ဖမ်းဆီးခံထားရသည့် ကျောင်းသားကျောင်းသူများ အနက် ကိုပြည့်စုံ၊ ကိုကောင်းထက်၊ မအိဖြူဖြူမွန်၊ မခိုင်ဇင်သက်၊ ကိုစစ်နိုင်အောင်၊ ကိုစိုးလွင်ကို၊ မရည်မိုမိုအောင်နှင့် ကိုဆန်းလင်းထိုက်တို့ အပါအဝင် ကျောင်းသားကျောင်းသူ တချို့ကို ယနေ့နေ့လယ် ၁၂ နာရီက သာယာဝတီ ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် ပြန်လွှတ်ပေးလိုက်သည်။
ပြန်လည်လွတ်မြောက်လာသူ ၁၃ ဦးရှိသည်ဟု သတင်းပေးပို့ချိန်တွင် သိရသော်လည်း အသေးစိတ် အတိအကျ မသိရှိရသေးပါ။
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ဆန္ဒပြမှုကြောင့် အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခံထားရသည့် ကျောင်းသား ကျောင်းသူ ၁၂၇ ဦးထဲမှ ကျောင်းတက်နေကြသူ ၂၇ ဦးကို မိဘများထံ ပြန်လည်အပ်နှံရန် ယမန်နေ့က အမည်၊ နေရပ် လိပ်စာနှင့် မိဘအမည်များကို စာရင်းကောက်ယူ ခဲ့ကြောင်း၊ ရရှိသည့် စာရင်းအတိုင်း မိဘများထံသို့ ဆက်သွယ်ခဲ့ကြောင်း သာယာဝတီ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် စုံစမ်း သိရှိရသည်။
တချို့ ကျောင်းသားကျောင်းသူ များမှာ အမည်၊ နေရပ်လိပ်စာနှင့် မိဘအမည်ကို အမှန်အတိုင်း မပြောသဖြင့် ဆက်သွယ်ရာတွင် အခက်အခဲရှိကြောင်း သာယာဝတီ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ပြောသည်။
မတ်လ ၁၀ ရက် လက်ပံတန်းတွင် ဆန္ဒပြ ကျောင်းသားများအား ရဲက အကြမ်းဖက်ဖြိုခွဲမှုအပြီး စုစုပေါင်း ၁၂၇ ဦး ထိန်းသိမ်းထားရာမှာ ကျောင်းသား ၅၂ ဦး၊ ကျောင်းသူ ၁၃ ဦး၊ အရပ်သား ၆၂ ဦး ဖြစ်ကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ထားသည်။
ဖမ်းဆီးခံ ၁၂၇ ဦးကို ယမန်နေ့က လက်ပံတန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ရမန်ကြီး ၁၄ ရက် ယူထားကြောင်း၊ ၎င်းတို့ကို ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့် ပေးပြီးနောက် ဆက်လက်ပါဝင်နေမှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ် ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံတော် ငြိမ်ဝမ်ပိပြားရေးကို ထိခိုက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲထားပြီး ဖြစ်ကြောင်း သာယာဝတီ ခရိုင်ရဲမှူး အုန်းစိန်က ဧရာဝတီသို့ ပြောသည်။ မည်သူမည်ဝါများဖြစ်ကြောင်း ထုတ်ပြန်ခြင်း မရှိသေးပါ။
မတ်လ ၁၁ ရက်နေ့ ညပိုင်းတွင်မူ ပြည်ထဲရေးဝန်ကြီးဌာနက သံဃာတော် ၁၀ ပါးကို ပြန်လည် လွှတ်ပေးလိုက်သည်ဟု ထုတ်ပြန်လိုက်ပြီး တက္ကသိုလ်၊ ကောလိပ်များတွင် အမှန်တကယ် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ ကို သက်ညှာသော အားဖြင့် စိစစ်ရန် ပြန်လွှတ်ပေးမည်ဟု သတင်းထုတ်ပြန်သည်။
လွတ်မြောက်လာသည့် ကျောင်းသားများက ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုသည် တရားမျှတမှု လုံးဝမရှိဟု တညီတညွတ်တည်း ပြောဆိုကြသည်။
“ကျမတို့ရဲ့ ဒေါင်းအလံကို ဖျက်ဆီးတာကို မကျေနပ်ဘူး။ တရားမျှတမှု ရှိရှိနဲ့ ဖြေရှင်းလို့ရတဲ့ကိစ္စကို မဖြေရှင်းလို့ မကျေနပ်ဘူး။ မိန်းကလေးတွေကို မတရားရိုက်နှက် နှိပ်စက်စရာ မလိုဘူး။ ကျောင်းဝင်းထဲမှာ ဖမ်းဆီး ခံထားရတဲ့ ကျောင်းသားတွေကို ရဲတွေက တန်းစီရိုက်နှက်တယ်။ ပြည်သူ့ရဲတပ်ဖွဲ့၊ ပြည်သူကို အကာအကွယ်ပေးမယ်ဆိုပြီး အခုလိုလုပ်တာကို မကျေနပ်ဘူး။ အမျိုးသားပညာရေး ဥပဒေကို ပြင်ပေးပါလို့ အစိုးရကို တောင်းဆိုချင်တယ်။ ပြည်သူ့ရဲတပ်ဖွဲ့ ကူညီပါရစေဆိုပြီး အကြမ်းဖက်လုပ်ရပ်ကို နောက်မလုပ်ပါနဲ့လို့ ပြောချင်တယ်” ဟု ယနေ့ လွတ်မြောက်လာသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကုန်ထုတ်ဓာတု မေဂျာကျောင်းသူ မရည်မိုမိုအောင်က ပြောသည်။
