ပုဂံ၏ ပြယုဂ်တခုဖြစ်သည့် သရပါတံခါးသည် နေ့စဉ်ယာဉ်များ ဖြတ်သန်းသွားလာနေမှုကြောင့် အက်ကွဲမှုများဖြစ်လာသည့်အတွက် ကားကြီးများဖြတ်သန်းခွင့်ကို ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြောသည်။
မတ်လ ၁ ရက်နေ့မှ စ၍ ၁ တန်နှင့်အထက် ခရီးသည်တင်ကား၊ ကုန်ကားကြီးများ သရပါတံခါးမှ ဖြတ်သန်းခွင့်ကို တားမြစ် ပိတ်ပင် လိုက်သည်ဟု ဆိုသည်။
“ပုဂံ စတည်ကတည်းက ဆိုတော့ သရပါတံခါး သက်တမ်းက ကြာပြီ၊ ငလျင်ဒဏ်လည်း ခံထားရသေးတယ်၊ ဒီဘက်ခေတ်မှာ ကား တွေက နေ့စဉ်နဲ့အမျှ ဖြတ်တာ အရမ်းများလာတော့ အက်ကြောင်းတွေက ပိုပိုပြီး ကြောက်ဖို့ကောင်းအောင် ဟလာတယ်၊ ဒါကြောင့် ရှေးဟောင်းကနေ ထိန်းသိမ်းနိုင်ဖို့ ကားတွေဖြတ်ခွင့်မပြုတော့ပါ”ဟု ရှေးဟောင်း သုတေသန ဒုညွန်ကြားရေးမှူးချုပ် ဦးသိန်းလွင်ကလည်း ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်က ပုဂံရှေးဟောင်းဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေး အတွက် စီမံခန့်ခွဲမှုအစီ အစဉ်များ ရေးဆွဲ အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲတွင် နှစ်ပေါင်း ၁၀၀၀ ကျော်ရှိပြီဖြစ်သည့် ပုဂံဒေသရှိ ရှေးဟောင်း အဆောက် အအုံများသည် အုတ်နှင့်သရွတ်များ သက်တမ်း ကုန်ဆုံးပြီဖြစ်သည့်အတွက် ရေရှည်တည်တံ့စေရန် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် သရပါတံခါးသည် နေ့စဉ် ယာဉ်များဖြတ်သန်းရာမှ ဖြစ်ပေါ်လာသည့် တုန်ခါမှုဒဏ်ကြောင့် အက်ကြောင်းများ ပေါ်ထွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ယာဉ်များဖြတ်သန်းမှုကို ကန့်သတ်သင့်ကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
လတ်တလောတွင် ကုန်တင်ကားကြီးများ နှင့် လူစီးဘတ်စ်ကားများသာ အကျူံးဝင်သေးသော်လည်း နောက်ပိုင်းတွင် မည်သည့် စက်တပ်ယာဉ်မဆို ဖြတ်သန်းခွင့်ပြုတော့မည် မဟုတ်ဟု ဦးသိန်းလွင်က ဆက်ပြောသည်။
လက်ရှိအနေအထားတွင် ကျဉ်းမြောင်းသည့် သရပါတံခါးမှ ယာဉ်ကြီးများဖြတ်သန်းမှုကြောင့် ကွန်ကရစ် ဒေါက်တိုင်များနှင့် ထိန်း ထားသော်လည်း ယိုင်လာနေကြောင်း၊ သရပါတံခါးကို ထိန်းသိမ်းရန် လိုနေပြီ ဖြစ်ကြောင်းလည်း သူကဆိုသည်။
ပုဂံ မင်းဆက် တဆက်ဖြစ်သော ပျဉ်းပြားမင်း(အေဒီ ၈၄၆-၈၇၈)က ပုဂံမြို့ကို ခရစ်နှစ် ၉ ရာစုတွင် တည်ခဲ့ရာ ယင်း သရပါ တံခါး အပါအဝင် မြို့တံခါးပေါင်း ၁၂ ရပ်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။
