ယခင်က အရှေ့တောင်အာရှဒေသတွင် ထိပ်တန်းတက္ကသိုလ်တခုအဖြစ် ရပ်တည်နိုင်ခဲ့သည့် ရန်ကုန်တက္ကသိုလ်ကြီး၏ ဂုဏ်ကို ပြန် လည်မြှင့်တင်နိုင်ရန် နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်း၍ ယခုအစိုးရသစ်လက်ထက်တွင် ပြန်လည် အသက်သွင်း ဆောင်ရွက် ခဲ့ကြသည်။
ထို့ကြောင့် တခြား နိုင်ငံတကာ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ စတင်နိုင်ခဲ့သလို ကမ္ဘာကျော် အမေရိကန် တက္ကသိုလ် တခု ဖြစ်သည့် Johns Hopkins University နှင့်လည်း ၂၀၁၃ ခုနှစ်မှစတင်ကာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ သို့သော်လည်း ၂၀၁၅ ခုနှစ်တွင်မူ သဘောထား မတိုက်ဆိုင်သည့်အတွက် လမ်းခွဲ ခဲ့ကြသည်။ ယင်းသို့လမ်းခွဲခဲ့ခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ဌာနမှ ဌာနမှူး ဒေါက်တာ ဒေါ်ချောချောစိန် ကို ဧရာဝတီ သတင်းထောက် ဘုန်းမြတ် က တွေ့ဆုံ မေးမြန်း ထားမှုကို ဖော်ပြလိုက်ပါသည်။
မေး။ ။ အစိုးရသစ် လက်ထက်မှာ ရန်ကုန်တက္ကသိုလ်နဲ့ နိုင်ငံတကာ တက္ကသိုလ်တွေ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေလေး ပြောပြပေးပါ။
ဖြေ။ ။ နိုင်ငံတကာတက္ကသိုလ်နဲ့ ပူးပေါင်းဆောင်ရွက်မှုက အစိုးရသစ်စပြီး ပြောင်းလဲလာကတည်းက ယူနီဗာစတီတွေအများကြီး ဆရာမတို့ တက္ကသိုလ်နဲ့ပူးပေါင်းဆောက်ရွက်မှုလုပ်ခဲ့တာ အခုဆိုရင် ၃နှစ်ကျော် ၄နှစ်တာ ကာလအတွင်း MOU (နားလည်မှု စာချွန် လွှာ) ထိုးခဲ့တဲ့ International University ပေါင်း ၂၃ ခုရှိပါပြီ။ ပြီးတော့ MOUမထိုးဘဲ International partanerတွေ နဲ့ ပူးပေါင်း ဆောင်ရွက်တာ အများကြီး ရှိတယ်။ အဲဒီပူးပေါင်းဆောင်ရွက်မှုတွေကို ကြည့်မယ်ဆိုရင် ၂ဦးနှစ်ဖက် အကျိုးရှိတာတွေလည်းရှိကြ တယ်။ နောက်ပြီးတော့ နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ပူးပေါင်းတယ်ဆိုတာကလည်း ကိုယ့်အတွက်အခွင့်အရေးတွေ အများကြီးရှိတယ်။ ကိုယ့်အတွက်လည်း လေ့လာရမယ့် နည်းလမ်းတွေလည်း အများကြီး ရခဲ့တယ်။
မေး။ ။ ဘယ်နိုင်ငံက တက္ကသိုလ်တွေနဲ့ အဓိက ပူးပေါင်းဆောင်ရွက်နေတာလဲ။
