မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဆွေးနွေးအဖြေရှာမယ်ဆိုတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲဟာ မကြာခင် ပြုလုပ်နိုင်ဖွယ်ရှိပါတယ်။ မတ်လ ၁၁ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မစမီ မွန်းလွဲ ၁၂ နာရီခွဲမှ ၁ နာရီအထိ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဦးခင်အောင်မြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများ ဖြစ်လာနိုင်တဲ့အတွက် လိုအပ်တဲ့ အချက်အလက်များ စုဆောင်းထားဖို့၊ အဆင်သင့် ပြင်ဆင်ဖို့ ပြောကြောင်း ပုဂ္ဂလိက သတင်းစာ တစောင်မှာ ဖော်ပြပါတယ်။
၆ ပွင့်ဆိုင်ဆွေးနွေးပွဲကို လက်ရှိကျင်းပနေဆဲ ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးကာလ(မတ်လ)အတွင်း ပြုလုပ်မယ်လို့ လွှတ်တော်ဘက်ကနေ သူရဦးရွှေမန်းက
ပြောကြားထားပါတယ်။ ဒါပေမယ့် အစိုးရဘက်ကတော့ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲကိုတော့ ဘယ်နေ့မှာ ပြုလုပ်မယ်ဆိုတာကိုတော့ တရားဝင် ပြောဆိုကြေညာတာမျိုး မရှိသေးပါဘူး။ တကယ်ဖြစ်လာခဲ့ရင် သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားကိုယ်စားပြု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ ပါဝင်ကြဖို့ ရှိပါတယ်။
မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် သမိုင်းဝင်တွေ့ဆုံမှုတခုဖြစ်လာနိုင်မယ်လို့ ထင်ရတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံမှုကို ဘယ်တော့မှာ ဘယ်လိုပြုလုပ်မလဲဆိုတာ အခုထိ ပြည်သူတွေက ဘာမှ မသိရသေးပါဘူး။ ၆ ပွင့်ဆိုင်တွေ့ဆုံမှုဟာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားတာ လအတန်ကြာလာခဲ့ပေမယ့် စလုံးရေးတောင် မစနိုင်သေးပဲ ၁၄ ပွင့်ဆိုင်တွေ၊ ၄၈
ပွင့်ဆိုင်တွေနဲ့ပဲ ယောင်ချာချာ ရှိခဲ့ရပါတယ်။ အဲဒီ အပွင့်ဆိုင်တွေဟာလည်း ပြည်သူတွေအတွက် တစ်စုံတရာကျေနပ်စရာ ရလာဒ်တွေ ထွက်မလာတဲ့အပြင် တွေ့ဆုံ
စကားပြော၊ ထမင်းလက်ဆုံစား၊ အမှတ်တရ ဓာတ်ပုံရိုက်လောက်နဲ့ပဲ ပြီးဆုံးခဲ့ရတာကြောင့် ဝေဖန်ခံရမှုတွေရှိနေခဲ့ပါတယ်။
