မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍသည် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခြင်း၊ လုပ်ခလစာ နည်းပါးခြင်း အပါ အဝင် အလုပ်ရှင်၊ အလုပ်သမား ပြသနာများစွာဖြင့် ရပ်တည်ရှင်သန်လှုပ်ရှားနေရာမှ နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီ သည် ဟုဆိုသော ကျင့်ဝတ် (Code of Conduct) ကို ရေးဆွဲပြီး ကျင့်သုံးရန် စတင်ကြိုးပမ်းမှုများ ရှိလာနေသည်။ ကျင့် ဝတ် များ ကျင့်သုံးရန် ကြိုးပမ်းနေမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင် အသင်း၏ အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ကို ဧရာဝတီသတင်းထောက်မေစိုးစံက တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ အထည်ချုပ်လုပ်ငန်းနဲ့ ပတ်သတ်ပြီး လိုက်နာရမယ့်ကျင့်ဝတ် (Code of Conduct ) ထုတ်ခဲ့တယ်လို့ သိရ ပါတယ်။ ဘာကြောင့် ထုတ်တာလဲ၊ ဒီ ကျင့်ဝတ်ထဲမှာ ဘယ်လို အချက်တွေပါဝင်ပါသလဲ ။
ဖြေ။ ။ Code of Conduct က ကိုယ် လိုက်နာရမယ့်ကျင့်ဝတ် ပေါ့နော်၊ အထည်ချုပ်အသင်းက ဒါကို လုပ်ဖို့လည်း ကြံစည် နေတာ ကြာပါပြီ၊ ကိုယ်ဟာနဲ့ ကိုယ်က လုပ်မယ်ဆိုပြီး မလုပ်ဖြစ်ခဲ့ ကြတာပါ။ Smart Myanmar Project ကို ဥရောပ သမဂ္ဂ နဲ့ လုပ်တဲ့အတွက် Code of Conduct ကို တခုကို ထည့်ပြီးတော့လုပ်တာ။ ဘာကြောင့်လဲ ဆိုရင် သူတို့ရဲ့ International Standard ပေါ့နော်။ ဥရောပကလည်း ဒါကို တော်တော်လေးကို ကျင့်သုံးတာရှိတယ်၊ ဒီနှစ် ဒီ Project က နောက်ဆုံးဆိုတော့ အတူရေးဆွဲခဲ့ကြတာပါ။ ကိုယ်ဖြစ်ချင်တာကို ကိုယ်ရေးဆွဲတာပေါ့။ သူတို့ရဲ့ အထောက် အကူတော့ ရတာပေါ့ ။ သူတို့ရဲ့ နည်းပညာတွေ ရတာပေါ့။
ဒီဟာလုပ်ဖြစ်တာကလေ အမှန်တိုင်းပြောရရင်တော့ Sanction တွေ ဖြစ်ခဲ့တာကြောင့်ပေါ့။ Sanction ကြောင့် အထည် ချုပ် က ပြို တော့မလိုဖြစ်သွားတယ်။ အမေရိကကို လုံး၀ မပို့ရတဲ့အခါမှာ၂၀၀၃ နောက်ပိုင်းမှာ ကိုယ့်ရဲ့ အထည်ချုပ် လုပ်ငန်း ရပ်တည်နိုင်ဖို့ အတွက်ဆို ကျမတို့က Buyer တွေအကြိုက်ကို လိုက်ခဲ့ကြတာပေါ့။
