ရန်ကုန်မြို့တွင် မတ်လ ၄ ရက်နှင့် ၅ ရက်နေ့ များက အရပ်သားပုံစံဝတ်စားသူများ၏ အကူအညီဖြင့် ရဲတပ်ဖွဲ့ က ဆန္ဒပြပွဲ ၂ခုကို ဖြိုခွင်းခဲ့သည်။ အရပ်သား ပြည်သူများနှင့် ခွဲခြားရန် မလွယ်ကူနိုင်သည့် ၎င်းတို့၏ လက်မောင်းများတွင် “တာဝန်” ၊ “စည်းကမ်း”ဟု မြန်မာဘာသာဖြင့် ရေးထိုးထားသော အနီရောင် လက်ပတ် များ ပတ်ထားကြသည်။ ၎င်းတို့ကို တာဝန်နှင့် လက်ပတ်နီများဟု အလွယ်ခေါ်ကြသည်။
မတ်လ ၄ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွှေပြည် သာ စက်မှုဇုန်မှ အလုပ်သမား ဆန္ဒပြပွဲတခုကို ရဲ တပ်ဖွဲ့က ဖြိုခွဲရာတွင် ယင်းတာဝန်နှင့် လက်ပတ်နီ များက ကူညီခဲ့ကြသည်။ သတင်းထောက် ၂ ဦးနှင့် အထည်ချုပ်စက်ရုံ မှ အမျိုးသမီး အလုပ်သမား တဒါဇင်ခန့်လည်း ဖမ်းဆီးခြင်း ခံခဲ့ရသည်။
မတ်လ ၅ ရက်နေ့ ညနေပိုင်းတွင်လည်း တာဝန်နှင့် လက်ပတ်နီများသည် ရန်ကုန်မြို့လယ်သို့ ရောက်ရှိလာကြ ပြီး ဆူးလေစေတီတော် အနီးတွင် ဆန္ဒပြနေကြသော ကျောင်းသားများကို ရန်စ လှုံ့ဆော်ရန် အားထုတ်ခဲ့ကြ သည်။ ထို့နောက် ဆန္ဒပြပွဲ ပြိုကွဲသွားစေရန် ရဲအဖွဲ့ဝင်များက တုတ်များ ဝှေ့ယမ်းပြီး ဝင်ရောက်လာကြသည်။ ထို့အပြင် အဆို ပါ အရပ်ဝတ်နှင့် လူများက ဆန္ဒပြသူများကို ချုပ်နှောင်ပြီး ရဲအချုပ်သို့ ပို့ဆောင်ရန် ထရပ်ကား များ ဆီသို့ ဆွဲခေါ်သွားကြသည်။
လူမှုကွန်ရက် Facebook စာမျက်နှာတွေမှာ ချိုင်းပြတ်စွပ်ကျယ်၊ ဘောင်းဘီတိုဝတ်ထားပြီး လက် ၂ ဖက်တွင် လည်း ဆေးမင်ကြောင်အပြည့်နှင့် လူငယ်တဦးက ဆန္ဒပြကျောင်းသူလေးတဦးကို သိုင်းဖက် ဖမ်းဆီးသည့် ဓာတ်ပုံကြောင့်လူများပို၍ စိတ်ဆိုး ဒေါသ ထွက်ခဲ့ကြသည်။ (ထိုလူငယ်မှာဒလမြို့တွင်နေထိုင်၍ သာကေတ တွင် ကားစပယ်ယာလိုက်ကြောင်း တချို့ကပြောဆိုသကဲ့သို့ဆိုက်ကားသမား၊ ကုန်ထမ်းတဲ့သူဟုလည်း ပြောဆိုသူများရှိသည်။)
ထိုလက်ပတ်နီများမှာ မည်သူများ ဖြစ်ကြသနည်း။
စွမ်းအားရှင် တကျော့ပြန်သလော
ဖေ့စ်ဘွတ်လူမှုကွန်ရက်တွင်လည်း ရန်ကုန်မြို့ တော်ခန်းမရှေ့ ဆန္ဒပြသူများအား အင်အားသုံး နှိမ်နင်းရာတွင် ပါဝင်သော လက်ပတ်နီဝတ် အရပ် သားများ ဓာတ်ပုံများ ပျံ့နှံ့နေပြီး ၎င်းတို့မှာ အလုံ၊ ကြည့်မြင်တိုင်၊ ဒလ၊ ဒေါပုံ၊ သာကေတ အပါအဝင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အတော်များများမှ ဖြစ်သည်ဟု ဖော်ထုတ်ရေးသား နေကြသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွင်းခဲ့ကြသည့် ထိုလူအုပ်စုများကြောင့် ပြည်သူ လူထုက ယခင်စစ် အစိုးရ လက်ထက်တွင် နာမည် ဆိုးဖြင့် ကျော်ကြားခဲ့သည့် “စွမ်းအားရှင်” ဆိုသူများအား ပြန်လည် အမှတ်ရစေ ခဲ့သည်။