လက်ပံတန်းမှာ ကျောင်းသားတွေ နှိမ်နင်းခံရလို့ စိတ်ဒဏ်ရာရသွားတဲ့ မြန်မာပြည်သူတွေအတွက်သာမက ၂၀၁၅ ရွေးကောက်ပွဲကတဆင့် ပြုပြင်ပြောင်းလဲရေး ဆက်ဖြစ်နိုင်မလားလို့ စောင့်ကြည့်နေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက်လည်း ၆ ပွင့်ဆိုင်တွေ့ဆုံမှုဆွေးနွေးဝိုင်းဟာ အရေးကြီးပါတယ်။
မြန်မာနိုင်ငံ အနာဂတ်အတွက် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေး အပြင် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် အကျပ်အတည်းဖြစ်နေတဲ့ ပြသနာတွေကို ဆွေးနွေးကြမယ့် ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးအဖြေရှာရေးတွေကနေ မြန်မာနိုင်ငံကို အကောင်းဘက်ဦးတည်စေမယ့် မျှော်လင့်ချက် ရောင်ခြည်တွေ၊ အကျပ်အတည်းပြေလည်စေမယ့် အပေးအယူတွေ ထွက်ရှိဖို့ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်က အကောင်အထည်ပေါ်လာပါ့မလား။
အဲဒီလို မျှော်လင့်ခံ၊ ယုံကြည်ခံနေရတဲ့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲဟာ အများပြည်သူတွေ မျှော်လင့်ယုံကြည့်တဲ့အတိုင်းဖြစ်လာဖို့အတွက် ဆွေးနွေးပွဲမှာ ပါဝင်သူတွေက အဓိကျနေတယ်။ ဦးဆောင်သူတွေရဲ့ နိုင်ငံအပေါ်ထားရှိတဲ့ စိတ်ရင်းစေတနာတွေ၊ ပြုပြင်ပြောင်းလဲချင်စိတ်တွေ၊ အမျှော်အမြင်ရှိမှုတွေက အနာဂတ်နိုင်ငံတည်ဆောက်ရေးအတွက် အခြေခံကျတဲ့
အုတ်မြစ်တွေဖြစ်လာမှာဖြစ်ပြီး သမိုင်းကလည်း မှတ်တမ်းတင်နေမှာပါ။
အခက်အခဲများစွာ၊ တောင်းဆိုမှုများစွာတွေထဲကမှ ထွက်ပေါ်လာတဲ့ ရှားရှားပါးပါး ထိပ်သီးတွေ့ဆုံဆွေးနွေးပွွဲကနေ နိုင်ငံအတွက်၊ ပြည်သူအတွက် ရလာဒ်ကောင်းတွေရလာအောင် အမိအရ ဆုပ်ကိုင်ဖို့လိုပါတယ်။ ဆွေးနွေးပွဲမှာ အဓိက ဦးဆောင်ပါဝင်မယ့်သူတွေဟာ ရလာဒ်ကောင်းတွေထွက်ပေါ်လာဖို့ တိကျပြတ်သားတဲ့ ဆွေးနွေးမှုတွေ ဖြစ်လာဖို့
ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့လိုအပ်သလို တွေဆုံဆွေးနွေးမှုတွေ စဉ်ဆက်မပြတ်လုပ်နိုင်ဖို့ပါ ပြင်ဆင်စဉ်းစားထားရပါမယ်။
နိုင်ငံအပြောင်းအလဲဖြစ်လာဖို့အတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရာမှာပါဝင်သူတွေဟာ ပညာရှိသုခမိန် မဟော်သဓာ သားတရားစီရင်ခန်း ဇာတက ဝတ္ထုထဲက အမျိုးသမီး ၂ ဦးရဲ့ ကလေးပိုင်ရှင် ဖြစ်ဖို့ ကလေးလုယူကြတဲ့ ဖြစ်ရပ်သာဓကကို နမူနာယူကြရမှာဖြစ်ပါတယ်။
