လက်ပံတန်း အကြမ်းဖက် ဖြိုခွင်းမှုအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျောင်းသား၊ ကျောင်းသူများ အပါအဝင် တက်ကြွလှုပ်ရှားသူများ၊ သတင်းမီဒီယာသမားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် နာရေးကူညီမှုအသင်း (ရန်ကုန်) ၌ ယနေ့ ကျင်းပသည့် အကြမ်းဖက် နှိမ်နင်းရေး ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာသူများက တောင်းဆိုကြသည်။
“အကြမ်းဖက်မှုနဲ့ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေ၊ ဝန်းရံထားတဲ့သူတွေ အပါအဝင် ၁၂၇ ယောက်လုံးကို ခြွင်းချက်မရှိ လွှတ်ပေးပါလို့ တောင်းဆိုပါတယ်။ သတင်း မီဒီယာသမားတွေကိုလည်း အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ တောင်းဆိုချက်တွေကို ထုတ်ပြန်ချက် တစောင်ထုတ်ပြီး ဒီမှာတက်ရောက်လာတဲ့သူတွေ လက်မှတ်ထိုးရုံတင်မက အပြင်ဘက်မှာ ရှိတဲ့ ကျမတို့နဲ့ စိတ်တူ၊ သဘောတူ ရှိသူများကလည်း လက်မှတ်ထိုးပြီး တောင်းဆိုစေချင်ပါတယ်” ဟု စာရေးဆရာမ စန်းစန်းနွဲ့ (သာယာဝတီ) က ထိုပွဲတွင် ပြောဆိုသည်။
ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် လက်ပံတန်းမြို့၌ ဆန္ဒဖော်ထုတ်နေကြသည့် ကျောင်းသားများနှင့် ဝန်းရံကြသူများကို အကြမ်းဖက် နှိမ်နင်းခဲ့သည့် အပေါ် ကန့်ကွက်ရှုတ်ချခြင်း အခမ်းအနားကို နာရေးကူညီမှုအသင်း (ရန်ကုန်) ၌ မတ်လ ၁၂ ရက်နေ့ ယနေ့တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
ထိုနှိမ်နင်း ဖြိုခွင်းမှုအတွင်း ကျောင်းသားများအား ကျန်းမာရေး စောင့်ရှောက်ပေးနေသည့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လူနာတင်ယာဉ်ကို အကြမ်းဖက် ရိုက်နှက်ခဲ့သည့်အပေါ် ကန့်ကွက်ရှုတ်ချပါကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။
“ကျနော်တို့ နာရေးကူညီမှုအသင်း ( ရန်ကုန်) က ကျောင်းသားတွေရဲ့ ကျန်းမာရေးကို ကူညီစောင့်ရှောက်ပေးနေတဲ့ သက်မဲ့ ယာဉ်ကိုတောင် မညှာမတာနဲ့ လုပ်ခဲ့တဲ့ ကိစ္စရပ်တွေပါ။ ပြည်သူလူထုက တင်မြှောက်တဲ့ အစိုးရ ဆိုရင် ပြည်သူလူထုကို ဒီလို အကြမ်းဖက်ဖို့ မလိုပါဘူး။ နောက်တခါ ပြည်သူလူထု တင်မြှောက်တဲ့ အစိုးရလို့ မပြောပါနဲ့လို့ ပြောလိုပါတယ်” ဟု ဦးကျော်သူက ဆိုသည်။
ယနေ့တွင် ကျင်းပသည့် အကြမ်းဖက်မှု ကန့်ကွက်ရှုတ်ချပွဲ အခမ်းအနားကို နိုင်ငံရေး အဖွဲ့အစည်းများ၊ အရပ်ဖက် လူမှု အဖွဲ့အစည်းများ၊ ပရဟိတ လူမှုရေး အဖွဲ့အစည်းများ၊ အနုပညာရှင်များ၊ စာရေးဆရာ၊ ကဗျာ ဆရာများစွာ အပါအဝင် ပြည်သူ စုစုပေါင်း ငါးရာကျော်ခန့် တတ်ရောက်လာသည်ကို တွေ့ရသည်။
