လေတချက် အဝှေ့တွင် ကောင်းကင်ယံသို့ အနီရောင်များ ရဲခနဲ လွင့်တက်သွားသည်။ ရွေ့မျောနေသော အနီရောင် များ အကြားတွင် ခွပ်ဒေါင်းဝါများ အုပ်စုလိုက် လွင့်ပျံသည်ကို မြင်နေရသည်။ ရှေ့ဆုံးမှ အကျႌအဖြူ၊ နဖူးစီးအနီနှင့် ကျောင်းသားတဦးက သပိတ်တလုံးကို မှောက်လျက်ကိုင်ကာ လမ်းလျှောက် ချီတက်လာသည်။ သူ့နောက်မှာတော့ မျက်စိတဆုံးမျှ ချီတက်လာနေသော ကျောင်းသားသပိတ် တပ်ဖွဲ့ကြီးကို တွေ့ရသည်။
ထိုကျောင်းသား သပိတ် စစ်ကြောင်းနှင့် မလှမ်းမကမ်းတွင် ကားတစီး ရပ်ထားသည်။ ထိုကားပေါ်တွင် သူ့ကို ထိုင်လျက်သား တွေ့ရသည်။ သပိတ်စစ်ကြောင်းကြီးကို ငေးရီနေသော သူ့မျက်လုံးအစုံက တောက်ပနေသည်။ တောက်ပနေသော ထိုမျက်ဝန်း တစုံတွင် မျှော်လင့်ခြင်းနှင့် အားမာန်များ ရောယှက်နေသည်။ မျက်ဝန်းတွင် အားမာန်များ ပြည့်နေသော်လည်း သူ့အသားအရောင်က စက္ကူတရွက်လို ဖြူလွလွ ဖြစ်သည်။ သူ၏ သွယ်လျလျ ကိုယ်ခန္ဓာလိုပင် သူ၏ မျက်နှာသည်လည်း ဖြူဖွေးသွယ်လျနေသည်။ သူက ခွပ်ဒေါင်းများထဲမှ ခွပ်ဒေါင်းတကောင် … သူ့အမည်က ဖြိုးဖြိုးအောင်။
တကယ်တော့ ဖြိုးဖြိုးအောင်တွင် စိတ်ဓာတ်သာ ကျန်ရှိတော့သည်ဟု ဆိုရမည်။ သပိတ်စစ်ကြောင်းကြီးနှင့် အတူ သူ လမ်းမလျှောက်နိုင်ခဲ့သည်မှာ ကြာပြီ။ သူ့စိတ်စေရာကို ခန္ဓာကိုယ်က မလိုက်နိုင်၊ ထိလွယ်ခိုက်လွယ်သော သူ့ အရေပြားနှင့် ကိုယ်ခံစွမ်းအား အပေါ် သူကိုယ်တိုင် မကျေမနပ် ဖြစ်နေခဲ့ရသည်။ သူ့သူငယ်ချင်းများက သူ့ကို စာနာ နားလည်စွာဖြင့် သပိတ်စစ်ကြောင်း အနီး ခြံရံလိုက်ပါလာသော ကားပေါ်မှသာ လိုက်ပါခွင့် ပေးထားကြသည်။
အထက်ပါ မြင်ကွင်းက လွန်ခဲ့သော ဖေဖော်ဝါရီ လလယ်ခန့်က ပင်မ ကျောင်းသားသပိတ်စစ်ကြောင်း ချီတက်ခဲ့စဉ် မြင်ရသည့် မြင်ကွင်း ဖြစ်သည်။ အဖြစ်အပျက်က အားလုံး ပြောင်းလဲသွားခဲ့ပြီ။ မတ်လ ၁၀ ရက်နေ့က ရုပ်ဆိုး အကျည်းတန်လှသော အဖြစ်အပျက် ပြီးခဲ့သည့်နောက်တွင်တော့ တရားခံတဦးသဖွယ် လက်ကို ကြိုးဖြင့် တုပ်နှောင်ခံထားရသည့် ဖြိုးဖြိုးအောင်၏ ဓာတ်ပုံများက လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပလူပျံခဲ့သည်။ မြင်ရသူတိုင်း စိတ်ထိခိုက်ဖွယ်ကောင်းသော ဓာတ်ပုံ။ လူတိုင်းက စုပ်သပ်နေကြသော်လည်း ဖြိုးဖြိုးအောင်၏ ဦးခေါင်းကမူ ထူမတ်နေသည်။ မျက်လုံးများကလည်း ယခင်အတိုင်း တောက်ပဆဲ။