အဲဒီဝထ္ထုထဲမှာ အမျိုးသမီး ၂ ဦးက ကလေးပိုင်ရှင် သူဖြစ်တယ် ငါဖြစ်တယ်ငြင်းခုန်ကြပါတယ်။ နောက်ဆုံးတော့ အဖြေတစ်ခုရဖို့ သုခမိန် မဟော်သဓာထံ သွားရောက် အဆုံးအဖြတ် ခံယူကြပါတယ်။ မဟော်သဓာက စည်းတစ်ခုတားပြီး ကလေးငယ်ကို စည်းအလယ်မှာချထားတယ်။ ပြီးတော့ လက်ထဲမှာ ကလေးငယ်ပါလာသူဟာ ကလေးပိုင်ရှင် အစစ်ဖြစ်မယ်လို့ပြောပြီး အမျိုးသမီး ၂ ဦးကို လုယူခိုင်းပါတယ်။
အမျိုးသမီး ၂ ဦးဟာ ကလေးကို လက်ထဲပါလာဖို့ အင်အားကုန် အပြိုင်လုဆွဲကြပါတယ်။ အလုယူခံရတဲ့ကလေးဟာ လုဆွဲခံရတာကြောင့် နာကျင်လွန်းပြီး အော်ဟစ်ငိုယိုတယ်။ ကလေးငိုသံကြားတာကို မခံစားနိုင်ဖြစ်ပြီး အမျိုးသမီးတဦးဟာ ကလေးငယ်ကို ဆက်လက်လုမယူတောပဲ လွှတ်ပေးလိုက်ပါတယ်။ ကလေးပါလာတဲ့ အမျိုးသမီးဟာ ကလေးငယ်ရဲ့ ငိုသံကို ဂရုမစိုက်နိုင်ပဲ ကလေးလက်ထဲပါလာတာကို ပျော်ရွှင်နေပါတယ်။
အဲဒီအခါမှာ မဟောသဓာ သုခမိန်က ကလေးရတဲ့ အမျိုးသမီးကို အကြင်သူသည် ဒီကလေးရဲ့ပိုင်ရှင် အစစ်မဟုတ် ကလေးကို စားလိုသော ဘီလူးမသာဖြစ်ပေတာ့သည်ဟု အံ့သြစွာ ပြောဆိုပြီး ကလေးကို ဆက်လက် မလုယူပဲ လက်လျှော့ပေးလိုက်တဲ့ အမျိုးသမီးကသာ ကလေးငယ်ရဲ့မိခင် ကလေးပိုင်ရှင်အစစ်ဖြစ်ကြောင်း ဆုံးဖြတ်ပေးလိုက်ပါတယ်။
လက်လျှော့ပေးလိုက်တဲ့ အမျိုးသမီးဟာ ရင်ကဖွားလာတဲ့ သွေးသားရင်းရဲ့ နာကျင်တဲ့ ဝေဒနာခံစားလာရတာကို မမြင်ရက် မကြည့်ရက်တာကြောင့်သာ ကလေးငယ်ကို ဇွတ်လု မယူခဲ့တာဖြစ်ပါတယ်။
မဟောသဓာ သားတရားစီရင်ခန်း သာဓကလိုပဲ မကြာခင် ၆ ပွင့်များ ဆိုင်ကြရင် ကိုယ်စားပြုခေါင်းဆောင်တွေဟာ မိမိအဖွဲ့အစည်း၊ မိမိကိုယ်တိုင် အကျိုးအမြတ်တွေထက် ဒဏ်ရာများစွာကြောင့် နာတာရှည်ရောဂါခံစားနေရတဲ့ မြန်မာနိုင်ငံကို ကယ်တင်ဖို့အတွက် မိမိအတ္တကိုရှေ့တန်းမတင်ပဲ မြန်မာပြည်သူ ပြည်သားတွေ ကြုံတွေ့ ခံစားနေရတဲ့
ဆင်းရဲဒုက္ခတွေကို ပြေလည်အေးဆေးဖို့သာ ရှေ့တန်းတင်ဆွေးနွေးကြရပါ။ အာဏာလက်ဝယ်ရရှိထားသူက မိမိလက်ထဲက အာဏာလက်လွှတ်မဆုံးရှုံးဖို့ ကြိုးစားတာ၊ အာဏာမရသေးသူကလည်း မိမိလက်ထဲ အာဏာရရှိလာဖို့ ကြိုးစားတာတွေမလုပ်ပဲ နှစ်ပေါင်းများစွာ အဖိနှိပ်ခံ၊ အကန့်သတ်ခံ၊ ဒုက္ခခံစားနေကြရတဲ့ မြန်မာပြည်သူ ပြည်သားတွေအတွက် ထွက်ပေါက်ကို ရှာဖွေပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။
( မောင်ဉာဏသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)