ဖြေ။ ။ Faculty capacity training အနေဖြင့် ကိုရီးယားနိုင်ငံ Chung Ang Univeristy, Open Society Foundations ရဲ့ ကူညီ ထောက်ပံ့မှုနဲ့ ဟန်ဂေရီနိုင်ငံ Central European Univeristy တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်။ နောက် သုတေသန လုပ်ငန်း အနေနဲ့ ဂျပန်နိုင်ငံ ကျိုတို တက္ကသိုလ် , Southeast Asia Studies Centre နဲ့လည်း ပူးပေါင်း ဆောင်ရွက်လျက် ရှိတယ်။ Curriculum Development အနေနဲ့ အောက်စ်ဖို့ဒ် တက္ကသိုလ်, Australia National University, ဟောင်ကောင် တက္ကသိုလ်, ကိုလမ်ဘီယာ တက္ကသိုလ် တို့နဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်။ Student Exchange Program အနေနဲ့ ကနေဒါ နိုင်ငံ တိုရမ်တို တက္ကသိုလ် , အိုဆာကာ တက္ကသိုလ် , အင်ဒိုနီးရှား နိုင်ငံ Parahyangan Catholic University တို့နဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်။
မေး။ ။ အခြား ဘယ်နိုင်ငံက တက္ကသိုလ်တွေနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့ ရှိလဲ။ ဘယ်နိုင်ငံက တက္ကသိုလ်တွေက ပူးပေါင်း ဖို့ ကမ်းလှမ်းထားတာ ရှိသေးလဲ။
ဖြေ။ ။ Student exchange program အတွက် အိန္ဒိယနိုင်ငံက ပူးပေါင်း ဆောင်ရွက်ဖို့ ကမ်းလှမ်းထားတာ ရှိတယ်။ ဂျပန် နိုင်ငံ Meji Uinversity နဲ့ Student exchange program အတွက် ပူးပေါင်း ဆောင်ရွက်ဖို့ အစီအစဉ်တွေ ရှိတယ်။ ထိုင်း နိုင်ငံ National Institute of Development Administration နဲ့ နယူးဇီလန် နိုင်ငံ အနေနဲ့လည်း ပူးပေါင်း ဆောင်ရွက်ဖို့ ကမ်းလှမ်းထားပါတယ်။
မေး။ ။ ဂျွန်ဟော့ကင်း တက္ကသိုလ်နဲ့ စတင်ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဘယ်တုန်းကလဲ။
ဖြေ။ ။ ဂျွန်ဟော့ကင်း တက္ကသိုလ်ကြီး စပြီး ဝင်လာတာကတော့ ၂၀၁၃ ဇန်နဝါရီလကပါ။ ဝင်လာတော့ အဲဒီတုန်းကMOU တွေထိုးတာတွေ မဟုတ်သေးဘူး။ နားလည်မှု ပုံစံနဲ့ပေါ့။ အဲဒီတော့ ဒီနားလည်မှု ပုံစံကို ဘယ်လိုကနေ ရခဲ့တယ် ဆိုတာကတော့ သမ္မတကြီး ဦးသိန်းစိန်က အမေရိကားကို သွားတယ်။ ဂျွန်ဟော့ကင်း တက္ကသိုလ်ထဲမှာ မိန့်ခွန်းပြော ခဲ့တယ်။ အဲ့ဒီတော့ သမ္မတကြီးရဲ့သဘောထားက ဖြစ်စေချင်တာက ဆရာမတို့ နိုင်ငံမှာလည်း အထင်ကရဖြစ်တဲ့ ရန်ကုန် တက္ကသိုလ်ကြီးကို တချိန်တုန်းက အဆင့် လိုပြန်ဖြစ်လာအောင်ရယ်။ တချိန်ကဂျွန်ဟော့ကင်း တက္ကသိုလ်ကြီးက ရန်ကုန်တက္ကသိုလ်ကြီးမှာ ရှိခဲ့တယ်ဆိုတော့ ဒါကို ပြန်ပြီး တော့ အသက်သွင်းချင်တဲ့ ဆန္ဒနဲ့ ဂျွန်ဟော့ကင်းတက္ကသိုလ်ကြီး ဒီမှာလာပြီးတော့ ပူးပေါင်းဆောင်ရွက်ပါလို့ ပြောခဲ့တယ်။ သမ္မတကြီး ကတော့ နှုတ်အားဖြင့် ခွင့်ပေးလိုက်တယ်။ တကယ်တမ်း နောက်ပိုင်းကျတော့ ဝန်ကြီးဌာနနဲ့ အလုပ်လုပ်ကြရတာပေါ့။ ဂျွန်ဟော့ ကင်း တက္ကသိုလ်ကတော့ ကြားထဲမှာ ပွဲစားတော့ ရှိတယ်။ အစကတော့ ဆရာမတို့က သူတို့ကို ပွဲစားလို့မသတ်မှတ်ဘူး။