Buyer တွေကလာရင် စက်ရုံ လာလေ့လာမယ်။ ကလေးအလုပ်သမား မရှိရဘူး အသက်ဘယ်လောက်လဲ။ လစာ ဘယ်လောက်ပေးလဲ။ အချိန်ပိုကရော ဘယ်လောက်ရှိလဲ။ လုပ်ငန်းခွင် ကျန်မာရေး လုံခြုံစိတ်ချမှု ဘယ်လောက်ရှိလဲ။ သူတို့ကိုယ်တိုင်ကို လာစစ်တယ်။ အလုပ်ရှင်ကိုလည်း မေးတယ်။ အလုပ်သမားကိုလည်း သီးသန့် အင်တာဗျုးတယ်။ ကျေနပ်မှ Pass လုပ်တာ။ အဲဒီအချိန်တုန်းက ကိုယ်တွေက အမှန်အတိုင်း ပြောရရင် ကိုယ်စက်ရုံ အပါအဝင် ကလေးတွေ ကို လည်း အလုပ်က မရပ်သွား စေချင်ဘူး။ အထည်ချုပ်လုပ်ငန်းကိုလည်း ရပ်တည်နေချင်တော့ အဲဒီအချိန်တုန်းက အလုပ် ဖြစ်ဖို့အတွက်ကိုပဲ လုပ်တာပေါ့။
အခုတော့ ကျမတို့က နည်းဗျုဟာ ပြောင်းလိုက်တယ်။ တချိန်တုန်းက ကျမတို့် ရပ်တည်နိုင်ဖို့ပဲ လုပ်ခဲ့ကြတယ်။ အခုတော့ ကျမတို့ လုပ်တာဟာ သူတို့အတွက် မဟုတ်တော့ဘူး။ ကိုယ်အတွက် ကိုယ့်အလုပ်သမား အတွက် ကောင်းတဲ့ ပတ်ဝန်း ကျင် ကို ဖန်တီးရမယ်။ အဲဒီ အတွက် ကျမတို့က Code လုပ်ရမယ်။ နောက်ဆက်တွဲ ရလဒ်မှာတော့ ကိုယ်ကောင်းရင် သူတို့ လာမှာပေါ့ ။ အခုက ကိုယ့်လုပ်ငန်း ကောင်းဖို့အတွက် ကိုယ့်အလုပ်သမား ကောင်းဖို့အတွက် Social Economy ကောင်းဖို့ အတွက် ဒါကို လုပ်မယ်ဆိုပြီး ပြောင်းကြတယ်။ ဒါကြောင့် ဒါကို ကျမတို့ လုပ်ချင်တာကိုပဲ ဆွဲတယ်။
ဒီ Code of Conduct က ဘာကို အခြေခံတာလဲဆိုရင် အရမ်းကို ယေဘုယျကျကျ သွားတာပါ။ ဘာကြောင့်ဆို ကျမတို့က အခုချိန်မှာ ပွင့်လင်းကာစဖြစ်တော့ ကျမတို့လည်း အပါအဝင်ပေါ့နော်၊ ရှေးလက်ကျန် စက်ရုံတွေက အပြောင်းအလဲ ကာလ ကို တခါတည်းမှာ ဝုန်း ဆိုပြောင်းဖို့ မလွယ်လောက်ဘူး၊ ငွေရေးကြေးရေး ရှိမယ်၊ ကိုယ်ရဲ့သက်ဆိုင်ရာ အတွေး အခေါ် တွေကို ပြောင်းဖို့ ခက်တယ်။
အသစ်ဝင်တဲ့ စက်ရုံကတော့ လွယ်တယ်။ CSR ( Corporate social responsibility )လုပ်ရမယ်။ UNGC ( United Nation Goble Compact )ကို အဖွဲ့ဝင်ဖြစ်စေချင်တယ် ပြောနေကြတာ ဆိုတော့။ နောက်တက်တဲ့ စက်ရုံတွေကလည်း တပိုင်း သွားနေကြတာပေါ၊့ ရှိပြီးတဲ့ စက်ရုံဟောင်းတွေကို ဆွဲခေါ်တဲ့ အခါမှာတော့ လုပ်ရမယ်လို့ ခေါ်ရင် စက်ရုံတွေရဲ့ အခြေအနေကို ကျမ သိတာပေါ့။ ကျမတို့ အသင်းက ကိုယ်တိုင် လိုက်သွားတဲ့အခါမှာ ကျမသိတယ်။ ကျမတို့ ဆွဲခေါ် မှရမှာ၊ ဒီ ကျင့်ဝတ်ကို ချပြရမယ်။ ဒီဟာကို အကောင်အထည်ဖော်ဖို့ အခုချိန်မှာ Voluntee သွားမယ်။ နည်းပညာ အထောက်အကူ ပေးတဲ့အဖွဲ့နဲ့ လုပ်သွားမယ်။