သူကြီးပြင်း ဖြတ်သန်းလာရသော ဘဝတလျှောက်သည် သူ၏ခေါင်းပေါ်က ဆံပင်များလို မဖြောင့်စင်းခဲ့။ ထိုမချောမွေ့၊ မဖြောင့်စင်းခဲ့သော ဘဝကပင် သူ့ကို ဗကသ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်ဟူ၍ ဖြစ်ပေါ်စေသည်။
သူ့ကို မွေးဖွားခဲ့စဉ် အချိန်က လမ်းမများပေါ်တွင် တပါတီ အာဏာရှင်စနစ် ကျဆုံးရေး ကြွေးကြော်သံများ ညံနေသည့် အချိန်ဖြစ်သည်။ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းကို အလှည့်အပြောင်း ဖြစ်စေသည့် ၈၈ အရေးတော်ပုံကြီးအတွင်း သူ့ကို မွေးဖွားခဲ့သည်။
၁၉၈၈ သြဂုတ်လတွင် မွေးဖွားခဲ့သည့် သူ၏ ကိုယ်ခန္ဓာထဲတွင် ၈ လေးလုံးသွေးများ တပါတည်း စီးဝင်နေခဲ့ပြီး ဖြစ်လိမ့်မည်။ သူ့အဖေကိုယ်တိုင်က ၈ လေးလုံး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီးနောက် ၁၆ နှစ်နီးပါး အကျဉ်းကျခံခဲ့ရသည်။ နိုင်ငံရေး နောက်ခံ၊ နိုင်ငံရေး အသိုင်းအဝိုင်းအကြား ကြီးပြင်းခဲ့သည့် သူ့အတွက် နိုင်ငံရေးဟူသည် သူစိမ်းတရံ မဖြစ်ခဲ့။
သူ၏ ငယ်ဘဝတလျှောက် ဖြတ်သန်းမှုက တခြားကလေးများနှင့်မတူ၊ မိစုံဖစုံနှင့် မကြီးပြင်းခဲ့ရပေ။ ဖခင် အိမ်ပြန် လာမည့် ရက်ကိုသာ မျှော်တလင့်လင့်ဖြင့် စောင့်စားခဲ့ရသည်။ ပထဆုံး ဖခင်နှင့် တွေ့ဆုံခွင့်ရခဲ့သည့် ထောင်ဝင်စာ သွားတွေ့ခဲ့ရသည့်နေ့ကို သူ ဘယ်တော့မှ မမေ့ဟု ပြောပြသည်။
အဖေ့ကို ထောင်ဝင်စာ တွေ့ရင်းက အကျဉ်းထောင် အတွေ့အကြုံ၊ နိုင်ငံရေးသမားတို့၏ ခါးသက်သက် ဘဝများ၊ ထောက်လှမ်းရေး သဘောသဘာဝများကို သိရှိခဲ့ရပြီး ထိုအတွေ့အကြုံများက လက်တွေ့ဘဝတွင် သူ့အတွက် အခက်အခဲ များကို မကြောက်မရွံ့ ကျော်ဖြတ်နိုင်စေခဲ့သည့် ခွန်အားများ ရခဲ့သည်ဟု သူက ကျန်ရစ် ဖြတ်သန်း ခဲ့ရသော အတိတ်စာမျက်နှာများကို လှန်လှောရင်း တွေးတွေးဆဆ ပြောဆိုသည်။
