ဒီမိုကရေစီ ဓလေ့ထုံးစံတွေကို လေးစားလိုက်နာတယ်ဆိုတာ ဘယ်လိုမျိုးလဲ။ ကျူးလွန်ချိုးဖောက်တယ် ဆိုတာ ဘယ်လိုမျိုး ဆိုတာကိုလည်း တိတိကျကျ မပြောနိုင်ပါ။ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေမှာ ပြင်ဆင်ပြောင်းလဲရတာတွေ၊ မပီဝိုးတဝါး ဖြစ်နေတာတွေ အများကြီးရှိပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ တခြားနယ်ပယ်တွေမှာလိုပါပဲ၊ နိုင်ငံရေးမှာလည်း စည်းမျဉ်းစည်းကမ်းတွေ လိုတိုးပိုလျှော့လုပ်တာ၊ ကွေ့ပတ်ရှောင်ကွင်းတာတွေကို “ထုံစံအတိုင်း လုပ်ရိုးလုပ်စဉ်” လို့ တခါတလေမှာ သဘောထားကြပါတယ်။ ရွေးကောက်ပွဲ စောင့်ကြည့်တယ်ဆိုတဲ့ကိစ္စက ရှုပ်ရှုပ်ထွေးထွေး လုပ်ဆောင်ရတဲ့ ကိစ္စဖြစ်ပြီး မဲလိမ်မဲခိုးတယ်ဆိုတဲ့ ဖြစ်ရပ်တွေက၊ ရှုပ်ထွေးပွေလီ၊ လက်ဆုပ်လက်ကိုင်ပြဖို့ကလည်းခက်၊ နားလည်ဖို့လည်း ခက်ပါတယ်။
အဲဒီတော့ အဲဒီလိုမျိုး ရွေးကောက်ပွဲတွေကြောင့် ပြည်တွင်းနဲ့ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေက ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လောက်အောင် စိုးရိမ်ပူပန်ကြရပါတယ်။ လက်တွေ့အသုံးဝင်တဲ့ ဗဟုသုတတွေနဲ့ အပင်ပန်းခံပြီး လုပ်ဆောင်တဲ့ စနစ်တကျ ပိုင်းခြားစိတ်ဖြာမှုတွေကြောင့် အကြီးအကျယ် မဲလိမ်မဲခိုးမှုနဲ့ ကျယ်ပြန့်ပေမယ့် နည်းစနစ်မကျတဲ့ မသမာမှုတွေကို ခွဲခြားပြောဆိုနိုင်ဖို့ ကိရိယာတန်ဆာပလာတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ကိရိယာ တန်ဆာပလာတွေကို သုံးပြီးတိုင်းတာလိုက်လို့ ရလာတဲ့ အဖြေတွေကတော့ ပြတ်ပြတ်သားသား မရှိသလောက်ပါပဲ။
တားဆီးသတ်မှတ်ချက်တွေကို စံနှုန်းသတ်မှတ်ချက်အရရော လက်တွေ့အားဖြင့်ပါ ကြောင်းကျိုးဆီလျော်အောင် အဓိပ္ပါယ် ဖွင့်ဆိုပေးဖို့ဆိုတာက စိန်ခေါ်မှု ၂ ခုကို တပြိုင်နက် ကိုင်တွယ်ဖြေရှင်းနေရသလိုပါပဲ။ အဲဒီလို ဖွင့်ဆိုသတ်မှတ်ပေးတဲ့ အခါမှာလည်း တိတိကျကျ ပြောဖို့ဆိုတာ မဖြစ်နိုင်တော့ဘဲ နောက်ခံ အခြေအနေအလိုက် ပြောင်းလဲသွားပါတော့တယ်။ ကိုင်တွယ်ရခက်ခဲတဲ့ ပြဿနာတွေကြောင့် ဆူညံပွက်လောရိုက်မှုတွေလည်း ဖြစ်ပါလိမ့်ဦးမယ်။ ဝိုးတဝါးနိုင်ပြီး ဖမ်းဆုပ်ရခက်တဲ့ အခြေအနေတွေ ရှိတာကြောင့်နဲ့တော့ ရွေးကောက်ပွဲဟန်ပြ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲဟန်ပြ အာဏာပိုင်စနစ်တို့ကို ပြတ်ပြတ်သားသား ထိထိရောက်ရောက် မခွဲခြားနိုင်ဘူးလို့တော့ မဆိုလိုပါ။