ဒီ ကျင့်ဝတ်က ဇန်နဝါလ လောက်မှာ ကျသွားတာ။ တချိန်မှာ ဒီကျင့်ဝတ် ၁၀ ခုလုံး လိုက်နာနိုင် လိမ့်မယ်။ အခုချိန်မှာ ၁ ခု ဖြစ်ဖြစ် ၊ ၂ ခုဖြစ်ဖြစ် အဖွဲ့ဝင် လို့ရတယ်။ ကျမတို့ Voluntee သွားတဲ့ အခါကျတော့ ဒါတွေ အားလုံးကို လေးစားမယ် လိုက်နာ နိုင်အောင်လည်း နည်းပညာ အထောက်အကူပေးတဲ့ Smart Myanmar Project နဲ့လည်း ကျမတို့ စကား ပြော နေပြီ။ OEC Principles ( Organization for Economic Co-operation and Development) ဆိုတာဘာလဲ၊ စီးပွားရေး၊ လူ့အခွင့်အရေး ဆိုတာဘာလဲ။ ILOတို့၊ UNGC တို့ဆိုတာ တော်တော်များများ သိနေပြီ။ ကျန်တဲ့ဟာတွေကိုလည်း အဲဒီ အဖွဲ့ နဲ့ပေါင်းပြီး လုပ်ပေးသွားမှာ။ လိုက်နာနိုင်မှုက တဖြည်းဖြည်း တက်ရမယ်။
မေး။ ။ လက်ရှိမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ စက်ရုံပေါင်း ဘယ်လောက်လောက် ရှိပါသလဲ။ ရှိတဲ့အထဲကမှ စက်ရုံ ရာခိုင်နှုန်း ဘယ်လောက်က ဒီကျင့်ဝတ်ကို လက်ခံကျင့်သုံးဖို့ အခက်အခဲ ရှိနေလဲ။
ဖြေ။ ။ ရာခိုင်နှုန်းကတော့ ကျမတို့ မပြောနိုင်ပါဘူး။ အခက်အခဲကျတော့ အရင် လက်ကျန် ကျန်ခဲ့တဲ့ အဖွဲ့တွေက အနည်း အကျဉ်း အခက်အခဲ ရှိမှာပေါ၊့ နောက်တက်လာတဲ့ စက်ရုံတွေကျတော့ ဒါလေးက တော်တော်လေး သိပြီးတော့ လာကြတော့ အရင်တုန်းက သိလို့လုပ်ခဲ့ကြတယ်၊ အခက်အခဲ ကြားထဲက စက်ရုံတွေကို ရှင်သန်အောင် လုပ်တဲ့အခါ ကျတော့ ဒီဟာတွေ အကုန်ပြည့်စုံဖို့အတွက် အချိန်လည်း ပေးရမယ်၊ ဝိုင်းလည်း လုပ်ဖို့လိုတယ်၊ တဆင့်ချင်း လက်တွဲ ပြီးတော့ လုပ်သွားမှ ရမှာ။ စက်ရုံ ုအဆောက်အဦကအစ နေရာကအစ ပိုလွယ်အောင် ဘယ်နည်းနဲ့ လုပ်ပေးကြမလဲ ဆိုတာက လုပ်နေတယ် ကူညီနေတာလည်း ရှိတယ်။ ဒါထက်ကို ပိုထိရောက်အောင် ကျမတို့ လုပ်မှာ။ ဒါကြောင့် ဒါကို ထုတ်တာ ထုတ်ပြီးတော့ လုပ်ရတော့မှာလေ။ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ အသင်းဝင်ပေါင်း ၃၇၀ ကျော်ရှိတယ်။ အလုပ် အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှုက ၂ သိန်းနီးပါးရှိပါတယ်။
မေး။ ။ အခုထုတ်လိုက်တဲ့ ကျင့်ဝတ်ရဲ့ ရည်ရွယ်ချက်က ကောင်းပါတယ်၊ ဒါပေမယ့် လက်ရှိမှာ ကလေး လက်ပေးသင်သလိုတဖြည်းဖြည်း တက်ရမယ်ဆိုတော့ ဘယ်လို လုပ်ဆောင်သွားမှာလဲ။