သူအလယ်တန်း ကျောင်းသူ အရွယ်ကတည်းက အဖေ့စာကြည့်ခန်းထဲမှ နိုင်ငံရေးစာအုပ်များနှင့် တခြား ဗဟုသုတ ရဖွယ် စာအုပ်တော်တော်များကို စိတ်ဝင်တစား ဖတ်တတ်နေခဲ့ပြီး စာဖတ်ခြင်းကို ဝါသနာထုံခဲ့သည်။ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများက သူ၏ လက်တွေ့ဘဝကို များစွာ အထောက်အကူပြုသည်ဟု ယုံကြည်ထားသည်။ ဆယ်တန်း ဖြေပြီးစ ၁၆ နှစ် အရွယ်တွင် သူ၏ အတွေးအခေါ်များ ပြောင်းလဲလာသည်ဟု ဆိုသည်။ အရာရာကို စူးစမ်းချင်စိတ် များဖြစ်လာပြီ။ ထိုအရာများကပင် နိုင်ငံရေး လောကထဲ ရောက်လာစေမည့် သူ့အတွက် တွန်းအားများ ဖြစ်နေသည်ကို ထိုအချိန်က သူမသတိမထားမိခဲ့။
၂၀၀၆ ခုနှစ်တွင် အမေရိကန် စင်တာရှိ စာဖတ်ဝိုင်း တခုသို့ အဖေ့အဆက်အသွယ်ဖြင့် ပါဝင်ခွင့်ရလာရာမှ ၂၀၀၇ ဗကသများ ဖြစ်လာမည့် ကျောင်းသားလူငယ်များနှင့် စတင် ဆုံစည်းခဲ့သည်။ ယင်း စာဖတ်ဝိုင်းတွင် မိမိ၏ ထင်မြင်ယူဆချက်များကို လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်ရသည့် နေရာလေးတခု ဖြစ်လာသည်။ ယင်းသည်ပင် သူ နိုင်ငံရေး လောကထဲဝင်မည့် ပထမဆုံးသော ခြေလှမ်းပင် ဖြစ်သည်။
သူမတက္ကသိုလ် စတက်သည့် အချိန်က နိုင်ငံရေး ဆိုသည်မှာ မပြောသင့် မပြောအပ်သည့်၊ ပြောလျှင် အန္တရာယ် ရှိသည့် အရာတခုဟု သတ်မှတ်ထားသည့် အခြေအနေ အချိန်အခါမျိုး ဖြစ်နေသည်။ ထိုအခြေအနေ အတွင်းမှာပင် ကန့်သတ် ပိတ်ပင်ထားသည့် စာအုပ်များကို အတိုင်းအတာတခုအထိ လွတ်လွတ်လပ်လပ် ဖတ်ရှုခွင့်ရခဲ့ပြီး အကြောင်းအကျိုးများကို ဆက်စပ်တွေးခေါ် ယူဆတတ်သူ တယောက်ဖြစ်လာခဲ့သည်။
“ကျမ နိုင်ငံရေး အယူအဆတွေ သိလာပြီ။ နိုင်ငံရေးဟာ ဘာကြောင့် ဒီလို ဖြစ်နေတာလဲ။ ပညာရေးက ဘယ်လိုလဲ။ ဆင်းရဲ မွဲတေမှုတွေ ဘာကြောင့် ဖြစ်နေတာလဲ။ ဘယ်သူ့မှာ တာဝန်ရှိလဲ ဆိုတာမျိုးတွေကို စဉ်းစားတွေးခေါ်ပြီး ဆွေးနွေး လာတတ်ပြီ” ဟု သူက ပြောပြခဲ့သည်။
၂၀၀၇ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်တွင် ဗကသကို စတင် ဖွဲ့စည်းဖြစ်သည်။ လူငယ်တို့၏ သဘာဝအတိုင်း အမျိုးမျိုး သော အပိတ်အပင် အတားအဆီးများ ရှိနေချိန်တွင် မိမိတို့ ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ ကြသည်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင်လည်း သံဃာတော်များနှင့် အတူ ပါဝင်ခဲ့သည်။
ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ပြီး ကတည်းက ထိုစဉ်က အုပ်ချုပ်သည့် စစ်အစိုးရက သူတို့ကို ဖမ်းဆီးဖို့ ကြိုးစား ခဲ့သော်လည်း ၈ လခန့် ကြာသည်အထိ ရှောင်တိမ်း လွတ်မြောက်ခဲ့သည်။ ထိုအချိန်က သူသည် မှော်ဘီ နည်းပညာ တက္ကသိုလ်တွင် တက်ရောက်နေသည့် တတိယနှစ် မြို့ပြ အင်ဂျင်နီယာ ကျောင်းသူတယောက် ဖြစ်နေပြီ။