ယခုလုပ်ရပ်မှာ နိုင်ငံနှင့်ချီပြီး အရှက်ရစေရုံသာ မက ၂၀ဝ၃ ခုနှစ် ဒီပဲယင်း အကြမ်းဖက်မှု၊ ၂၀ဝ၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတို့တွင် အကြမ်းဖက် ခံရမှုများ ဖြစ်ပွားခဲ့မှုတို့ကို လူတိုင်း သတိရ ခံစားမှု ဖြစ်စေ သည်။
၂၀ဝ၃ မေလအတွင်းက အတိုက်အခံ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့် ယာဉ်တန်းကို လူတစုက ဝင်ရောက် အကြမ်းဖက် တိုက်ခိုက်၍ လူပေါင်းများစွာသေကျေ ဒဏ်ရာရခဲ့သော ဒီပဲယင်း အရေး အခင်းတွင် စွမ်းအားရှင်အဖွဲ့ ပါဝင်ပတ်သက်ခဲ့သည်ဟု စွပ်စွဲမှုများ ရှိခဲ့သလို အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက် ခဲ့သူများကို ယနေ့ ထက်တိုင် ဖော်ထုတ်အရေးယူ ဖမ်းဆီးနိုင်ခဲ့ခြင်း လည်း မရှိခဲ့ပေ။
ဒီပဲယင်း အရေးအခင်းတွင် ထိုစဉ်က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည် ၏ ယာဉ်တန်းကို ဖြစ်သည့်နည်လမ်းဖြင့် တားဆီး ခိုင်းခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြီး ခင်ညွှန့်က အကြမ်းဖက် တားဆီးခြင်းကို မလုပ်သင့်ကြောင်း အကြံပြုရာတွင် သူအား မခိုင်းတော့ ဘဲ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးဝင်းကို ဦးဆောင်စေကာ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့်အတူ မုံရွာသို့ စေလွှတ်လိုက် သည်ဟု (ဗိုလ်ချုပ်ကြီးဟောင်း) ဦးခင်ညွှန့် ရေးသားသည့် “ကြုံတွေ့ခဲ့ရ ကျနော့်ဘဝ အထွေထွေ” စာအုပ် တွင် ဖော်ပြထားသည်။
စွမ်းအားရှင်ဆိုသည့် နာမည်နှင့် ပူးတွဲနာမည် ကြီးသူတဦးမှာ တောင်သာမြို့နယ်အမတ်၊ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးအောင်သောင်း ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်လက်ထက် လူမျိုးရေး ဘာသာရေးနှင့် ဆက်နွှယ်သော ဆူပူအကြမ်းဖက် မှုများလည်း နောက်ကွယ်က ပါဝင်ပတ်သက်နေ ကြောင်း စွပ်စွဲခံရပြီး အမေရိကန် အစိုးရက နာမည် ပျက်စာရင်းထည့်သွင်းခြင်း ခံခဲ့ရသည်။
အငြိမ်းစားဗိုလ်မှူးကြီးတဦးဖြစ်သည့် ဦးအောင် သောင်းသည် စစ်အစိုးရ လက်ထက်တွင် အမှတ် (၁) စက်မှု ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ၁၉၉၇ ခုနှစ်မှ စတင်၍ အရပ်ဘက် အစိုးရသို့ အာဏာလွှဲပြောင်း ပေးခဲ့သည့် ၂၀၁၁ ခုနှစ်အထိ ကာလ ကြာရှည်စွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ယခင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးသန်းရွှေနှင့် အထူးတလည် ရင်းနှီးမှုရှိသူ ဟု ဆိုကြ သည့် ဦးအောင်သောင်းသည် ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း စတင် တည်ထောင်ချိန်မှ စတင် ၍ ဗဟိုအလုပ်အမှုဆောင် တဦးအဖြစ် ပါဝင်ခဲ့ပြီး နောက်ပိုင်းတွင် တွဲဖက် အထွေထွေ အတွင်းရေးမှူး ဖြစ်လာခဲ့ သည်။ စွမ်း အားရှင်အဖွဲ့ကို ကြီးကြပ်ကွပ်ကဲရသူ အဖြစ်လည်း လူပြောများခဲ့သူ ဖြစ်သည်။