တက္ကသိုလ် ၂ခုစလုံးအကျိုးကို ဆောင်ရွက်မယ့် ကိုယ်စားလှယ်တွေလို့ ထင်ခဲ့တာ။ ဒါပေမယ့်လို့ တကယ်တမ်း လက်တွေ့ အလုပ် လုပ်လာခဲ့အခါ အဲလိုပုံစံ မျိုး မတွေ့ရ တော့ဘူး။ အဓိက က ဂျွန်ဟော့ကင်း တက္ကသိုလ် ဆိုတာ သူ့အောက်မှာ School တွေ အများကြီး ရှိတယ်။ အဲ့ဒီအထဲက School of Advanced International Studies (SAIS) က ဆရာမတို့ တက္ကသိုလ်ကြီးမှာ International Center of Excellence (ICOE) အနေနဲ့ ဖွင့်လှစ်ခဲ့တာပါ။ ပထမဆုံး ဖွင့်လှစ်ခဲ့တဲ့ သင်တန်းမှာ သူတို့ တက္ကသိုလ်တင် မကဘူး။ ကိုရီးယားက တက္ကသိုလ်ပါ ပေါင်းပြီးတော့လည်း ဖွင့်တာ။
ဒါပေမယ့် အထင်ကရ ဖြစ်တာကတော့ ဂျွန်ဟော့ကင်း ဆိုတော့ နာမည်ကြီးနေတာ။ တကယ်တော့ ပူးပေါင်းတာက ဂျွန်ဟော့ကင်း ရယ်၊ ရန်ကုန်တက္ကသိုလ်ရယ်၊ ချုံအန်း တက္ကသိုလ်ရယ် ဒီ ၃ခုက ပူးပေါင်းပြီးတော့ International Center of Excellence မှာ International Relations and Development သင်တန်းဖွင့်တာ။ သင်တန်းပြီး သွားတဲ့ အခါကျတော့ ဘယ်လို ဘွဲ့ပေးမလဲ၊ ဘယ် လို Certificate ပေးမလဲ ဆိုတာ Issue လေး တခုဖြစ်လာတယ်။ အဲဒီတော့ သူတို့ကို ဒီပလိုမာပေးမလား၊ မာစတာပေးမလား အဲဒီ လို ဖြစ်လာတယ်။ အဲဒီလိုဖြစ်လာ တော့ ဆရာမတို့ တက္ကသိုလ်ကြီးမှာရှိတဲ့ International Center Of Excellent (ICOE)ကို မေးကြည့်တော့ ဂျွန်ဟော့ ကင်း တက္ကသိုလ်ကြီးရဲ့ အသိအမှတ်ပြု လက်မှတ်ကို ပေးမလားဆိုတာ ဆရာမတို့က မေးပါတယ်။ အဲဒီ လို မေးတော့ သူတို့က မပေးဘူးလို့ပြောတယ်။ အဲဒီလို မပေးဘူးလို့ပြောတော့ ရန်ကုန် တက္ကသိုလ်ကြီးကပဲ အသိအမှတ်ပြု လက်မှတ် ပေးလိုက်ရတယ်။
မေး။ ။ ဒါဆို စပြီး ပူးပေါင်းဆောင်ရွက် ကတည်းက အဲ့ဒီ သဘောတူညီချက်ကို ထည့်ပြီး မဆွေးနွေးခဲ့ဘူးလား။
ဖြေ။ ။ မဆွေးနွေးခဲ့ဘူး။ မဆွေးနွေးဘူး ဆိုတာထက် အရင်ဝန်ကြီးက ဖွင့်ပါဆိုလို့လက်ခံခဲ့ရတယ်။ သို့သော်လည်း ဒီလိုတက္ကသိုလ် နဲ့ ဆောင်ရွက်တဲ့အခါ အခုမှစပြီးလုပ်တာဆိုတော့ အတွေ့အကြုံတွေလည်း မရှိကြသေးတဲ့အခါ အားနည်ချက်လေးတွေတော့ ရှိလာ တယ်။ ဒါပေမယ့် အခြားတက္ကသိုလ်တွေနဲ့ ပူးပေါင်းလုပ်တဲ့အခါ ဘာပြဿနာမှ မရှိဘဲနဲ့။ ဒီတက္ကသိုလ်ကြီးနဲ့မှ အဖုအထစ်လေးတွေ ဖြစ်လာတာက အဓိက က ကြားလူဝင်လို့ပါပဲ။ တကယ်တော့ အပြင်မှာပြောနေကြတဲ့ Academic Freedom မရလို့ ဂျွန်ဟော့ ကင်း တက္ကသိုလ်ကြီးက ပြန်သွားရတာပါလို့ ပြောနေတဲ့ အပေါ်မှာ ရှင်းပြချင်တယ်။