“အဲဒီအချိန်တုန်းက အများကြီးသိလို့၊ အများကြီး တွေးမိလို့ ဆိုတာထက် ဖြစ်နေတဲ့ အခက်အခဲ အကျပ်အတည်း တွေကို ကျမတို့ ဘယ်လိုပုံစံနဲ့ ဖြေရှင်းပေးနိုင်မလဲဆိုတဲ့ အတွေးအခေါ်မျိုးနဲ့ တတ်နိုင်တဲ့ဘက်က ဝင်ရောက် ကူညီ ချင်တဲ့ စိတ်မျိုးနဲ့ လုပ်ဖြစ်ခဲ့တာပါ” ဟု အတိတ်က သူမ၏ သဘောထားများကို ပြန်ပြောပြသည်။
၂၀၀၈ မေလတွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေသည့် ပြည်သူများကို တတ်နိုင်သမျှ ကူညီ ပေးရန် ရှောင်တိမ်းနေရာမှ ထွက်ပြီး ဖခင်နှင့်အတူ နာဂစ်ဒဏ် ခံရသည့် ဒေသများသို့ သွားရောက်ခဲ့သည်။ ဖခင်ဖြစ်သူ ဦးဆောင်မှုဖြင့် သူငယ်ချင်းများနှင့် အတူ အစားအစာ ဝေငှခြင်း၊ ရုပ်အလောင်းများအား ရှင်းလင်း မြှုပ်နှံခြင်းများ သွား ရောက် ပြုလုပ်ခဲ့ပြီး အပြန်လမ်းတွင် သူတို့အားလုံး အဖမ်းခံကြရသည်။
ဗကသများ အဖွဲ့ချုပ် ဖွဲ့စည်းမှု၊ ၈၈ မျိုးဆက် ကျောင်းသားများနှင့် ဆက်သွယ် လှုပ်ရှားမှု၊ အစိုးရကို အကြည်ညို ပျက်စေမှုဟူသည့် ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုခံရပြီး စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ကျခံရမည် ဖြစ်သော်လည်း ပုဒ်မ အားလုံးကို တပေါင်းတည်း ကျခံစေဆိုသည့် အမိန့်ချမှတ်မှုကြောင့် ထောင်ဒဏ် ၄ နှစ် ကျခံခဲ့ရသည်။
အင်းစိန်အကျဉ်းထောင်မှ မော်လမြိုင် အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရချိန်တွင် သူ့ ဖခင်ဖြစ်သူ ဒေါက်တာ နေဝင်း ကိုလည်း ဘားအံ အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်သည့် အတွက် သားအဖနှစ်ဦး တချိန်တည်း အင်းစိန် အကျဉ်း ထောင်မှ အတူတူ ထောင်ပြောင်းခဲ့ရသည်။ ယင်းခရီးစဉ်ကို သူယခုထိ အမှတ်ရနေသေးသည်ဟု ပြန်ပြောင်း ပြော ပြသည်။
အကျဉ်းထောင်အတွင်း နေနည်းထိုင်နည်း၊ ထောင်တွင်း စိန်ခေါ်မှုနှင့် ထားရမည့် ယုံကြည်ချက်များကို ဖခင်နှင့် တွေ့ဆုံတိုင်း အစဉ်အမြဲ ပြောပြထားသည့် အတွက် ၄ နှစ်ဆိုသည့် ထောင်တွင်းဘဝကို သူ မတုန်မလှုပ် ရဲရဲ ရင်ဆိုင်နိုင်ခဲ့သည်ဟု ဆိုသည်။