ရွေးကောက်ပွဲဟန်ပြ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲဟန်ပြ အာဏာပိုင်စနစ်တို့ကြား ကွာခြားချက်တွေက ရှုပ်ထွေးပွေလီပြီး အငြင်းပွားစရာတွေလည်း များတာကြောင့် သူတို့အကြောင်းကို လေ့လာကြည့်မယ်ဆိုရင် လမ်းညွှန်အယူအဆ တခုကို အားကိုးကြည့်တာက အကျိုးများပါလိမ့်မယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲဆိုတာ လွတ်လပ်ပြီး တန်းတူညီမျှမှု ရှိတဲ့အခြေအနေမှာ လုပ်ဆောင်ကြတဲ့ လူမှုရေးအရ ရွေးချယ်မှုဆိုတဲ့ လမ်းညွှန်အယူအဆပါ။ ဒီမိုကရေစီ ပီပီသသ ဖြစ်နိုင်ဖို့ဆိုရင် နိုင်ငံရေးအရ အုပ်ချုပ်တဲ့ အာဏာပိုင်တွေကို ထိထိရောက်ရောက် ရွေးချယ်ခွင့် ရွေးကောက်ပွဲတွေက ပေးနိုင်ရပါမယ်။ ရွေးချယ်တဲ့အခါမှာလည်း လွတ်လပ်ပြီး တန်းတူညီမျှ အခွင့်အရေး ရထားတဲ့ နိုင်ငံသားတွေက ရွေးချယ်တာဖြစ်ရပါမယ်။
ရောဘတ်ဒါးလ် (Robert Dahl) ရဲ့ တင်ပြပုံအတိုင်းဆိုရင်တော့ နိုင်ငံသားတွေအားလုံးက သူတို့ရဲ့ နိုင်ငံရေးအရ ဦးစားပေးရွေးချယ်မှုတွေကို “ပုံဖော်ဖန်တီးပြီး” နိုင်ငံသားတွေအချင်းချင်း “အသိပေး ပြောကြားဖို့”၊ ပြီးတော့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေကို ချတဲ့အခါ အဲဒီ ဦးစားပေးရွေးချယ်မှုတွေကို “တန်းတူညီမျှ အလေးပေးထည့်သွင်းစဉ်းစားခံရဖို့” နဲ့ “အလျှော့အတင်း မလုပ်ထားတဲ့ အခွင့်အလမ်းတွေ” ကို ရထားမှသာ ဒီမိုကရေစီ စံနှုန်းကိုပြည့်မီမယ်လို့ ဆိုပါတယ်။ ရောဘတ်ဒါးလ် အယူအဆကို ချဲ့ထွင်စဉ်းစားပြီး ရလာတဲ့ “အခြေအနေ ၇ ရပ်” ဆိုတာကို ရှင်းပြပါမယ်။
ဒီမိုကရေစီနည်းကျ ထိရောက်တဲ့ ရွေးချယ်မှုကို ပုံမှန်ကျင်းပတဲ့ ရွေးကောက်ပွဲတွေက ပေးအပ်နိုင်ဖို့ဆိုရင် အဆိုပါ အခြေအနေ ၇ ရပ် ရှိထားရပါမယ်။ အခုဆက်ဖော်ပြမယ့် စာရင်းက မူလ အခြေအနေကနေ နောက်ဆုံးရွေးချယ်မှု ရလဒ်အထိ အဆင့်တိုင်း အဆင့်တိုင်းကို ဖော်ပြထားပါတယ်။ အခြေအနေတွေ အားလုံးကို ချိတ်ဆက်လိုက်ရင် သံကြိုးတခုလို တွဲစပ်လို့ရသွားပြီး (တကယ့် သံကြိုးလိုပါပဲ) ကွင်းဆက်တခု ပြုတ်သွားတာနဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေလည်း ပြုတ်ထွက်သွားပါတော့တယ်။