စွမ်းအားရှင်အဖွဲ့ကို ထိုစဉ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ယခု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ၏ အစိတ်အပိုင်းတခု အဖြစ်လည်း သတ်မှတ်ခြင်း ခံခဲ့ရသည်။
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က လက်ရှိအစိုးရ လက်ထက် “စွမ်းအားရှင်”အဖွဲ့ မရှိတော့ဟု ဒီဗီဘီ သတင်းဌာန သို့ ပြောကြားသလို အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဌာနချုပ်ကလည်း လတ်တ လော ဖြစ်ပွားနေသော ဆန္ဒပြသူ များနှင့် လုံခြုံရေး အာဏာပိုင်များအကြား တင်းမာ နေမှုများတွင် “မိမိတို့ ပါတီအနေဖြင့် အင်အားသုံး ပါဝင်ဆောင်ရွက်ခြင်း မပြုရန်” ညွှန်ကြားထားသည် ဟု ထုတ်ပြန်ကြေညာသည်။
မတ်လ ၄ ရက် အထည်ချုပ်စက်ရုံအလုပ်သမား များ ဆန္ဒပြမှုကို ဖြိုခွဲဖမ်းဆီးရာတွင် အကူအညီပေးခဲ့ သည့် အဖွဲ့နှင့် ပတ်သက်၍ ရန်ကုန်အရှေ့ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ထွေးက “သူတို့တွေဟာ တရား ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ချင်ကြတဲ့ ရပ်ရွာအထောက်အကူပြု အဖွဲ့ဝင်တွေသာ ဖြစ်ပါတယ်” ဟု မီဒီယာများသို့ ပြောကြားခဲ့သည်။
ရာဇဝတ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၂၈ အရ ခွင့်ပြုချက်မရှိသော တရားမဝင် လူစုလူဝေးက လူစုခွဲရန် ငြင်းဆန်ခဲ့လျှင် ရာဇဝတ်တရားသူကြီးနှင့် ရဲစခန်း အကြီးအကဲက လူစုလူဝေးကို ဖြိုခွဲရန်နှင့် ဖမ်းဆီးရာတွင် ကူညီရန် အရပ်သား ယောက်ျားများကို စုစည်းနိုင်ခွင့် ရှိသည်ဟု ဆိုသည်။
အဆိုပါ ဥပဒေကို ၁၈၉၈ ခုနှစ်တွင် ဗြိတိသျှ ဥပဒေပြုစနစ်အရ ပြည်သူများ လူ ၅ ယောက်ထက် ပို၍ စုစည်း ခြင်းမှ တားမြစ်ရန် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ် သည်။ ထိုစဉ်က ဗြိတိသျှ ကိုလိုနီအစိုးရက မျိုးချစ် ဗမာများကို နှိပ်ကွပ်ရန် ထုတ်ပြန်ခဲ့သည့် ဥပဒေ ဖြစ်သဖြင့် ဦးသိန်းစိန် အစိုးရက ဒီမိုကရေစီ အမည်ခံထားရာ လိုက်ဖက်မှုလုံးဝမရှိ ကြောင်း ဝေဖန် သူများက ဆိုသည်။
သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က “အခုလို ပေါ်ပေါက် လာတဲ့ အခြေအနေအရ အခုလာမယ့် လွှတ်တော်မှာ ဒီပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေကို ပြင်ဆင်ဖို့ ကြိုးစား ပါဦးမယ်။ ဥပဒေတခုဟာ ပြည်သူလူထုကို ဖိနှိပ် တယ်။ ဖိနှိပ်အောင် အကူအညီပေးတယ်ဆိုရင် ပြင်ဖို့ လုပ်ဆောင်ရမှာ ပါပဲ”ဟု ဦးသိန်းညွန့်က ပြော သည်။