အဆိုပါ အခမ်းအနားတွင် အကြမ်းဖက်မှုကို ကန့်ကွက်ရှုတ်ချသည့် အထိမ်းအမှတ်အဖြစ် အနက်ရောင် အဝတ်စများကို ရင်ထိုးအဖြစ် ဖန်တီးဝတ်ဆင်ထားကြပြီး “ကျောင်းသားများ နိုင်တယ်” ဆိုသည့် အမဲရောင်အောက်ခံတွင် အနီရောင် စာတမ်း ရေးထိုးထားသည်ကို တွေ့ရသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ( အဖွဲ့ချုပ်) က ယနေ့ရက်စွဲဖြင့် လက်ပံတန်းတွင် အကြမ်းဖက် ဖမ်းဆီး ခံခဲ့ရသည့် ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားကျောင်းသူများနှင့် ပတ်သက်ပြီး အချက်လေးချက် တောင်းဆိုထားသည့် ကြေညာချက် တစောင်ကို ထုတ်ပြန်လိုက်သည်။
ထိုကြေညာချက်တွင် အစိုးရက အကြမ်းဖက် ဖြိုခွဲဖမ်းဆီးသည့် ကိစ္စရပ်ကြောင့် နောက်ဆက်တွဲ မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဖြစ်ပေါ်လာသည့် အကျိုးဆက်များသည် သပိတ်မှောက် ကျောင်းသားများ၏ တာဝန် မဟုတ်ဘဲ အကြမ်းဖက်မှုများကို ဖန်တီးသူ အစိုးရ၏ တာဝန်သာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေး ရေးသားထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အစိုးရ၏ ဖမ်းဆီးခြင်းခံထားရသော ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်းရံသူများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ အကြမ်းဖက်မှုအတွက် တာဝန်ရှိသူများကို ထိရောက်စွာ ဖော်ထုတ်အရေးယူပေးရန်၊ သဘောတူညီပြီးဖြစ်သည့် လေးပွင့်ဆိုင် ဆွေးနွေးပွဲမှ ကတိကဝတ် များကို ထပ်မံချိုးဖောက်ခြင်း မပြုရန်နှင့် ကျောင်းသားများ မူလ တောင်းဆိုထားသော အချက် ၁၁ ချက်နှင့် ညီညွတ်သော အမျိုးသား ပညာရေး ဥပဒေသစ် တစုံကို အမြန်ဆုံး အတည်ပြု ပြဌာန်းပေးရန် စသည့် လေးချက်ကို ထပ်မံတောင်းဆိုထားသည်။
အလားတူ ထိုအခမ်းအနားသို့ ပေးပို့လာသော ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ၏ သဝဏ်လွှာတွင်လည်း “ဘုန်းကြီးလူထွက်ဟာ ဘုန်းကြီးအမူအကျင့် မပျောက်သလို အာဏာရှင် လူထွက်ဟာလည်း အာဏာရှင် အမူအကျင့် မပျောက်ဘူးဆိုတာ လက်ပံတန်း အကြမ်းဖက်မှုက ထင်ရှားစွာ သက်သေပြလိုက်ပါပြီ။ အကြမ်းမဖက်တဲ့ နည်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြတဲ့ ကျောင်းသားကျောင်းသူ တွေကို အကြမ်းဖက်တဲ့နည်းနဲ့ ရိုက်နှက်နှိပ်စက်လိုက်တာဟာ အာဏာရှင်တွေရဲ့ အာဏာရှင် ပုံသဏ္ဍန်ကို ထုတ်ဖော် ဝန်ခံလိုက်တာပါပဲ” ဟု ရေးသားထားသည်။