(၁) အာဏာပေးအပ်မှု ။ ။ ရွေးကောက်ပွဲတွေမှာ အဓိကအကျဆုံးကတော့ အာဏာစွဲကိုင်ထားတဲ့ နိုင်ငံသားတွေပါ။ သူတို့က “မယ်” ပြိုင်ပွဲမှာ အချောဆုံးအလှဆုံးကို ရွေးချယ်ပေးရတာ မဟုတ်သလို ဈေးကွက် စစ်တမ်းကောက်ယူတဲ့ မေးခွန်းတွေကိုလည်း ဖြေဆိုနေရတာ မဟုတ်ပါ။ နိုင်ငံရေးအရ စုဖွဲ့ထားတဲ့ လူ့အဖွဲ့အစည်းအတွင်း “သြဇာအာဏာအရှိဆုံး စုပေါင်းဆုံးဖြတ်ချက် ချသူတစ်စု” ကို ရွေးချယ်ပေးဖို့အတွက် ရွေးကောက်ပွဲတွေ တည်ရှိနေရတာပါ။ ဥပဒေအရ မဖြစ်မနေ လုပ်ဆောင်ရတဲ့ ရွေးချယ်ခြင်းဖြစ်စဉ်ပါ။
(၂) လွတ်လွတ်လပ်လပ် ပေးအပ်ထောက်ပံ့မှု ။ ။ ဒီမိုကရေစီ နည်းကျရွေးကောက်ပွဲတွေဆိုတာ တခြားရွေးချယ်စရာ နည်းလမ်းတွေ လွတ်လွတ်လပ်လပ် ဖြစ်တည်လာအောင် ခွင့်ပေးရပါမယ်။ “ရွေးချယ်စရာ မရှိတဲ့” ရွေးကောက်ပွဲတွေဆိုရင် ဒီမိုကရေစီ “တန်း” မဝင်နိုင်ပါ။ အလားတူပဲ နိုင်ငံတော်က ချမှတ်ခွင့်ပြုထားသူတွေသာရှိနေပြီး ရွေးချယ်ခွင့်ဘောင်က ကျဉ်းမြောင်းနေတယ်ဆိုရင်လည်း ဒီမိုကရေစီ “တန်း” မဝင်နိုင်ပါ။ ရွေးချယ်စရာ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီတွေ ဘယ်လောက်ကို ခွင့်ပြုတယ်၊ ဘယ်လောက်ပဲ ရနိုင်မယ် ဆိုတာကို ဉာဏ်နီဉာဏ်နက်များတဲ့ အစိုးရက စီစဉ်ပေးနေတာမျိုး မဖြစ်ရပါ။ တက်ကြွလှုပ်ရှားတဲ့ နိုင်ငံသားတွေ ကိုယ်တိုင်က လွတ်လပ်တရားမျှတပြီး အားလုံးအတွက် အကျုံးဝင်တဲ့ ဘောင်ထဲမှာ စဉ်စားဆုံးဖြတ်ပြီးမှ ပေါ်ထွက်လာတာမျိုး ဖြစ်စေရပါမယ်။
(၃) လွတ်လပ်တဲ့ တောင်းဆိုမှု။ မဲဆန္ဒရှင်တွေရဲ့ ဦးစားပေးရွေးချယ်မှုတွေကို ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေက လွတ်လွတ်လပ်လပ် ဖန်တီးခွင့် ပေးထားရပါမယ်။ အစိုးရလိုသလို စိတ်ကြိုက်ရေးဆွဲဖန်တီးထားတဲ့ ရွေးချယ်စရာတွေကိုပဲ ရွေးချယ်နေရတယ်ဆိုရင် မလွတ်လပ်သလို ဖျားယောင်းစည်းရုံးထားလို့ ရွေးချယ် မဲပေးရတယ်ဆိုရင်လည်း မလွတ်လပ်ပါ။ နိုင်ငံသားတွေက သူတို့ရဲ့ ပညာရေးအဆင့်အတန်း၊ လူမှုရေးအဆင့်အတန်း ဘယ်လောက်ပဲ ကွာခြားပါစေ၊ သူတို့ အားလုံးမှာ လွတ်လပ်တဲ့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှု စွမ်းရည်တွေရှိပြီး အဲဒီဆုံးဖြတ်ချက်တွေက ပြတ်ပြတ်သားသား အဆုံးအဖြတ်ပေးရတဲ့ နိုင်ငံရေးနယ်ပယ်မှာ တန်ဖိုးချင်းတူတယ်လို့ မျက်မှောက်ခေတ် ဒီမိုကရေစီက ယူဆထားပါတယ်။ ဒါပေမယ့် အဲဒီလိုမျိုး စွမ်းရည်တွေကို အသုံးချနိုင်ဖို့ဆိုရင် သူတို့မှာ ဘယ်လိုရွေးချယ်စရာတွေ ရနိုင်လဲဆိုတာ မဲပေးသူတွေ သိထားဖို့ လိုပါတယ်။ အဲဒီလို သိထားဖို့ဆိုရင်လည်း သူတို့က