ဥရောပသမဂ္ဂ (EU) နဲ့ မြန်မာရဲ
မတ်လ ၆ ရက်နေ့က ဥရောပသမဂ္ဂ (EU)ကို ကန့်ကွက်ရှုတ်ချသည့် အနေဖြင့် ရန်ကုန်မြို့ လှည်းတန်း လမ်းဆုံရှိ EU ရုံးရှေ့၌ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗဟို) ကျောင်းသားများက ဦးဆောင်ပြီး ဆန္ဒပြခဲ့သည်။
အမျိုးသား ပညာရေးဥပဒေ ကန့်ကွက်မှုကြောင့် တားဆီးခံထားရသည့် ကျောင်းသားများ လွတ် မြောက်ရေး ဆန္ဒပြသူများကို ရဲ တပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ အခြေအနေကို EU က တာဝန်ယူရန်ဆန္ဒပြခြင်းဖြစ် သည်။
“ရဲဝန်ထမ်းတွေကို EU က ၂၀၁၂ ခုနှစ်ကစပြီး သင်တန်းတွေပေးတယ်။ အဲဒီသင်တန်းတွေက ကျနော်တို့ ကျောင်းသားတွေ၊ ပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးဖို့ ဖြစ်နေပြီ။ ဒါကြောင့် အဲဒါကို ကန့်ကွက် ရှုတ်ချတယ်။ ဒီအခြေအနေကို EU အဖွဲ့က သိစေ ချင်လို့ လှည်းတန်းက ရုံးရှေ့မှာ ဆန္ဒပြတာပါ”ဟု ဗကသအဖွဲ့ဝင် ကျောင်းသား တဦးက ပြောသည်။
EU က မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံအဖြစ် အသွင်းကူးပြောင်းရာတွင် အဓိကကျသော ပြုပြင် ပြောင်းလဲရေး တခုဖြစ်သည့် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် လူစုလူဝေး စနစ်တကျ ထိန်းသိမ်းမှု သင်တန်းကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့တွင် ပို့ချခဲ့ခြင်း ဖြစ်သည်။
သို့သော် ရန်ကုန်မြို့ ဆန္ဒပြပွဲများတွင် အဓိ ကရုဏ်း ဖြိုခွဲသူများမှာ ရဲလုံထိန်းများ မဟုတ်ဘဲ တာဝန်နှင့် လက်ပတ်နီများ ဖြစ်သောအခါ “ဥရောပ သမဂ္ဂက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုသာ သင်တန်းပေး ခဲ့ခြင်းဖြစ်ပြီး အခြားအဖွဲ့အစည်းများကို သင်တန်း ပို့ချခဲ့ခြင်း မရှိကြောင်း” ထုတ်ပြန်ရတော့သည်။
ဖြစ်ပေါ်နေသော ကျောင်းသား ဆန္ဒပြပွဲများနှင့် သက်ဆိုင်သည့် လတ်တလော ထိပ်တိုက် ရင်ဆိုင်မှု များအတွက် EU အဖွဲ့က စိုးရိမ်ကြောင့်ကြရကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်သည် တရားဝင် ဖြစ်ခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် အတူယှဉ်တွဲ၍ ဒီမိုကရေစီ၏ အဓိပ္ပာယ်တွင် အလွန်ပဓာနကျသည့်အပြင် သင်တန်း ပေးရခြင်း၏ ရည်ရွယ်ချက်မှာ လူ့အခွင့် အရေးကို အလေးပေးမှု တိုးတက်လာစေရန်၊ ညှိနှိုင်း ဆွေးနွေးခြင်း၏ အရေးပါမှုကို သိရှိစေရန်နှင့် သင့်လျော်မျှတ အချိုးညီမျှသော အင်အားကိုသာ အသုံးပြု၍ လူစုလူဝေးကို ဖြိုခွဲခြင်းသည် နောက်ဆုံးမှသာ ရွေးချယ်ရမည့် စီမံခန့်ခွဲမှု တခုဖြစ်ကြောင်း သိရှိစေရန် ဖြစ်သည်ဟု ဆိုသည်။