ဖြေ။ ။ အဲဒါကျတော့ လုပ်ငန်း တခုနဲ့တခု၊ အဖွဲ့အစည်း တခုနဲ့တခုက မတူဘူးလို့ ထင်တယ်၊ သူ့အားသာချက်နဲ့ သူရှိ မယ်။ ပထမဆုံးတော့ အသိပညာပေးတာတွေ လုပ်ရမယ်။ ပြီးမှ အုပ်စု ပြန်ခွဲရမှာပေါ့နော်။ အခု ရေးဆွဲချပြထားတဲ့ အချက် တွေ ထဲမှာ တယောက်နဲ့ တယောက်မတူဘူး။ အကုန်လုံးက ပြည့်စုံတာ မဟုတ်ဘူးလေ။ ပြီးရင် သူတို့နဲ့ အတူ အလုပ် လုပ်ရ မယ်၊ စက်ရုံကြီး စက်ရုံသေး ခွဲရမယ်၊ အဖြေတခု ကျမတို့ ပေးလို့ မရဘူး၊ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ရ မယ်။ ဘယ်သူက ဘယ်အပိုင်းမှာ အရင် လုပ်ချင်တာလဲဆိုတာ ကျမတို့ မေးရမယ်။ အကုန်လုံး တန်းတူ အရေး ကြီး တယ် ဆိုပေမယ့် အလုပ်ရုံတွေရဲ့ လိုက်နိုင်အားက မတူဘူး၊ သူတို့ လုပ်ချင်တဲ့အားကို မြန်မြန်လုပ်ပေးရင် မြန် မြန်တက်သွား မယ်။
မေး။ ။ လက်ရှိ လည်ပတ်နေတဲ့ စက်ရုံတွေက ပြည်တွင်းပိုင်၊ ဖက်စပ်ပိုင်၊ ပြည်ပပိုင် ဘယ်လောက် ရှိပါသလဲ။
ဖြေ။ ။ မြန်မာပိုင် ကုမ္ပဏီပေါင်း ၁၁၇ ခု၊ နိုင်ငံခြားသား ရာနှုန်းပြည့်ပိုင်ကုမ္ပဏီက ၁၁၅ ခု၊ ဖက်စပ် ကုမ္ပဏီက ၁၇ ခု ရှိပါတယ်။
မေး။ ။ လက်ရှိ မြန်မာနိုင်ငံ အခြေအနေက အလုပ်သမား ပြဿနာ ဖြစ်ပေါ်နေတဲ့ အတွက် အခု ထုတ်လိုက် တဲ့ လိုက်နာရမယ့် ကျင့်ဝတ်တွေက ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိနိုင်ပါသလဲ။
ဖြေ။ ။ ဒါကတော့လေ လိုက်နာနိုင်ရင် နိုင်သလောက်ကို ကောင်းတယ်။ တခုပေါ့နော် လိုက်နာနိုင်လားဆိုတာ ကိုယ့်လူရဲ့ အခြေအနေကို ကြည့်ရမှာ၊ စိတ်က လိုက်နိုင်တယ် ရုပ်ပိုင်းဆိုင်ရာမှာ ငွေကြေးတချို့ သုံးရတာ ပါလာမယ်။ တချို့တွေက ကိုယ်ရဲ့ စီးပွားရေး စွန့်စားမှုကို အရမ်း အားနည်းတဲ့သူကြရင်တော့ တပိုင်း ဖြစ်သွားမှာပေါ့။ စိတ်ပိုင်းဆိုင်ရာ မှာတော့ အကုန် လိုက်လိမ့်မယ်။ ရုပ်ပိုင်းဆိုင်ရာ လိုက်နာ နိုင်မလားဆိုတဲ့ အဲဒါကိုပဲ တဖြည်းဖြည်း ဆွဲခေါ်သွားရမှာ။
မေး။ ။ အခုဆို အထိန်းအကွပ် တခုကလည်း ရှိလာပြီဆိုတော့ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ ပြဿနာတွေကို ဘယ်လိုမျိုး ဖြေရှင်းနိုင်မလဲ။