သတင်းအရင်းအမြစ်တွေကို နေရာဌာန ပေါင်းစုံကနေ ရယူဖို့ လက်လှမ်းမီထားရပါမယ်။ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေ Public space ကို နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေက လွတ်လွတ်လပ်လပ် ဝင်ရောက်အသုံးပြုလို့ မရနိုင်ဘူးဆိုရင်၊ မဲပုံးမှာ လာရောက် ဖော်ထုတ်တဲ့ ပြည်သူတွေရဲ့ဆန္ဒက စနစ်တကျ ဖျားယောင်း သိမ်းသွင်းထားလို့ ဖြစ်ပေါ်လာတဲ့ မသိနားမလည်မှုတွေကိုပဲ ရောင်ပြန်ဟပ်နေပါလိမ့်မယ်။
(၄) ထည့်သွင်းခြင်း ။ ။ မျက်မှောက်ခေတ် ဒီမိုကရေစီက လူတွေအားလုံး မဲပေးပိုင်ခွင့် ရှိစေရမယ်လို့ ပြောပါတယ်။ ပစ္စည်းဥစ္စာပိုင်ဆိုင်မှု၊ ပညာရေးအဆင့်အတန်း၊ ကျား/မ ကွာခြားမှု၊ တိုင်းရင်းသားလူမျိုးချင်း ကွာခြားမှု စတာတွေကြောင့် အရင်တုန်းက မဲပေးပိုင်ခွင့်ကို ခွဲခြားဆက်ဆံခဲ့ပေမယ့် ဒီနေ့မှာတော့ အဲဒီလို မဟုတ်တော့ပါ။ ရာဇဝတ် ပြစ်မှုကြီးတွေကြောင့် ပြစ်ဒဏ်စီရင်ခံထားရသူတွေ၊ စိတ်ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရသူတွေလိုမျိုး အထူးသီးသန့် ခွဲခြားသတ်မှတ် ခံထားရသူတွေကလွဲရင် အရွယ်ရောက်သူတွေ အားလုံးက ပြည်သူလူထုဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကျုံးဝင်ပါတယ်။
(၅) အကာအကွယ်ပေးခြင်း ။ ။ နိုင်ငံသားတွေက သူတို့ရဲ့ ဦးစားပေး ကြိုက်နှစ်သက်မှုတွေကို စဉ်းစားဆုံးဖြတ်ပြီးပြီ ဆိုတာနဲ့ အဲဒီဆန္ဒတွေကို လွတ်လွတ်လပ်လပ် ဖော်ထုတ်တင်ပြခွင့် ရှိစေရပါမယ်။ လျှို့ဝှက်မဲပေးစနစ်ကို ကျင့်သုံးတယ် ဆိုတာက မဲပေးသူတွေအပေါ် ပြင်ပဖိအားတွေ မကျရောက်စေအောင် ကာကွယ်ပေးထားတာပါ။ တကယ် ကျရောက်လာနိုင်တဲ့ အကျပ်ကိုင်မှုတွေလည်း ရှိသလို၊ ခြိမ်းခြောက်ထားတဲ့ အကျပ်ကိုင်မှုတွေလည်း ရှိပါတယ်။ လာဘ်ပေးစည်းရုံးတာ မခံရအောင် ကာကွယ်ပေးရမှာ ဖြစ်သလို ပတ်ဝန်းကျင် အိမ်နီးချင်းတွေရဲ့ ငြူစူပြစ်တင်တာ မခံရအောင်လည်း ကာကွယ်ပေးရပါမယ်။
(၆) ဂုဏ်သိက္ခာရှိခြင်း ။ ။ နိုင်ငံသားတွေက သူတို့ရဲ့ လိုအင်ဆန္ဒတွေကို မဲရုံတွေမှာ ဖော်ထုတ်လိုက်ပြီးပြီ ဆိုတာနဲ့ အရည်အချင်း ပြည့်မီပြီး ဘက်မလိုက်ကြားနေတဲ့ ရွေးကောက်ပွဲ စီမံခန့်ခွဲမှုအဖွဲ့တွေက မဲတွေကို ရိုးရိုးသားသားနဲ့ မျှမျှတတ ရေတွက်ပေးရပါမယ်။ ဗျူရိုကရေစီ အဖွ့ဲအစည်းတွေက ကျွမ်းကျင်မှု အရည်အချင်းတွေ မပြည့်မီဘဲ ဂုဏ်သိက္ခာလည်း ကင်းမဲ့နေမယ်ဆိုရင် “လူတကိုယ်မဲတပြား” ဆိုတဲ့ ဒီမိုကရေစီ စရိုက်လက္ခဏာက ဗလာသက်သက်သာ ဖြစ်နေပါတော့မယ်။
