂ ဦး၊ ကျောင်းသူ ၁၃ ဦး၊ အရပ်သား ၆၂ ဦး ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သေးခြင်းသည် ဖမ်းဆီးခံ ကျောင်းသူကျောင်းသားများနှင့် ဒဏ်ရာရသူများ မည်သို့အခြေအနေတွင် ရှိနေမည်ကို စိုးရိမ်ပူပန်မှုများ ပိုမိုတိုးပွားလာစေသည်။
လက်ပံတန်းတွင် ရဲတပ်ဖွဲ့၏ ပရမ်းပတာ ဖြစ်မှုကို လူမှုကွန်ရက်မီဒီယာများကတဆင့် မြန်မာတွင်သာမက ကမ္ဘာကလည်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပြီး မြန်မာရဲတပ်ဖွဲ့အား လူစုလူဝေး ကိုင်တွယ်ထိန်းကျောင်းနည်းအား သင်ကြားပေးနေသော ဥရောပသမဂ္ဂမှလည်း မြန်မာအာဏာပိုင်တို့၏ ဆန္ဒပြသူများအပေါ် ထားသည့် သဘောထားကို ပြောင်းလဲရန် ပြောကြားလာရသည်။ မြန်မာ့အရေး ပြန်လည်စိတ်ပူစရာဖြစ်လာနေရာ အမေရိကန် ကွန်ဂရက်အမတ်များဖြစ်သူ Joe Crowley နှင့် Steve Chabot တို့ကလည်း “မြန်မာ အာဏာပိုင်များနှင့် ၎င်းတို့ ငှားရမ်းထားသော လူဆိုးလူမိုက်များက ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အကြမ်းကိုင်မှုအပေါ် ရွံရှာမိ”ကြောင်း ရေးသားထုတ်ပြန်ခဲ့သည်။ “ကျောင်းသားများသည် မူဝါဒအပြောင်းအလဲကိုသာ တောင်းဆိုနေခြင်းသာ ဖြစ်သည်။ သူတို့ကို ရန်သူဟု မသတ်မှတ်သင့်”ဟုလည်း ရေးသားထုတ်ပြန်သည်။
ပို၍ စိုးရိမ်ပူပန်နေသူများမှာ သက်ဆိုင်ရာမိဘဆွေမျိုးသားချင်းများ ဖြစ်သည်။ ဖမ်းဆီးခံထားရသော သပိတ်မှောက်ကျောင်းသားများ မည်သူမည်ဝါနှင့် မည်သည့်ဒေသက ဖြစ်ကြောင်း အစိုးရက မထုတ်ပြန်၍ ပျောက်ဆုံးသူ ရှာဖွေနေကြသော မိဘမောင်နှမသားချင်းများက မည်သို့ဆက်သွယ်ရနိုင်မည်ကို သိလိုနေကြသည်။ လက်ပံတန်းတွင် ဖမ်းဆီးခံရသူများကို အချုပ်ကားဖြင့် သာယာဝတီသို့ ခေါ်ဆောင်သွားပြီး ထောင်တွင် ချုပ်နှောင်ထားကြောင်း မီဒီယာများက ဖော်ပြရွေ့သာ သက်ဆိုင်ရာ မိဘဆွေမျိုးသားချင်းများက စုံစမ်းပြီး တွေ့ဆုံခွင့် တောင်းနေကြသည်။
ရဲတပ်ဖွဲ့က အများပြည်သူ ကြားနာခွင့် မရှိသော တရားခွင်တွင် ထောင်ဒဏ် ၉ နှစ် ၆ လ အထိ ပြစ်ဒဏ်ချမှတ်နိုင်သော ပုဒ်မများနှင့် ရုံးထုတ်ကြောင်း၊ တရားခွင်သို့ ညအချိန်မတော်ထုတ်လာပြီး တရားဥပဒေအရ ရှေ့နေရှေ့ရပ်များဖြင့် ခုခံပိုင်ခွင့်လည်း မရှိကြောင်း ထွက်ပေါ်လာသော သတင်းများက ပူပန်မှုများကို ထပ်ဆင့်လာစေခဲ့သည်။ ယင်းအပြုအမူသည် ရဲတပ်ဖွဲ့၏ နာမည် ပိုပျက်စရာ ဖြစ်လာသလို ရဲတပ်ဖွဲ့ကို အမိန့်ပေးခိုင်းစေနေသော ပြည်ထဲရေးဝန်ကြီးဌာန၏ အခန်းကဏ္ဍအပေါ်လည်း မေးခွန်းထုတ် ဝေဖန်စရာဖြစ်လာနေသည်။ လူမျိုးရေး ဘာသာရေး ဆူပူလှုပ်ရှားမှုများတွင် လူသတ် အကြမ်းဖက်မှုများအား မဟန့်တားနိုင်ခဲ့သော်လည်း လက်ပံတောင်းနှင့် လက်ပံတန်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် ကြမ်းတမ်းစွာ ဖြိုခွဲနှိမ်နင်းခဲ့သည်၊ လက်ပတ်နီဝတ် လူရမ်းကားများကိုလည်း ကျောင်းသားဆန္ဒပြသူများအား ရန်ရှာဖမ်းဆီးရန် စေခိုင်းခဲ့သည်။ ယခု တရားဥပဒေကိုပါ မထေမဲ့မြင် ပြုလုပ်လာသော လုပ်ရပ်နှင့် သဘောထားသည် စစ်အစိုးရလက်ထက် ပြုမူကျင့်ကြံပုံများနှင့် တထေရာတည်းဖြစ်နေတော့သည်။
ဦးသိန်းစိန်အစိုးရတက်လာပြီး ဒီမိုကရေစီရေးနှင့် ပြုပြင်ပြောင်းလဲရေးကို တွင်တွင်ပြောနေခဲ့သော်လည်း မြန်မာ့လူ့အဖွဲ့အစည်းသည် စစ်တပ်၏ ချုပ်ကိုင်မှုအောက်တွင်သာ ဆက်လက်ရှိနေသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာနအား တပ်မတော်မှ တိုက်ရိုက်ကွပ်ကဲနေသည်က သာဓကပြနေသည်။ မြို့ပြအုပ်ချုပ်ရေးတွင် အရေးပါသော ရဲတပ်ဖွဲ့ကို တပ်မတော်လက်အောက်မှ ခွဲမထုတ်နိုင်၊ အရပ်ဘက်အုပ်ချုပ်ရေးအောက် တိုက်ရိုက်မထားနိုင်ခြင်းကလည်း သက်သေဖြစ်သည်။
ဒီမိုကရေစီတည်ဆောက်ရေးသည် လူ့အဖွဲ့အစည်း၏ အလွှာပေါင်းစုံမှ အသံများ ဆူညံစွာ ထွက်နေဖို့ လိုပါသည်။ ယခင်စစ်အစိုးရလို ငြိမ်ဝပ်ပိပြားပြီး အသံတိတ်စေလိုလျှင် အများပြည်သူဝန်ဆောင်မည့် ဒီမိုကရေစီအုပ်ချုပ်မှုစနစ် မတည်ဆောက်နိုင်ပါ။ ထို့ကြောင့် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရန် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သော ဖမ်းဆီးခံများ အားလုံးကို လွှတ်ပေးသင့်သည်။ သို့မဟုတ်ပါက ဦးသိန်းစိန်အစိုးရ၏ အမျိုးသားရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီတည်ဆောက်ရေး နိုင်ငံရေး ကတိကဝတ်များကို ရိုက်ချိုးလိုက်သလိုလည်း ဖြစ်တော့မည်။ ၂၀၁၁ ခုနှစ်တွင် စတင်တာဝန်ယူခဲ့သော ဦးသိန်းစိန်အစိုးရအပေါ် ပြည်တွင်းပြည်ပမှ အကောင်းမြင်မှုသည် တာဝန်ပြီးဆုံးခါနီး ၂၀၁၅ ခုနှစ်တွင် လုံးဝ ပျောက်ကွယ်လုနီးပါးလည်း ဖြစ်သွားပေတော့မည်။