ဖြေ။ ။ အမှန်တိုင်း ပြောရရင် ပဋိပက္ခဆိုတာ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ မရှိဘူး။ တင်းမာမှုပဲ ရှိတာပါ။ အသင်းအပင်း ဖွဲ့စည်းတာကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ကို အားပေးမယ်။ ပေါင်းစုပြီးတော့ ဆွေးနွေးတာကို အားပေး မယ်။ Collective ဆိုတာက ကျမတို့ ပြန်ထားတာက စုပေါင်း အရေးဆိုတာလို့ ပြန်ထားတာလေ။ စုပေါင်းတယ် ဆိုတာက အရေအတွက်ကို ညွှန်းတာ၊ Collective က အရေအတွက် မဟုတ်ဘူး၊ Collective က အများက ရွေးထားတဲ့ တာဝန်ခံ တယောက်ကိုပဲ ပြောတာ၊ ဒါကြောင့် စကားပြောတဲ့ အခါကျရင် အားလုံးရဲ့ ကိုယ်စားကို တယောက်ကပဲ စကားပြောတယ်။ မြန်မာအဓိပ္ပာယ်မှာ အဲဒီလို မပါဘူး။နောက် Burgeoning ရဲ့ အဓိပ္ပာယ်က ဈေးဆစ်တာပါ၊ အရေးဆိုတာဆိုရင် အဓိပ္ပာယ်က တဖက်သက်ပဲ ဖြစ်သွားတာ။ ဒီဘက်က ပြန်ပြောလို့ မရဘူးလေ။ ဒါကို နှစ်ဖက်လုံး သိဖို့ အရေးကြီးတာပေါ့။
မေး။ ။ ဒီလို ကျင့်ဝတ်တွေနဲ့ လုပ်ဆောင်သွားမယ်ဆိုတော့ ဘယ်လို ဈေးကွက်အထိ ဝင်ရောက်ဖို့များ မျှော်မှန်း ထား သလဲ။
ဖြေ။ ။ အဓိကကတော့ ဂျပန်ဈေးကွက်က နံပါတ် ၁ ပါ။ ကိုရီးယားဈေးကွက်က နံပါတ် ၂ ပါ၊ အခု ဥရောပသမဂ္ဂက ဒီနှစ်မှာ တော်တော်လေး တက်လာပါပြီ။ ပြီးတော့ အမေရိကလည်း အဝယ်လိုက်လာပါပြီ။ ဝင်ငွေမှာ ၂၀၁၃ မှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ သန်း ရတယ်၊ ဒီနှစ်မှာတော့ တက်တယ်လို့ပဲ ကျမသိတယ်။ အမှန်တိုင်းပြောရင် ဈေးကွက်ကို အကန့်အသတ်နဲ့ မထားချင်ပါဘူး။ တကမ္ဘာလုံးကို ဖြန့်ချင်ပါတယ်။ အဲဒီ အတွက် ၁၀ နှစ် နည်းဗျုဟာ ဆွဲထားပါတယ်။ အခု စက်ရုံက ၃၀၀ ကျော်ပေါ့နော်။ အလုပ်သမား ၂ သိန်းပေါ့နော်။ နောက် ၁၀နှစ်မှာ အလုပ်သမား ၁ သန်းနဲ့ အထည်ချုပ် ပိ့ုကုန်က ၂၀၁၃မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းနဲ့ နောက် ၁၀နှစ်မှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ မှန်းပါတယ် ၁၀ ဆ။ အလုပ်မသားက ၅ ဆ တိုးမယ်။ ဝင်ငွေက ၁၀ ဆ တိုးမှာပေါ့။ အဲဒီလို ရည်မှန်းချက် ရှိတယ်။
မေး။ ။ မြန်မာအထည်ချုပ်လုပ်ငန်းတွေက အော်ဒါချုပ်ထည်တွေကို လက်ခစားစနစ်နဲ့ပဲ လုပ်ကိုင်နေတာ အဆင့်မြှင့် တင် ဖို့ရှိပါသလား။