“လတ်တလော ဖြစ်ရပ်များက ပိုမိုလေ့ကျင့် သင်တန်းပေးရန် လိုအပ်နေကြောင်း ထင်ရှားစွာ ဖော်ပြနေပါသည်” ဟု ဥရောပသမဂ္ဂက ထုတ်ပြန်ခဲ့ သည်။
EU က မည်သို့ သင်တန်းပေးသည် ဖြစ်စေ အစိုးရကမူ လူအခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးထက် မြန်မာနည်း၊ မြန်မာ့ဟန်ဖြင့် အကြမ်းဖက် ဖြေရှင်းခဲ့ပြီး ဖြစ်သည်။
“သူတို့ (လက်ပတ်နီ) က လက်သီးတွေနဲ့ ထိုး တယ်။ ခြေထောက်တွေနဲ့ ကန်တယ်။ အဲဒါ ပထမ တကြိမ် ဖြစ်တာ။ နောက် လူပြန်ရှဲသွားတယ်။ အဲဒီ မှာ ကျနော်တို့က လူပြန်စုတယ်။ နောက်တကြိမ် ထပ်ကာထားတယ်။ ဒုတိယ တခေါက်လည်း ကျရော လုံထိန်းတွေကပါ နံပါတ်တုတ်တွေနဲ့ ဝင်ရိုက်တဲ့အခါ လူစုက လုံးဝကွဲသွား တယ်” ဟု ဒဂုံတက္ကသိုလ် ကျောင်းသား ကိုဖိုးသားက မြို့တော်ခန်းမရှေ့က အတွေ့အကြုံကို ပြန်လည် ပြောပြခဲ့သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် တချို့ကမူ ယခုကဲ့သို့ တာဝန်နှင့် လက်ပတ်နီများ ခေါ်ယူအသုံးပြုခြင်းကို သဘောမကျကြောင်း ဧရာဝတီသို့ ပြောသည်။
ထိုလက်ပတ်နီများ အားလုံးတို့မှာ ရန်ကုန်တိုင်း ဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဋ္ဌာနက တာဝန် ပေးစေခိုင်းထားသူများပင် ဖြစ်သည်။
မြို့တော် ခန်းမရှေ့ ဆန္ဒပြပွဲများကို နှိမ်နင်း ရာတွင် ပါဝင်ခဲ့သူတဦးက “အားလုံး အင်အား ၃၀ဝ ကျော်လောက် ကို မြို့တော်ခန်းမထဲမှာ ထည့်ထားတာ။ လာတဲ့သူတွေက မြို့နယ်အစုံပဲ။ တရပ်ကွက်ကို လူ ၁၀ ယောက် လောက် အနည်းဆုံး စုပြီး လာတယ်။ လှိုင်သာယာ၊ တောင်ဥက္ကလာနဲ့ ကြည့်မြင်တိုင် တဖက်ကမ်းက လူတွေ လည်း ပါတယ်။ နေ့တွက် ပိုက်ဆံ ၅၀ဝဝနဲ့ ဒံပေါက်ကျွေးပြီး ခေါ် လာတာ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသူများကို ဆန္ဒပြသူများ ရောက်မလာမီ ၃ နာရီလောက် အလိုကတည်းကပင် မြို့တော်ခန်းမထဲသို့ ခေါ်ယူ ထည့်သွင်းထားပြီး ၎င်းတို့အတွက် ရေသန့်ဘူး၊ ကွမ်းယာ၊ ဆေးလိပ်က အစပင် စီစဉ် ပေးထားခဲ့သည်။ တချို့ သူများမှာ အရက် မူးနေကြကြောင်း မျက်မြင်သက်သေတချို့က ဆိုသည်။
“ကျနော်တို့ အဖမ်းခံရတဲ့အချိန်မှာ ရဲကို မေးလိုက်တယ်။ ကျနော်တို့ကို အကြမ်းဖက်ပြီး စွဲချက်တင်တဲ့ တာဝန် လက်ပတ် ပတ်ထားတဲ့သူတွေက ဘယ်သူလဲဆိုတော့ အဲဒီလူတွေက ရဲနဲ့ မဆိုင် ဘူးတဲ့။ အုပ်ချုပ်ရေးပိုင်းက စီစဉ်တာ။ တိုင်းအစိုးရ ရဲ့ အစီအစဉ်လို့ ပြောတယ်”ဟု အဖမ်းခံရပြီးနောက် ပြန်လည် လွတ်မြောက်လာသည့် ဒဂုံတက္ကသိုလ် ကျောင်းသား ကိုဖိုးသားက ပြောပြသည်။