ယခုအခါ သရပါတံခါးသာ အကောင်းပကတိကျန်ခဲ့သည့် တခုတည်းသော တံခါးဖြစ်ပြီး ပုဂံခေတ်ကတည်းက ယနေ့တိုင် ဆက် လက် တည်ရှိနေသည့် သက်ဝင်ရှင်သန်နေဆဲ အဆောက်အအုံ(Living Monument) တခု ဖြစ်သည်။
ဦးသိန်းလွင်က“ကျနော်တို့ရဲ့ Living Monument လည်းဖြစ်တယ်၊ ကားဝယ်တဲ့သူတွေက တံခါးက နတ်ကွန်းမှာ မြို့စောင့် နတ်၊ တံခါးစောင့်နတ်တွေကို လာပြီး ကားတွေပြတယ်၊ အိမ်ဝယ်ရင်လည်း အောင်မြင်တဲ့ အထိမ်းအမှတ် အနေနဲ့ ပွဲလာပေးတယ်၊ ရှင်ပြုတာ၊ မင်္ဂလာဆောင်တာကအစ ရိုးရာအရ ဒီကိုလာကြတယ်၊ ဒါကြောင့် ဒီတံခါးကို အပျက်ခံလို့မဖြစ်ဘူး”ဟု ပြောဆိုသည်။
ထို့အပြင် ကမ္ဘာလှည့်ခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ ပုဂံရောက် အမှတ်တရအနေဖြင့် ဓာတ်ပုံရိုက်ရာ နေရာတခုဖြစ်သည့် အတွက် နောက်ပိုင်းတွင် ဆလိုက်မီးများထွန်းညှိ၍ ပြကွက်တစ်ခုအဖြစ် ပြောင်းလဲပြသရန်လည်း စီစဉ်နေသည်ဟု ဆိုသည်။
သရပါတံခါးကို ပြုပြင်ရန်အတွက်လည်း ရှေးဟောင်းသုတေသနဌာန အင်ဂျင်နီယာများနှင့် စစ်ဆေး တွက်ချက်နေပြီး ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO)အပြင် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA)အဖွဲ့နှင့်ပါ ဆက်သွယ် ပြောဆိုထားကြောင်း သိရသည်။
သရပါ တံခါးကို ဖြတ်သွားသည့် လမ်းသည် ပုံမြို့သစ်-ပုဂံမြို့ဟောင်း-ညောင်ဦးကို ဆက်သွယ်ထားသည့် လမ်းဖြစ်ပြီး ယခုအခါ အနော်ရထာလမ်းမှ ကုန်ကားများ သွားနိုင်ရန် စီစဉ်ပေးထားသည်။
ပုဂံမြို့ခံတဦးဖြစ်သူ ဧည့်လမ်းညွှန် ကိုနိုင်က သရပါတံခါးကို ကားကြီးများ ဖြတ်သန်းသွားလာခွင့်မပြုရန် ယဉ်ကျေးမှု ဝန်ကြီးဌာန က ဆုံးဖြတ်ခဲ့ခြင်းသည် မှန်ကန်သည့် လုပ်ရပ်ဖြစ်ကြောင်း၊ သို့သော် ယနေ့အချိန်အထိ ကားကြီးများ ဖြတ်သန်းသွားလာဆဲဖြစ်နေ သည်ကို တွေ့ရသည့်အတွက် အသိပညာပေးလုပ်ငန်းများ၊ ဥပဒေအရ အရေးယူခြင်းများ ပိုမိုလုပ်ဆောင်သင့်ကြောင်း ထောက်ပြ သည်။
“လူတွေက နားမလည်တော့ ဝင်မှာပဲ၊ မဝင်ရဘူးသာ ဆိုတယ် အခုအချိန်အထိ ဘာမှအတားအဆီး မလုပ်သေးဘူး၊ ကားကြီး ဝင် လို့ မရတဲ့ အနေအထားတခုပေါ့၊ လူနဲ့ တားတာပဲဖြစ်ဖြစ်၊ Slow Down ဖြစ်ဖြစ် မဖန်တီးသေးဘူး၊ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးမှု မရှိသေးတာကို တွေ့နေရတယ်”ဟု ကိုနိုင်က ပြောဆိုသည်။
လက်ရှိအခြေအနေတွင် ကမ္ဘာလှည့်ခရီးသွားများ ပိုမိုလာရောက်နေသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ တစုတဝေးတည်း တည်ရှိရာ ပုဂံဒေသကို ယဉ်ကျေးမှု ဝန်ကြီဌာနကUNESCO အသိအမှတ်ပြု ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဖြစ်ရေး ကြိုးစားလျက်ရှိသည်။