(၇) နောက်ကြောင်းပြန် မလှည့်နိုင်ခြင်း ။ ။ အမှန်တကယ် ရွေးချယ်ခွင့်မရှိတဲ့ ရွေးကောက်ပွဲတွေလိုပါပဲ၊ အကျိုးရလဒ်မရှိတဲ့ ရွေးကောက်ပွဲတွေကလည်း ဒီမိုကရေစီ မဆန်ပါ။ ရွေးကောက်ပွဲ အနိုင်ရသူတွေက သက်ဆိုင်ရာ ရာထူးနေရာတွေကို ရယူနိုင်ပြီး အာဏာကို အမှန်တကယ် ကိုင်စွဲနိုင်ရပါမယ်။ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်းသာ အာဏာသက်တမ်းက ကုန်ဆုံးစေရပါမယ်။ အဲဒီတော့ အခုဆိုရင် ဖြစ်စဉ်တခုလုံးက တပတ်ပတ်မိပါပြီ။ ရွေးကောက်ပွဲတွေက နောက်ကြောင်းကိုလည်း ပြန်မလှည့်စေရတဲ့အပြင် အနာဂတ် နိုင်ငံရေးအဖြေကို ပြတ်ပြတ်သားသား ထုတ်ပေးနိုင်ရမှာဖြစ်ပါတယ်။ ထိထိရောက်ရောက် ဆုံးဖြတ်ချက်ချနိုင်တဲ့ အာဏာ ရွေးကောက်ပွဲ အနိုင်ရသူတွေကို မပေးနိုင်ဘူးဆိုရင် အဆံမရှိဘဲ၊ အသံသက်သက်သာ ဖြစ်နေပါလိမ့်မယ်။ အမျက်ဒေါသတွေကလွဲပြီး ကျန်တာဘာကိုမှ ထုတ်ဖော်ပြနိုင်မှာ မဟုတ်ပါ။
အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်တွေအားလုံးကို ဖြည့်ဆည်းနိုင်မှသာ ရွေးကောက်ပွဲတွေက ဒီမိုကရေစီနဲ့ ပြည့်စုံတယ်လို့ ပြောနိုင်ပါလိမ့်မယ်။ သချၤာသဘောတရားနဲ့ ပြောရမယ်ဆိုရင် သုညနဲ့ ပေါင်းတာထက် သုညနဲ့ မြှောက်သလိုမျိုး အလားသဏ္ဍန် ပိုတူနေပါတယ်။ ဒီမိုကရေစီ ဓလေ့ထုံးစံတွေကို အပြည့်အစုံမဟုတ်၊ တဝက်တပျက်ဘဲ လိုက်နာပြီး ပေါင်းစပ်ထားရင် နောက်ဆုံးရလဒ်က “တစိတ်တပိုင်း ဒီမိုကရေစီ (Partial democracy)” ဖြစ်မလာပါ။ ဓလေ့ထုံးစံ တခုခု ဒါမှမဟုတ် ကြိုတင်သတ်မှတ်ချက် တခုခုကို ချိုးဖောက်လိုက်ပြီဆိုတာနဲ့ ကျန်တဲ့ ဓလေ့ထုံးစံတွေ ဒါမှမဟုတ် ကြိုတင်သတ်မှတ်ချက်တွေ အားလုံးလည်း ပျက်ယွင်းသွားပြီ ဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
အင်ဒရီးစ် ရှယ်ဒလာ (Andreas Schedler) သည် မက္ကဆီကိုမြို့၊ Facultad Latinoamericana de Ciencias Sociales (FLACSO) မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ တယောက်ဖြစ်ပြီး Committee on Concepts and Methods of the International Political Science Association တွင်လည်း ဥက္ကဋ္ဌဖြစ်သည်။ ဤစာတမ်းကို ဘာသာပြန်သော Educational Initiatives (ပညာရှေ့ဆောင်) အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)