ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) နဲ့ အစိုးရ တပ်မတော်တို့ အကြား နှစ်ဖက် စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်တယ်လို့ DKBA ဘက်က ပြော ဆိုပါတယ်။
DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင် က“ဒီမနက် အစိုးရတပ်တွေက စစ်ကြောင်းခွဲပြီး ကျနော်တို့နောက်က လိုက်နေ တယ်။ အခု ကျနော်တို့က ကတုတ်ကျင်းတွေတူးပြီး အဆင်သင့်စောင့်နေတယ်”လို့ ဧရာဝတီကို ပြောပါတယ်။
DKBA တပ်ဖွဲ့တွေနောက်ကို လိုက်နေတဲ့ တပ်ရင်းတွေဟာ မနေ့က နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ တပ်တွေ ဖြစ်ပြီး ကော့ကရိတ် မြို့နယ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁၂ လက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ) ၅၄၉ နဲ့ ၂၃၁ တပ်ရင်းတွေ ဖြစ် တယ်လို့ DKBA ဘက်ကပြောပါတယ်။
မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ ကော့ကရိတ်မြို့တောင်ဘက် ၂ မိုင်ခန့်ကွာဝေးပြီး အစိုးရတပ်တွေက DKBA နဲ့ပြန်လည် ပေါင်းစည်း လိုက်တဲ့ ဗိုလ်မှူးကြီး စောဆန်းအောင်နဲ့ အဖွဲ့ကို ပိတ်ဆို့ဖမ်းဆီးဖို့ ကြိုးစားရာကနေ ကလို့ထူးဝါး ဗျူဟာ လက်အောက်ခံ တပ်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
နှစ်ဖက်ပစ်ခတ်မှုအတွင်း သေဆုံးသူ မရှိပေမယ့် အစိုးရတပ်ဘက်က တပ်သား ၃ ဦးဒဏ်ရာရရှိသွားတယ်လို့ DKBA ဘက်က ပြော ပါတယ်။ နှစ်ဖက်ပစ်ခတ်သံတွေဟာ ကော့ကရိတ်-မြဝတီ ကားလမ်းပေါ်က ကြားနေရတာကြောင့် ခရီးသည်တင်ကားတွေနဲ့ ကုန် တင် ယာဉ်တချို့ နောက်ကြောင်း ပြန်လှည်ခဲ့ကြရတယ်လို့ မြဝတီမြို့ခံ တဦးက ပြောပြပါတယ်။
“ပစ်ခတ်သံတွေက ကော့ကရိတ်မြို့ပေါ်ကနေ ဒီအတိုင်းကြားနေရတော့ မြို့ခံတွေကလည်း စိုးရိမ်မှုဖြစ်တာပေါ့။ မနေ့ကဆို မြဝတီ က ဆင်းလာမယ့်ကားတချို့ ပြန်တက်သွားတယ်။ ဒီဘက်ကတက်မယ့် ကားတချို့လည်း ပြန်ဆင်းလာတယ်။ ဒီမနက်လည်း အခြေ အနေက မငြိမ်သေးလို့ တချို့ကားတွေ မတက်ရဲကြဘူးဖြစ်နေတယ်”လို့ ဧရာဝတီကို ပြောပါတယ်။
DKBA နဲ့ အစိုးရအကြား တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေမှုအပေါ် DKBA ရဲ့ နိုင်ငံရေး အဖွဲ့ဖြစ်တဲ့ ကလို့ထူးဘော ကရင်အစည်း အရုံး (KKO) အတွင်းရေးမှူး ဗိုလ်မှူး စောလုံ့လုံ က“သေနတ်က ပေါက်ပြီးရင် ပြန်ပိတ်ဖို့က ခက်တယ်။ ကျနော့် အမြင်မှာတော့ အချိန်မီ ကောင်းကောင်း မဖြေရှင်းဘူးဆိုရင်တော့ နောက်ဆက်တွဲပြဿနာတွေက မကောင်းဘူးဗျ။ ကျနော်တို့လည်း သေနတ် မပေါက်ခင် ကြိုတင်ညှိတာပဲ၊ မရဘူးဗျ”လို့ ဧရာဝတီကို ပြောပါတယ်။
ဗိုလ်မှူးကြီး စောဆန်းအောင် နဲ့ သူ့ရဲ့လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာ အစိုးရ စစ်တပ်နဲ့ မွန်ပြည် နယ် ကျိုက်မရော မြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့မှုနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့ ပျက်ကွက်မှုနဲ့ DKBA ကထုတ်ပယ်ခဲ့ သလို အစိုးရဘက်ကလည်း ဝရမ်းထုတ်ပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါ သေးတယ်။