တကယ်တော့ ကျောင်းသား တွေ အော်နေတဲ့ Academic Freedom တို့ တက္ကသိုလ် ဆရာ၊ ဆရာမ တွေ လိုချင်နေတဲ့ Academic Freedom ၊ ဒါ့အပြင် အစိုးရ ဝန်ကြီး ဌာနက အကောင်အထည်ဖော်ပေးမယ်လို့ ပြောတဲ့ Academic Freedomဆိုတာ ဘယ်သူ ရသင့်တဲ့ Acadmic Freedom လည်းဆိုတာ မေးခွန်းပြန်မေးရမယ်။ Academic Freedom ဆိုတာ မြန်မာနိုင်ငံသားတွေ လိုချင်ကြ တာလေ။ ကိုယ့်တက္ကသိုလ်ကြီးထဲမှာအလုပ် လုပ်နေတဲ့ သူတွေက Academic Freedom လိုချင်တာ။
ဒါပေမယ့် ဂျွန်ဟော့ကင်း တက္ကသိုလ်က သူတို့လာတာက ဘယ်လိုလဲ ဆိုရင် ကြားပွဲစားက လုပ်ပေးတာက ဒီ ICOEမှာ Academic Freedom အပြည့်အ၀ Absolute ဆိုတဲ့ စကားပါ ပါတယ်။ Absolute Academic Freedom လိုချင်တယ်တဲ့။ အဲ့ဒီတော့ စဉ်စားကြည့် ဖို့ လိုတာပေါ့။ ဆရာမတို့ ရန်ကုန်တက္ကသိုလ်ကလည်း တခြားနိုင်ငံမှာ သွားဖွင့်မယ်ဆိုရင် Academic Freedom ပေးမှာလား။ အဲ့ဒီတော့ ဆရာမတို့ တောင်းဆိုတာ ကိုယ့်လူမျိုးတွေ အတွက် Academic Freedom လိုချင်တာ။ နိုင်ငံခြားသားက ဒီမှာလာဖွင့် မယ်။ သူကြိုက်သလို တစင် ထောင်နေမယ်။ ကိုယ့်ရဲ့နယ်မြေထဲမှာ သူကြိုက် သလိုလူပ်ရှားနေမယ်ဆိုတဲ့ ကိစ္စကတော့ သူ့ကို ထိန်းကျောင်းမယ့်သူ မရှိရင် သူကြိုက်သလို လုပ်သွားမှာပေါ့။
မေး။ ။ ပူးပေါင်းဆောင်ရွက်မှု ပျက်ရတဲ့ အဓိက အချက်က ဘာဖြစ်မလဲ။
ဖြေ။ ။ အဓိက ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ Fund မရလို့။ Fund တွေ မရတာက ဂျွန်ဟော့ကင်း တက္ကသိုလ်ကြီးက Funding တွေမရလို့။ သူတို့ကို ထောက်ပံံ့တဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ ပထမ နှစ်မှာ ပံ့ပိုးတာက KOICA(ကိုရီးယား နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ)က ပံ့ပိုးတယ်။ KOICAက နောက်ဆုံး ကိုရီးယား ကိုပဲ ပေးတယ်။ သူတို့ကို မပေးတော့ဘူး ဆိုတော့ သူတို့က တခြား Fund တွေနဲ့ ရပ်တည်ရတယ်။ အဲဒီ Fund တွေနဲ့ ရပ်တည်တာကလည်း ပူးပေါင်းဆောင်ရွက်မှု အားနည်း တာကြောင့်လည်း ပါတယ်။ ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ် ဆိုတာ ဆရာမတို့ အပိုင်းက မဟုတ်ဘူး။