ဘယ်သူ တာဝန်ခံလဲ
“တာဝန်” အနီရောင် လက်ပတ်ဝတ်သူတွေကို ခေါ်ယူပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ဖမ်းဆီး တိုက်ခိုက် ခိုင်းတာဘယ်သူလဲ။ ဒီလုပ်ရပ်ကို နေပြည် တော်က တိုက်ရိုက် ကိုင်တွယ်ခဲ့တာလား။ သမ္မတရုံးက ညွှန်ကြားခဲ့ တာလား။ (သမ္မတရုံး ညွှန်ကြား ရေးမှူး ဦးဇော်ဌေးကမူ ကိုလိုနီခေတ် ပုဒ်မ ၁၂၇ /၁၂၈ ကိုးကားပြီးလုပ်သင့် ကြောင်း ရှင်းသည်။) သို့မဟုတ် ပြည်ထဲရေးက ကိုင်တွယ်ခဲ့တာလား။ ရန်ကုန်တိုင်း အစိုးရနှင့် ဝန်ကြီးချုပ်၏ အခန်းကဏ္ဍ ဘယ်လောက်ပါ နေသလဲဆိုသည့် မေးခွန်းများက လူများ၏ အတွေးတွင် တန်းစီနေ သည်။
မြန်မာနိုင်ငံတွင် မိမိတို့၏ နစ်နာမှုကို ကျေနပ် မှုမရှိလျှင် ဆန္ဒပြပွဲများက ဆက်လက် ရှိနေမှာ ဖြစ်ပြီး ဆန္ဒပြပွဲများကို ယခုကဲ့သို့ အရပ်ဝတ်များကို လုံခြုံရေး လက်ပတ်ပေးကာ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခိုင်းခြင်းသည် မည်သူက တာဝန်အပ်နှင်း ပေးထားသနည်း၊ ယခင် စစ်အစိုးရခေတ်ကို ပြန် ရောက်သွားပြီလားဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဦးမင်းကိုနိုင်က မတ်လ ၅ ရက်နေ့က ၈၈ မျိုးဆက် ပွင့်လင်းအဖွဲ့အစည်း၏ ရုံးခန်းတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
“ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့ပွဲ၊ ကျောင်းသား သပိတ်တွေကို အကြမ်းမဖက်ဖို့ တောင်းဆိုတဲ့ပွဲ။ အဲဒါတွေကို ဖြေရှင်းပုံမှာ အရင်ခေတ်က စွမ်းအား ရှင်တွေ ပုံစံမျိုးနဲ့ အကြမ်းဖက် ဖြိုခွဲတာကို ၈၈ အဖွဲ့အနေနဲ့ လုံးဝလက်မခံ ပါဘူး။ သည်းညည်းလည်း မခံပါဘူး။ လက်ပတ်နဲ့ အကြမ်းဖက်ခွင့်တွေကို ဘယ်သူက ဦးဆောင် တာဝန်ပေး တာလဲ။ ဒါကို အစိုးရ အဖွဲ့အနေနဲ့ ဖော်ထုတ်ပေးဖို့လိုပါတယ်”ဟု ဦးမင်းကိုနိုင်က ပြောသည်။
ရန်ကုန် စီးပွားရေး၊ နိုင်ငံရေး အသိုင်းအဝိုင်း တွင် ယခုကဲ့သို့ အကြမ်းကိုင် ဖြိုခွင်းမှုနှင့် ပတ်သက်ပြီး ရန်ကုန် တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ လက်ရာကင်းမည် မဟုတ်ကြောင်း ထင်ကြေးပေးပြောဆို နေကြသည်။
ဦးမြင့်ဆွေသည် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ ယုံကြည်အားကိုးရသော တပ်မှူးတဦး ဖြစ်သည်။ DSA အပတ်စဉ် ၁၅ ဆင်းခဲ့သူဖြစ်ပြီး နာမည်ကြီး တပ်မ (၁၁) တွင် တာဝန်ယူခဲ့ဖူးကာ ရန်ကုန် လုံခြုံရေးကို အဓိက တာဝန်ယူရသူဖြစ်သည်။
