ဧည့်စာရင်း မတိုင်သည့် ပြစ်ချက်ဖြင့် ယမန်နေ့ ညပိုင်းက ရန်ကုန်တိုင်း အလုံမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးခြင်း ခံထားရသူ သပိတ်ကျောင်းသား ၄ ဦးအနက် ၃ ဦးကို ပဲခူးတိုင်း ဒေသကြီး အစိုးရ အဖွဲ့သို့ ယနေ့ နံနက်ပိုင်းတွင် အမှု လွဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
“ညတုန်းက ဧည့်စာရင်းစစ်တော့ သူတို့က ဧည့်စာရင်း တိုင်ထားတာ မရှိတဲ့အတွက် ခဏ ခေါ်စစ်တာပါ။ အခု အိမ်ရှင် သတင်းထောက် တယောက်နဲ့ ထက်ညီညီအောင်ကို လွှတ်ပေးပြီးပါပြီ။ ကျန်တဲ့ ၃ ယောက်ကတော့ လက်ပံတန်းကိစ္စနဲ့ ဆက်နွှယ်နေတဲ့အတွက် ပဲခူးတိုင်းကို လွဲပေးလိုက်ပါပြီ။ ဘယ်ပုဒ်မတွေနဲ့ ဘယ်လို အရေးယူမယ် ဆိုတာကိုတော့ သူတို့ ဆက်လက် စစ်ဆေးမှာပါ” ဟု အလုံမြို့နယ် ရဲမှူး ထွန်းရွှေက ဧရာဝတီကို ပြောသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရထံ လွှဲပြောင်းပေးအပ်လိုက်သည့် ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်) အဖွဲ့ဝင် ၃ ဦးမှာ ကိုသီဟဝင်းတင်၊ ကိုမိုးထက်နေနှင့် မဟန်နီဦးတို့ ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ညပိုင်းက အလုံမြို့နယ် လွတ်လပ်ရေးရပ်ကွက်၊ အောင်ဇေယျလမ်းရှိ AFP နိုင်ငံခြား သတင်းဌာနမှ သတင်းထောက် ကိုဖြိုးဟိန်းကျော် (ခ) ကိုအောင်သူရ နေထိုင်သည့် နေအိမ်သို့ ဧည့်စာရင်း စစ်ပြီးနောက် ဗကသ အဖွဲ့ဝင်များ ဖြစ်သော ကိုသီဟဝင်းတင်၊ ကိုမိုးထက်နေ၊ မဟန်နီဦး၊ ကိုထက်ညီညီအောင်နှင့် သတင်းထောက် ကိုဖြိုးဟိန်းကျော်တို့ ၅ ဦးလုံးကို အလုံရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
အိမ်ရှင် AFP သတင်းထောက် ကိုဖြိုးဟိန်းကျော်နှင့် ဗကသ အဖွဲ့ဝင် ကိုထက်ညီညီအောင်တို့ကို ယနေ့နံနက်ပိုင်းတွင် ပြန်လည် လွှတ်ပေးပြီးနောက် ကျန် ၃ ဦးကို ပဲခူးတိုင်း ဒေသကြီး အစိုးရထံ လွဲပြောင်းပေးအပ်လိုက်ခြင်း ဖြစ်သည်။
ဖမ်းဆီးခံထားရသည့် ကိုသီဟဝင်းတင်၊ ကိုမိုးထက်နေ၊ မဟန်နီဦး တို့သည် ပြီးခဲ့သည့် မတ်လ ၁၀ ရက်က ဖြိုခွင်းခံခဲ့ရသည့် လက်ပံတန်းမြို့တွင် အကြမ်းဖက် ဖြိုခွဲခြင်း ခံခဲ့ရသည့် ပင်မ ကျောင်းသားသပိတ် စစ်ကြောင်း တလျှောက်တွင် ပါဝင်ခဲ့ကြသူများ ဖြစ်ကြသည်။
လက်ပံတန်း အကြမ်းဖက် ဖြိုခွင်းမှုတွင် ဖမ်းဆီးခံထားရသူ ၁၂၇ ဦးထဲမှ သံဃာ ၁၀ ပါးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၇ ဦးကို မတ်လ ၁၂ ရက်က ပြန်လွှတ်ပေးခဲ့သည်။
ယနေ့တွင် ၁၀ ဦးကို ထပ်မံလွှတ်ပေးမည်ဖြစ်ကြောင်း၊ အဝေးသင်ကျောင်းသားနှင့် ဆန္ဒပြမှုတွင် မပါဝင်ဘဲ အဖမ်းခံရသည့် အရပ်သားများကို လွှတ်ပေးမည်ဖြစ်ကြောင်း၊ သတင်းသမား ၂ ဦးကို ပြန်ကြားရေးဝန်ကြီးဌာက စိစစ်ပြီးနောက် ပြန်လွှမည်ဖြစ်၍ ၂ ရက်ခန့် ကြာဦးမည်ဖြစ်ကြောင်း ပဲခူးတိုင်း ရဲမှူးကြီး ဝင်းစိန်က ဆိုသည်။
ပင်မ ကျောင်းသား သပိတ်စစ်ကြောင်းတွင် ပါဝင်ပြီး လွတ်မြောက် နေသေးသည့် ကျောင်းသားခေါင်းဆောင် တချို့ကို ပြည်ထဲရေး ဝန်ကြီးဌာနက ဖမ်းဝရမ်းထုတ်ကာ လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။
(ဧရာဝတီ သတင်းထောက် ရင်စနိုင်း ပူးပေါင်း ရေးသားသည်။)