ဂျွန်ဟော့ကင်း တက္ကသိုလ်ပိုင်းက ပူးပေါင်း ဆောင်ရွက်တာ အားနည်းတာ။ ဘာတခုမှ ညှိနှိုင်းဆောင်ရွက်တာ မရှိဘူး။ နောက်တခု က ICOEမှာ ဥက္ကဋ္ဌ အဖြစ်လိုချင်တာ က Professor Karl Jackson ကဥက္ကဋ္ဌ လုပ်ချင်တယ်။ အခုနက ပွဲစား CSO က ဒုဥက္ကဋ္ဌ လုပ်ချင်တယ်။ အဲဒါမျိုးတွေကြောင့် ပူးပေါင်းဆောင်ရွက်မှုက အဆင်မပြေဘူး။ အဲ့ဒီတော့ ဒီကိစ္စတွေကို ထောက်ပံ့ပေးမယ့်အဖွဲ့အစည်းက သိတဲ့အခါ Fund တွေ မပေးတော့ဘူး။ Fund တွေ မပေးတော့တဲ့အခါ ဂျွန်ဟော့ကင်း တက္ကသိုလ်က ပြန်သွားရတာ။
မေး။ ။ ရန်ကုန် တက္ကသိုလ်အနေနဲ့ကရော ဂျွန်ဟော့ကင်း တက္ကသိုလ်ကို ပူးပေါင်းမှု ရပ်ဆိုင်းရတာနဲ့ပတ်သက်ပြီး သူတို့ရဲ့ သဘော ထား ကို မေးတာရှိလား။
ဖြေ။ ။ မေးပါတယ်။ ဘာမှကို အီးမေးလ် မပြန်တော့တာ။ အဲဒီကိစ္စကို အဆင်ပြေအောင်လို့ ဆရာမက အမေရိကန်ကို သွားဖို့ တိုက် ဆိုင် လာတယ်။ သွားတဲ့ အဓိက က Asia Foundation က ဖိတ်လို့သွားရတာ။ အဲဒီမှာ Professor Karl Jackson နဲ့လည်း တွေ့ ရမှာဆိုတော့ အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးဖို့ ဆရာမကို လက်ရှိ ဝန်ကြီးက မှာလိုက်တယ်။ ဆရာမတို့ရဲ့ သဘော ဆန္ဒက ပူးပေါင်းဆောင်ရွက်ချင်တဲ့ ဆန္ဒရှိတဲ့အတွက်ကြောင့်မို့ မလာနဲ့တော့ဆိုတာ မရှိဘူး။ အဲဒီအတွက်ကြောင့် ဆရာမ သွားတယ်။ သွားတော့ စေ့စပ်ညှိနှိုင်းခဲ့တယ်။ MOU ထိုးဖို့ အတွက်ပါ။ သူတို့တောင်းဆိုတဲ့ Absolute Academic Freedom ကို ပြင်ပေး ဖို့ပေါ့။ အဲ့ဒါလေး ပြင်ပေးရင် အကုန်လုံးလက်မှတ်ထိုးဖို့ အဆင်ပြေတယ်ဆိုတာကို ညှိနှိုင်းခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်မှာကိုက Fund တွေပေးမယ့် အဖွဲ့က ရပ်ဆိုင်းသွားတာ။ တိုက်တိုက်ဆိုင်ဆိုင်လည်း ဖြစ်သွားတာပေါ့ နော်။
မေး။ ။ ဂျွန်ဟော့ကင်းက နောက်တခါ ပူးပေါင်းဆောင်ရွက်မှု ထပ်မံပြုလုပ်ဖို့ ဆန္ဒရှိရင် ရန်ကုန် တက္ကသိုလ်က လက်ခံဖို့ရှိလား။
ဖြေ။ ။ ဆရာမတို့ဘက်ကတော့ MOU ပေါ် အခြေခံပြီး အလုပ်လုပ်မယ်ပေါ့။ MOUမှာ နှစ်ဖက် အကျိုးရှိမယ့် ကိစ္စရပ်တွေဆိုရင် ဒီအပေါ်မှာ အခြေခံပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဆရာမတို့က ဆန္ဒရှိပါတယ်။ ဒါပေမယ့် ကြားပွဲစားမပါဘဲနဲ့ G to G(အစိုးရချင်း)သည် အကောင်းဆုံး။ University to University သည် အကောင်းဆုံးဖြစ်ပါတယ်။ ။