ဖြေ။ ။ တဆင့်တက်ဖို့ ကျမတို့ ကြိုးစားနေပါတယ်။ စီးပွားကူးသန်းနဲ့ပေါင်းပြီးတော့ အမျိုးသား ပို့ကုန်မဟာဗျုဟာ လုပ်နေပါတယ်။
မေး။ ။ အခု အခွန်ကင်းလွတ်ခွင့်တွေလည်း ရသွားပြီ ဆိုတော့ အထည်ချုပ်လုပ်ငန်းက ဈေးကွက်ပိုကြီးလာမယ် လုပ်သား တွေ ပိုခန့်လာနိုင်မယ်လို့ ပြောထားတာရှိတယ်နော် ဒါပေမယ့် လက်ရှိအနေအထားအရ ဘယ်လို စိန်ခေါ်မှုတွေ ရှိနေပါလဲ။
ဖြေ။ ။ အခု လမ်းကြောင်းက တည့်ပါတယ်၊ ဒါပေမယ့် ကြိုကြား ကြိုကြား မှာတော့ အရင်အရင် ကျန်ခဲ့တဲ့ မူဝါဒ လေးများရယ် ဥပဒေ အချို့ပေါ့နော် ဆိုင်ရာဆိုင်ရာ ဝန်ကြီးဌာနတွေမှာ ရှိနေသေးတယ်။ ပြောင်းလည်းပြောင်းနေတယ်လို့ ကြားပါတယ်။ ဥပဒေ အကြမ်းထွက်နေတာတော့ ကြားပါတယ်။ ဒါတွေအားလုံး နေရာတကျ ဖြစ်လာရင်တော့ အဆင်ပြေ သွားမှာပေါ့။ အလုပ်လုပ်တာ ဝန်ကြီးဌာန တခုတည်းနဲ့တော့ မဟုတ်ဘူးလေ၊ မြန်မာနိုင်ငံမှာ ဝန်ကြီးဌာန ၃၀ ကျော်မှာ ၂၈ ခုက လုပ်ငန်းနဲ့ ပတ်သတ်နေတာ ကျမတို့လည်း ပို့ကုန်သွင်းကုန်နဲ့ ပတ်သတ်တဲ့ ဝန်ကြီးဌာနများ အဲဒါတွေကလည်း သူရဲ့ အတွင်းစည်းမှာ ရှိနေတဲ့ အရင်က မူဝါဒ တွေကိုလည်း ကျမတို့ သိသလောက် ကတော့ လျှော့ချပေးနေတာမျိုး ရှိပါတယ်။ ဥပမာ အကောက်ခွန်ဆိုရင်လည်း ပင်လယ်ရေကြောင်း ဥပဒေရယ် လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ဝန်ကြီးဌာနတွေ အားလုံးက သူတို့ ဥပဒေကြောင်းအရ မူဝါဒအရ ချိပ်ဆက်မှု ရှိသွားရင် အားလုံး အဆင်ပြေသွားပြီ။ အခုက အကူးအပြောင်းကာလမှာ ဖြစ်နေတော့ ချိတ်ဆက်ဖို့ အားနည်းနေတာပေါ့။နောက် လုပ်ငန်းရှင်ဘက်ကရော အလုပ်သမားဘက်ကလည်း ဥပဒေပိုင်း တွေ နားလည်မှု တော်တော်လိုသေးပါတယ်။ အစိုးရဘက်မှာတောင်မှ အောက်ခြေဝန်ထမ်းတွေ မသိပါဘူး။ အဲဒါမျိုးတွေ တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ပေးရဦးမှာပါ။
မေး။ ။ ၂၀၀၃မှာ စီပွားရေး ပိတ်ဆို့မှုတွေ ရှိခဲ့တဲ့အတွက် အထည်ချုပ် လုပ်ငန်းတွေ တော်တော်ထိခိုက်ခဲ့ ရပြီး လုပ်သား တွေ မရှိခဲ့တော့ အခုပြန်လည် လုပ်ကိုင်တဲ့အခါမှာလည်း ကျွမ်းကျင်လုပ်သားတွေ ရရှိနိုင်မှုက အခက်အခဲ ရှိနေတယ် လုပ်ငန်းရှင်တွေက ပြောနေပါတယ်။ အဲဒါနဲ့ပတ်သက်လို့….။