ကစထ (၅) အကြီးအကဲအဖြစ် တာဝန်ထမ်း ဆောင်ချိန်တွင် ၂၀ဝ၄ ခုနှစ် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ထောက်လှမ်း ရေးအဖွဲ့ကို တပ်မတော် (ကြည်း) မှ ရှင်းထုတ်သည့် Operation ကို ကိုင်တွယ်ရသူ ဖြစ်ခဲ့သလို ၂၀ဝ၇ ရွှေဝါရောင် သံဃာအရေး လှုပ်ရှားမှာလည်း သူကိုယ်တိုင် ဆန္ဒပြပွဲ ဖြိုခွင်းရေး ဦးစီးတာဝန်ယူရသူ ဖြစ်ခဲ့သည်။
သို့သော် ရန်ကုန်တိုင်း ဝန်ကြီးချုပ်သာမက ပြည်ထောင်စု အစိုးရအဖွဲ့အနေနှင့်လည်း တာဝန် ယူရမည်ဖြစ် ကြောင်း ပြောဆိုလျက် ရှိသည်။
ရန်ကုန်မြို့တော်ခန်းမရှေ့ ဖမ်းဆီး ရိုက်နှက်ခံခဲ့ရသူ တဦးဖြစ်သူ ဦးမျိုးသန့်က “ဒီအကြမ်းဖက်မှုမှာ ဦးမြင့်ဆွေ (ရန်ကုန်တိုင်း ဝန်ကြီးချုပ်) အစိုးရအဖွဲ့ တရပ်တည်းမှာ တာဝန်ရှိတာ မဟုတ်ဘူး။ တာဝန်ယူမှု တာဝန်ခံမှုဆို တာ အောက်ကိုလည်း ဆင့်ကဲ ဆင့်ကဲ ရှိသလို၊ အထက်ကိုလည်း ဆင့်ကဲ ဆင့်ကဲ တင်ပြရတာရှိတယ်။ သူတို့ (ပြည်ထောင်စု အစိုးရ) က မီးစိမ်း ပြလိုက်လား၊ မပြလိုက်လား ကျနော်မသိဘူး။ တကယ် တာဝန်အရှိဆုံးက ပြည်ထောင်စု အစိုးရပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
ယခုလုပ်ရပ်အတွက် အစိုးရ အဖွဲ့မှာသာမက အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှာပါ တာဝန်ရှိသဖြင့် အာဏာရပါတီအနေဖြင့် တရားဝင် ဖြေရှင်းပေးသင့်ကြောင်း၊ ဆန္ဒပြမှုတွင် အကြမ်းဖက် ဖြိုခွင်းခံရသူများအနေဖြင့် ပြည်တွင်း တရားရုံးတွင်သာမက နိုင်ငံတကာ တရားရုံးများသို့ပါ တိုင်ကြားသင့် ကြောင်းလည်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။
ဧရာဝတီက တွေ့ဆုံမေးမြန်းခဲ့သူ လက်ပတ်နီ တဦးက သူသည် ယခုဖြစ်စဉ်တွင် ပါဝင်ခဲ့သလို ၂၀ဝ၇ ရွှေဝါရောင် တော်လှန်ရေးတွင်လည်း ဘုန်းကြီးများကို ရိုက်နှက်ရာတွင် ပါဝင်ခဲ့ဖူးကြောင်း ပြောပြသည်။ ထို့ကြောင့် ထိုသို့ ရမ်းကားသူ လက်ပတ်နီများကို ကြည့်ပြီး “စွမ်းအားရှင် တကျော့ ပြန်လာပြီ” ဟု လူအများက သုံးသပ်ကြခြင်း ဖြစ် သည်။
သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု တို့ကို တွင်တွင် ပြောဆိုပြီး ဒီမိုကရေစီရေး အပြောင်း အလဲ လုပ်ဆောင်နေသည်ဟူသော အချိန်တွင် အစိုးရအနေဖြင့် ခေတ် နောက်ပြန်ဆွဲ ရမ်းကားမှုများ အပေါ် တာဝန်မခံပါက နိုင်ငံရေးယုံကြည်ချက် ပျောက်ဆုံးကာ ရှေ့အလားအလာ မကောင်းနိုင်။
လူမိုက်အားပေးလုပ်ရပ်ကို အစိုးရက မှားကြောင်း ဝန်ခံ၍ တရားဝင် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည်ဆို လျှင် မြန်မာပြည်ရဲ့ ပြုပြင် ပြောင်းလဲရေးမှာ မျှော်လင့်ချက်တချို့ ရှိမည်ဖြစ် သည်။ ထိုသို့ မဟုတ်ဘဲ လူရမ်းကား လက်ပတ်နီများကို တာဝန်မဲ့ ဆက်လက် အသုံးပြုနေမည် ဆိုပါက မြန်မာပြည်သည် အဆိုးကျော့ သံသရာထဲ ရေစုန်မျောပြီဟုသာ ဆိုရပေတော့မည်။