“ဒီလိုမျိုးလုပ်လို့ ဒီလိုမျိုး ဖြစ်မယ်၊ ဒါက သဘာဝပဲ ဆိုတဲ့ စိတ်မျိုး ရှိတယ်။ ဥပမာ နိုင်ငံရေးနဲ့ ပတ်သက်လို့ အဖမ်း ခံရ တာတို့၊ ခေါ်ယူစစ်ဆေးခံရတာတို့၊ တစုံတရာ ခြိမ်းခြောက် ခံရတာတို့ အလုပ်ခံရမယ်ဆိုတာ ကျမအသိစိတ်ထဲမှာ ရှိပြီး သား ဖြစ်တဲ့အတွက် ထူးထူးခြားခြား ကြောက်ရွံ့တာမျိုးလည်း မဖြစ်ဘူး” ဟု သူက ပြောပြသည်။
အကျဉ်းထောင်မှ ၂၀၁၁ ခုနှစ်အတွင်း ပြန်လည် လွတ်မြောက်ပြီးနောက်ပိုင်း ကျောင်းသား လှုပ်ရှားမှုများ၊ နိုင်ငံရေး လှုပ်ရှားများတွင် ထဲထဲဝင်ဝင် ပါလာလုပ်ကိုင်လာသည်။ ဗကသကို ကိုယ်စားပြုပြီး အခမ်းအနားများ တက်ခွင့် ရခဲ့သည်။ ဗကသ ပြန်လည် ဖွဲ့စည်းရေး၊ ခရိုင်သမဂ္ဂ၊ တက္ကသိုလ် သမဂ္ဂ ဖွဲ့စည်းရေး အတွက် စည်းရုံးရေး ဆင်းပေး ခဲ့ရသည်ဟု သူက ပြောသည်။
အကျဉ်းထောင်က ပြန်လွတ်လာပြီး ကျောင်းကို သူ ပြန်သွားသည့်အခါ ကျောင်းပြန်တက်ခွင့် မရရှိတော့။ တက်ချင် လျှင် အဝေးသင် တက်၍ ရသော်လည်း သူ့အနေဖြင့် စိတ်ဆန္ဒ မပါသည့် အတွက် ပြန်မတက်ဖြစ်ခဲ့ဟု ဆိုသည်။
သူ ခံယူထားသည်က ပညာရေးသည် လူတိုင်းအတွက် အရေးကြီးသည်။ နိုင်ငံရေး အမှုဖြင့် အကျဉ်းကျသည် ဖြစ်စေ၊ တခြားမှုခင်း တခုခုဖြင့် အကျဉ်းကျသည် ဖြစ်စေ၊ မည်သူမဆို၊ အကယ်၍ အကျဉ်းထောင်ထဲတွင် ရှိနေစဉ်တွင်ပင် ပညာ ဆက်လက် သင်ယူနိုင်ရန် အစိုးရ အနေဖြင့် လုပ်ဆောင် ပေးသင့်သည်ဟု သူက ခံယူထားသည်။
“ဒါဟာ ကျမရဲ့ အခွင့်အရေး ဖြစ်တယ်။ ကျောင်းပြန်တက်ခွင့် ရှိကိုရှိရမယ်။ ဒါကျမရဲ့ ထင်မြင်ယူဆချက်၊ ကိုင်စွဲ ထားတဲ့ အရာပဲ။ လက်ရှိအချိန်ထိ အစိုးရက ပြောနေတဲ့ Lifelong learning ဆိုတာ စကားလုံးအရ ပြောနေတာ၊ တကယ်ရော ဦးစားပေးလို့လား။ ပညာရေးဆိုတာ လူတိုင်းအတွက် အရေးကြီးတယ်။ ပညာရေးကို ချုပ်ကိုင်ထားတာမျိုး၊ ပိတ်ပင်ထားတာမျိုး မလိုလားဘူး” ဟု ပြတ်သားစွာ သူ ပြောသည်။
တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးပါက ကိုယ်ဝါသနာပါရာ တက္ကသိုလ်ကို ရွေးချယ် တက်ရောက်နိုင်သည့် အခွင့်အရေး မရှိခြင်း၊ အလွတ်ကျက် စနစ်ဖြင့် ဖြတ်သန်းခဲ့ရသည့် စာမေးပွဲ စနစ်များ ဖြစ်နေခြင်းတို့သည် လူသားအရင်းအမြစ်ကို ထိခိုက်စေသည်ဟု သူကယူဆထားသည်။