ဖြေ။ ။ ဟုတ်တယ်။ အမှန်တိုင်းပြောရရင် ကျမတို့ ကျွမ်းကျင် လုပ်သားတွေဟာ အရွေ့ အပြောင်းတွေများနေတဲ့ ကိစ္စပါ။ အတွင်းစည်းမှာလည်း ရွှေ့ကြတယ်။ အပြင်ကိုလည်း ထွက်နေကြတာပေါ့ ဘယ်လောက်အထိ လိုအပ်နေလဲ ဆိုတော့ လိုနေတယ်လို့ပဲ ကျမတို့က ပြောလို့ရမှာပေါ့။ အနည်းဆုံး ကျမ သိသလောက် အလုပ်ရုံ တရုံမှာဆိုရင် ကျွမ်းကျင် တဲ့ အလုပ်သမားတွေက ၂၅ ယောက်နဲ့ ၅၀ယောက် လောက်ပဲကျန်မယ်ထင်တယ်။ ၇၅ လောက် ကျန်တဲ့ရုံဆိုရင် ဒါတော်တော် ကောင်းပြီ ။ လစဉ် အလုပ်သမားတွေရဲ့ ပြောင်းရွှေ့တဲ့နှုန်းက ၅ ရာခိုင်နှုန်းကနေပြီး ၂၅ ရာခိုင်နှုန်း အထိ ရှိနေ တယ်လို့ ကြားနေရတယ်။ မတူဘူးပေါ့ တရုံနဲ့ တရုံကတော့။ ဒီလို အရွှေ့ ပြောင်းများတာကတော့ မကျွမ်းကျင်တဲ့သူနဲ့ အလယ်အလတ်သမားတွေက ရွှေ့တာ။ တော်တဲ့သူက ငြိမ်သွားကြတာပဲ။
မေး။ ။ ဒီ စက်ရုံလုပ်ငန်းက အသေးစားနဲ့ အလတ်စားလုပ်ငန်းနှင့် ဆက်စပ်နေတော့ အခြေခံ လုပ်ခလစာ ဘယ်လို သတ်မှတ်ပေး နိုင်ဖို့ လုပ်ဆောင်နေပါသလဲ။
ဖြေ။ ။ အခြေခံ အနိမ့်ဆုံး လစာ အခု ဆွေးနွေး နေတုန်းပါ။ ကြားနေတာတော့ရှိမယ်။ ဒါက သတ်မှတ်လို့ မရပါဘူး ဒါက သုံးပွင့်ဆိုင်မှ ရမှာပါ။ ဒါနဲ့ ပတ်သက်ပြီး ကျမတို့ ကော်မတီမှာ ဆွေးနွေးနေပါတယ်။ စာရင်းကောက်နေတုန်းပဲ ရှိပါသေး တယ်။ တပြည်လုံးမှာ လူနေမှု စာရိတ်ကို စာရင်းကောက်နေပါတယ်။ ၂ လအကြာမှာ ဝန်ကြီးဌာနကို စာရင်း အပြီး ပေးမယ် လို့ မှန်းပါတယ်။
မေး။ ။ စက်ရုံတွေနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်သက်ရောက်မှုစစ်တမ်း (EIA-Environmental Impact Acessment) လုပ်ဆောင်ထားတာမျိုး ရှိပါသလား။
ဖြေ။ ။ အမှန်အတိုင်းပြောရရင် အထည်ချုပ်စက်ရုံမှန်ရင် ပတ်ဝန်းကျင်ထိခိုက်မှု အရမ်းနည်းပါတယ်။ သူက ပတ်ဝန်းကျင်ရဲ့ မိတ်ဆွေ မဟုတ်ပေမယ့် ပတ်ဝန်းကျင်ရဲ့ ရန်သူမဟုတ်ပါဘူး။ EIA က အထည်ချုပ် စစ်စစ်ဆိုရင် မရှိပါဘူး။ ဒါပေမယ့် သူကတခြား လျှော်ဖွတ်မှုတွေပါမယ်။ ဆေးရိုက်တာတွေ ပါလာမယ်ဆိုရင်တော့ EIA နဲ့ သွားရပါတယ်။
မေး။ ။ စီးပွားရေးဆိုင်ရာမှာ ကျင့်ဝတ်ကောင်း တွေဖြစ်လာစေဖို့ ဘာများ သုံးသပ်ပြောချင်ပါသလဲ။
ဖြေ။ ။ ဒီ ဂုဏ်လေး ကိုယ်မှာ ရှိနေရင် သူများကို ကိုယ်ကလာပါလို့ ခေါ်နေစရာမလိုတော့ဘူး၊ ဒီဂုဏ်ရှိတဲ့သူတွေကိုပဲ လိုက်ရှာနေကြတာ၊ သူတို့လာမှာပါ။