လွတ်မြောက်ကျောင်းသူ မခိုင်ဇင်သက်ကလည်း “နင်တို့ကြောင့် ထမင်း ၃ ရက် ငတ်တယ်လို့ ပြောပြောပြီး ရိုက်တာ။ ကျမတို့အဖွဲ့က ကျောင်းသား တယောက်ဆို ခေါင်းကွဲပြီး သွေးတွေကျနေအောင် ရိုက်ထားတာကို အဲဒီအပေါ်မှာ ရေထပ်လောင်းတယ်။ အဲဒီ ဖြစ်ရပ်ကို မျက်လုံးထဲက လုံးဝ မထွက်ဘူး၊ လုံးဝ မကျေနပ်ဘူး။ အခုအချိန်မှာတော့ ဒီလိုကိစ္စတွေအတွက် ဘာဆက်လုပ်ရမလဲဆိုတာ မသိသေးပေမယ့် အားလုံး ပြန်လွတ်လာရင်တော့ တိုင်ပင်ကြမှာပါ။ ရဲတွေက တော်တော်မိုက်ရိုင်းတယ်။ တပ်ရင်း ၁၀ နဲ့ ၁၁ တဲ့။ ကျမ သေအောင် မှတ်ထားတယ်” ဟု ပြောဆိုသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ဖမ်းဆီးမှုကြောင့် ကျောင်းသား ၁၀ ဦးထက်မနည်း ဆေးရုံတင်ထားရကြောင်း၊ မည်သည့် ဆေးရုံတွင် ဖြစ်သည်ကိုမူ သေချာမသိကြောင်း၊ ကျောင်းသူများမှာ အသေးစား ထိခိုက်မှုသာ ရကြောင်း၊ ထောင်ထဲတွင် ထိန်းသိမ်းထားစဉ် ကောင်းမွန်စွာထားကြောင်း လွတ်မြောက်လာသည့် ကျောင်းသားကျောင်းသူများ ထံမှ သိရသည်။
“သူတို့ဘက်ကကြည့်တော့ ကျနော်တို့ လွန်တယ်၊ ကျနော်တို့ဘက်က ကြည့်တော့ သူတို့လွန်တယ် ဆိုပေမယ့် ကျနော်ကတော့ သူတို့ ပိုလွန်တယ်လို့ မြင်တယ်။ ကျနော်တို့ဘက်က ငြိမ်းငြိမ်းချမ်းချမ်း ပြောဆိုတာကို သူတို့က ရိုက်နှက်တယ်လေ။ ရှေ့ဆက် ဘာလုပ်မယ်တော့ လောလောဆယ် မစဉ်းစားရေသေးဘူး” ဟု နည်းပညာ တက္ကသိုလ် ကျောင်းသား ကိုဆန်းလင်းထိုက်က ဆိုသည်။
ယနေ့ လွှတ်ပေးလိုက်သည့် ကျောင်းသားကျောင်းသူများကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နှင့် စုဝေးခွင့်ပုဒ်မ ၁၈ အရ ခံဝန်ချက် ကတိ၊ နောင်တွင် ယခုကဲ့သို့ ထပ်မံမလုပ်ပါ ဟူသော ကတိလက်မှတ်တို့ ရေးထိုးခိုင်းပြီး မိဘများလက်သို့ ပြန်လည် အပ်နှံလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“နောက် မလုပ်ပါဘူးဆိုတဲ့ ခံဝန်လက်မှတ် ထိုးခိုင်းတယ်။ ကျနော် ကျောင်းပြန်တက်ဖို့ လုပ်ချင်လည်းလုပ်မယ်၊ အခု ဖြစ်သွားတဲ့ကိစ္စတွေက ကျနော်တို့အတွက် မျှတမှု မရှိဘူးလို့မြင်တယ်” ဟု ပြန်လည် လွတ်မြောက်လာသည့် သထုံ စိုက်ပျိုးရေး တက္ကသိုလ် ဒုတိယ နှစ်ကျောင်းသား မောင်စိုးလွင်ကိုက ပြောသည်။
“မှားတာကို မှားတယ်လို့ပြောလို့ အဖမ်းခံရတာကို တော်တော်လေး ဝမ်းနည်းမိတယ်။ ကျနော် ဒီမိုကရေစီ ပညာရေး အတွက် ဆက်လက်တိုက်ပွဲ ဝင်သွားမှာပါ” ဟု ရတနာပုံတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကိုစစ်နိုင်အောင်ကလည်း ဆိုသည်။
ကျောင်းသား မိဘများ၏ ပြောကြားချက်အရ ယမန်နေ့ညနေပိုင်းက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများမှတဆင့် အကြောင်းကြားလာပြီး သာယာဝတီမြို့နယ်ရှိ သက်ဆိုင်ရာရုံးများနှင့် ဆက်သွယ်၍ မိမိတို့၏ သားသမီးများကို ပြန်လည် ခေါ်ယူရန် ဆက်သွယ်လာကြောင်း သိရသည်။
လွတ်မြောက် ကျောင်းသားမိဘတဦးက “ကျနော်တို့ သားသမီးကို လွှတ်ပေးသလို ဘေးက ဝန်းရံပေးခဲ့တဲ့ သူတွေကိုလည်း လွတ်စေချင်တယ်။ ကူညီပေးခဲ့တဲ့ ဒေသခံတွေကိုလည်း ကျေးဇူးတင်တယ်” ဟု ဧရာဝတီကို ပြောဆိုသွားခဲ့သည်။