ပညာရေးကို တန်ဖိုးမထားဘဲ ဘွဲ့လက်မှတ်သည် အလုပ်အတွက် လိုအပ်ချက် တခုသာ ဖြစ်နေသည့် မြန်မာနိုင်ငံ၏ ပညာရေးစနစ်နှင့် ပတ်သက်၍ ပြောင်းလဲရန် လိုအပ်နေပြီ ဆိုသည်ကို ခိုင်ခိုင်မာမာ ယုံကြည်ထားကြောင်း ဖြိုးဖြိုးအောင်က ပြောပြသည်။
ယုံကြည်ထားသည့် အတိုင်း မြန်မာ့ပညာရေးစနစ် အပြောင်းအလဲ အတွက် သူ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သည်။ အစိုးရက အတည်ပြုထားသည့် အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်မှု ကျောင်းသား သပိတ်စစ်ကြောင်း၏ ဦးဆောင်ကော်မတီ ၁၅ ဦးထဲတွင် ပါဝင်ပြီး စိတ်ရောကိုယ်ပါ နှစ်ကာ သူ လုပ်ဆောင်ခဲ့သည်။
ကျောင်းသားများ ဖြစ်စေချင်နေသည့် ပညာရေးစနစ် ဖြစ်လာရေးအတွက် စိတ်အားထက်သန်စွာ ကြိုးစားဆောင်ရွက် နေသည်။ ဒီတာဝန်ကို သူ ပြီးမြောက်အောင်မြင်သည် အထိ ထမ်းဆောင်သွားမည်ဟု ပြောခဲ့သည်။ မည်သို့သော အခက်အခဲ၊ အတားအဆီးများကမှ သူ၏ ခိုင်မာသော ယုံကြည်ချက်ကို ဖျက်ဆီးနိုင်မည် မဟုတ်ဟု သူက တိကျပြတ်သားစွာ ပြောခဲ့ခြင်း ဖြစ်သည်။
“ကျမရဲ့ခံယူချက်က အလုပ်တခုကို လုပ်တော့မယ်ဆိုရင် ဒီဟာကို တကယ်စွဲစွဲမြဲမြဲ ယုံကြည်ဖို့ လိုတယ်။ ကျမ ယုံကြည်တဲ့ အရာကို လုပ်မယ်ဆိုရင် ခိုင်မာတယ်၊ ဘယ်လို အခက်အခဲ အတားအဆီးတွေပဲ တွေ့တွေ့ ကြံ့ကြံ့ ခံနိုင်တယ်လို့ ယုံကြည်တယ်။ ဒါကြောင့် ပန်းတိုင်အထိ ရောက်အောင် ဆက်လျှောက်နေတာပါ” ဟု သူက ဆိုသည်။
၂၀၁၅၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် သူနှင့် ခံယူချက်ချင်းတူသူလည်း ဖြစ်၊ ၂၀၀၇ ဗကသများ အဖွဲ့ချုပ် စတင်ဖွဲ့စည်း ကတည်းက ပါဝင်လှုပ်ရှားခဲ့သည့် သူနှင့် အတူ လက်တွဲလုပ်ကိုင်ခဲ့ရသူ သူငယ်ချင်းလည်း ဖြစ်သည့် ချစ်သူ ကိုလင်းထက်နိုင်နှင့် နှစ်ဖက်မိဘ သဘောတူညီမှုဖြင့် အိမ်ထောင်ပြုခဲ့သည်။
“ကျမတို့ အတွေးအခေါ်ခြင်းတော့ ကွာခြားမယ်။ ဒီမိုကရေစီ ပညာရေးနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီရေးနဲ့ ဖြစ်ဖြစ် ယူဆချက် တော်တော်များများက တိုင်းပြည်အပေါ်မှာ အများပြည်သူ အပေါ်မှာ ကူညီချင်ကြတယ်။ တတ်နိုင်သလောက် တာဝန်ကျေချင်တဲ့ အပိုင်းမှာ တူညီမှုတွေ ရှိတယ်။ ဒါကြောင့် အခုလို အနေအထားမှာပဲ လက်တွဲဖြစ်သွားတာပါ။ သူ့ဆီကလည်း အကူအညီတွေ တော်တော်များများ ရပါတယ်။ သူက လက်ရှိ ဗကသ ဗဟိုလုပ်ငန်း ကော်မတီက အနားယူထားတယ်” ဟု သူက ဆိုသည်။