ကရင်ပြည်နယ်အတွင်း အစိုးရ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားမှာစိုးရိမ်တဲ့ အတွက် ဗိုလ်မှူးကြီး စောဆန်းအောင်နဲ့ အဖွဲ့ကို DKBA က ပြန်လည်လက်ခံလိုက်ကြောင်း DKBA ကလို့ထူးဝါး ကွပ်ကဲရေးမှ ဗိုလ်မှူးချုပ် စောကျော်သက်က ကြေညာချက်ထုတ်ပြန်ခဲ့ ပါတယ်။
“ကလို့ထူးဝါး အဖွဲ့ကနေပြီးတော့ မဖြစ်သင့်တာ မဖြစ်ရလေအောင်ဆိုပြီး သူ့ကို တပ်ထဲပြန်ဆွဲသွင်းလိုက်တယ်။ သူ့ကို ဝရမ်းထုတ်ပြီး လိုက်ဖမ်းရင် သူက တန်ပြန်ခုခံမှာပဲ။ သူ့အနေနဲ့သူ ဆက်သွားနေမယ်ဆိုရင် ပြဿနာက ဆက်ရှိလာမှာပဲ။ ဆက်ရှိလာရင် ကျနော်တို့ ငြိမ်းချမ်းရေး လက်မှတ်ထိုးတောင်မှ ကရင် ပြည်နယ်မှာ ငြိမ်းချမ်းမှာမဟုတ်ဘူး”လို့ ဗိုလ်မှူး စောလုံ့လုံ က ပြောပါတယ်။
DKBA အဖွဲ့ဟာ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ “ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက်” ကို ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင် စီ၊ ရှမ်းပြည် တပ်မတော်တောင်ပိုင်း(RCSS/SSA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA -PC) တို့နဲ့ အတူ ကတိကဝတ် စာချုပ် ကို လက်မှတ်ထိုးခဲ့ကြပါတယ်။
ဗိုလ်မှူးကြီး စောဆန်းအောင်ကို DKBA နဲ့ပြန်လည်ပေါင်းစည်းရေးအတွက် ဝန်ကြီး ဦးအောင်မင်း နဲ့ ဆွေးနွေးရာမှာ ပြည်ထောင် စုနေ့မှာ လက်မှတ်ထိုးပြီးရင် မတရားအသင်း ပယ်ပျက်ပြီး ပြန်လည်ပေါင်းစည်းနိုင်ကြောင်း ပြောဆိုခဲ့တယ်လို့ ဗိုလ်မှူး စောလုံ့လုံ က ပြောဆိုပါတယ်။
“အဲဒါကြောင့် ကျနော်မေးတယ်။ MPC ကို ကျနော်တို့က လက်မှတ်ထိုးထားပြီး ဦးအောင်မင်းက ဒီလိုပြောထားတယ်။ ဘာလို့ သူ့ကို လိုက်ဝိုင်းဖမ်းနေတာလဲ ဆိုတာကို။ သူ့ကို လိုက်ဝိုင်းတော့ သူက ပြန်လုပ်တယ်ဗျ။ ဆိုတော့ဗျာ ကျနော်တို့ ငြိမ်းချမ်းရေး တည် ဆောက်မှုက သဲထဲရေသွန်သလို ဖြစ်တာပေါ့ဗျာ။ MPC ကလည်း ဘာမှ မရှင်းနိုင်ပါဘူး။ သူတို့လည်း ဘာမှ Mandate(အခွင့် အာ ဏာ) မရှိဘူးလား မသိဘူးဗျ”လို့ ဗိုလ်မှူး စောလုံ့လုံက ပြောပါတယ်။
အစိုးရ စစ်တပ်အနေနဲ့ တပ်အင်အားတွေ ဖြန့်ကျက်ပြီး စစ်ရေးအရ ဖိအားပေးလာမယ်ဆိုရင် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင် သလို တခြား တိုင်းရင်းသား အဖွဲ့တွေဆီကိုလည်း ကူးစက်ပျံ့နှံ့သွားစေနိုင်တယ်လို့ ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောပါတယ်။
“စကားကုန်ပြောရရင် ကျနော်တဖွဲ့တည်းဆိုလို့ရှိရင် အစိုးရကို တိုက်ဖို့ ကျနော်စဉ်းစားမယ်။ အခုဟာက ကျနော်တို့နဲ့ အတူ အဖိနှိပ် ခံ တိုင်းရင်းသားတွေ တသွေးတည်း တသားည်း ရှိနေတဲ့ အတွက်ကြောင့် ကျနော်တို့ တွန်းလှန် ကာကွယ်နေတာဗျ။ စစ်မှန်တဲ့ ငြိမ်း ချမ်းရေး အလုပ်ကို လုပ်မယ်ဆိုရင်တော့ တိုက်ပွဲက ဆိုးစရာအကြောင်းမရှိဘူး”လို့လည်း သူက ပြောဆိုပါတယ်။
DKBA အဖွဲ့ဟာ အစိုးရနဲ့ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်သလို တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ ဆွေးနွေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။