မနက်ဖြန်ဟူသည် ကျောင်းသားတွေအတွက် မရေရာသော အနာဂတ် ဖြစ်သော်လည်း ထို မရေရာသော အနာဂတ်ထဲမှ သူနှင့် အတူ ကျောင်းသားများ အားလုံးကို ရုန်းထွက်နိုင်စေချင်သည်။ ထိုအတွက်လည်း သူ့အနေဖြင့် မဆုတ်မနစ် ကြိုးစားနေခြင်း ဖြစ်သည်ဟု ပြောသည်။ သူမှင့်အတူ ဗကသ၏ ရည်ရွယ်ကြိုးပမ်းမှုများ အရာထင် အောင်မြင် စေချင်သည်ဟုလည်း သူက ဆက်ပြောသည်။
သူက အများပြည်သူကိုလည်း ဒီမိုကရေစီ အလေ့အကျင့်များဖြင့် ရင်းနှီးကျွမ်းဝင် လာစေချင်ပြီး လူတိုင်းလူတိုင်းက ကိစ္စအသေးလေးမှ အကြီးကြီး အထိ ကိုယ့်တာဝန်ကို ကိုယ်ယူနိုင်ကြရမည်ဆိုသည့် အသိစိတ်မျိုး မွေးဖွားစေချင်ဟု ဆိုသည်။
လက်ရှိတိုင်းပြည်၏ အရေးကိစ္စများတွင် မည်သို့သော ပုံစံမျိုးနှင့်ဖြစ်စေ တတ်နိုင်သည့်ဘက်က ဝင်ရောက်ကူညီ ဖြေရှင်းပေးချင်သည့်စိတ်ဖြင့် ဗကသထဲသို့ ဝင်ရောက်လှုပ်ရှားခဲ့သည့် သူသည် ဗကသ၏ အထွေထွေ အတွင်းရေးမှူး အဖြစ် ဒီမိုကရေစီ ပညာရေးသပိတ် တိုက်ပွဲတွင် ရှေ့ဆုံးမှ ပါဝင်တိုက်ပွဲဝင်ခဲ့သည်။
မတ်လ ၁၀ ရက်နေ့ကတော့ လက်ပံတန်းမှ ရန်ကုန်သို့ ချီတက်ရန် ဟန်ပြင်လာသည့် သူတို့ ပင်မ သပိတ် စစ်ကြောင်းကို ရိုက်နှက်ဖမ်းဆီးခဲ့ရာ ဖြိုးဖြိုးအောင်လည်း ကျောင်းသား ခေါင်းဆောင် တဦးအဖြစ် အဖမ်းခံခဲ့ရသည်။ လက်ရှိအချိန်တွင် သူ သာယာဝတီထောင်တွင်း တနေရာတွင် ရှိနေကာ ဒီမိုကရေစီ ပညာရေးတိုက်ပွဲအတွက် ဆက်လက် တိုက်ပွဲ ဝင်ရေးကို တွေးတောနေပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ကောင်းမွန်သည့် ပညာရေးစနစ်အပေါ် အခြေခံပြီး ဒီမိုကရေစီ အလေ့အကျင့်များ ဖွံ့ဖြိုး လာစေချင်သည်က ဖြိုးဖြိုးအောင်၏ အန္တိမ ရည်မှန်းချက် ဖြစ်သောကြောင့်ပင်။ သူသည် မြူတိမ်များ ကင်းစင်၍ ကြည်လင်တောက်ပသော မိုးကောင်းကင်ကြီး ထဲတွင် အောင်ပွဲကို ဆာလောင်နေသော ခွပ်ဒေါင်းပျို တကောင်၏ တွန်ကျူးကနေဟန်ကို မြင်ချင်စမ်းလှပြီဟု ဧရာဝတီသို့ ပြောခဲ့သည်။
ထိုမိုးကောင်းကင်ကြီးသည် ကျောင်းသားထု တရပ်လုံးအတွက် ပြည့်စုံကောင်းမွန်သော အနာဂတ် ပညာရေး စနစ်ပင် ဖြစ် ကြောင်း သူက ဖော်ညွှန်း ပြခဲ့သည်။