ပြည်တွင်းတွင် အမုန်းစကားဆန့်ကျင်ရေး လုပ်ဆောင်နေသည့် အဖွဲ့တခုက သပိတ်မှောက်ကျောင်းသားများကို ထောက်ခံသည့် “We Support Myanmar Students” Facebook အွန်လိုင်းလှုပ်ရှားမှုကို ပြုလုပ်ခဲ့ရာ Like လုပ်သူ သောင်းချီရှိလာပြီး ကမ္ဘာတလွှားမှ Facebook သုံးစွဲသူများက ထောက်ခံသည့် Post များ တင်နေကြသည်။
“We Support Myanmar Students” ဟု အမည်ရသည့် Facebook စာမျက်နှာတွင် မတ်လ ၁၄ ရက်နေ့အထိ Like ၁ သောင်းခွဲကျော် ရှိနေသည်။ Facebook အသုံးပြုသူများက ကျောင်းသားလှုပ်ရှားမှုကို ထောက်ခံ ကြောင်းဖော်ပြထားသည့် စာရွက်များကို ကိုင်ဆောင်ကာ ဓာတ်ပုံရိုက်၍ “We Support Myanmar Students” စာမျက်နှာ တွင် တင်ပေးကာ အားပေးထောက်ခံခဲ့ကြသည်။
ဒေသတွင်းနိုင်ငံများ ဖြစ်သည့် မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒို နီးရှား၊ ကမ္ဘောဒီး ယား၊ ဗီယက်နမ်၊ နီပေါ၊ ဟောင်ကောင်၊ ထိုင်းနိုင်ငံတို့မှ ထောက်ခံသူများအပြင် ဒိန်းမတ်၊ အမေရိ ကန်၊ မက်ဆီကို၊ ချီလီနှင့် အာဖရိက နိုင်ငံများမှ ထောက် ခံကြောင်းဖော်ပြသည့် ဓာတ်ပုံများလာတင်ခဲ့ကြရာ မတ်လ ၁၄ ရက်နေ့ နေ့ လည်ပိုင်းအထိ ဓာတ်ပုံ ၁၆၀ ကျော်တင်ခဲ့ကြ ပြီး ဖြစ်ပါသည်။
မတ်လ ၁၀ ရက်နေ့က ပဲခူးတိုင်း၊ လက်ပံတန်းမြို့တွင် သပိတ်မှောက် ကျောင်းသားစစ်ကြောင်းကို ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းပြီးနောက် အွန်လိုင်းလှုပ်ရှားမှု စတင်ခဲ့ခြင်း ဖြစ်သည်။
“အခုအချိန်မှာ ကမ္ဘာတလွှားက ပြည်သူတွေက မြန်မာကျောင်းသားတွေနဲ့ အတူရှိနေကြောင်း ပြသချင်ပါတယ်။ အကြမ်းဖက်မှု မှန်သမျှကို ရှုတ်ချပြီးတော့ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေနဲ့ ဆန္ဒပြသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသားပညာရေးကို ပြုပြင်ပြောင်းလဲဖို့ ကျောင်းသားတွေရဲ့ တောင်းဆိုမှုကို ထောက်ခံပါတယ်” ဟု အဆိုပါ Facebook စာမျက်နှာတွင် သတင်းစကားရေးသားထားသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်၍ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ မိုင် ၄၀၀ ကျော် လမ်းလျှောက် ချီတက်လာခဲ့သော ကျောင်းသားများကို ရဲတပ်ဖွဲ့က နံပါတ်တုတ်များဖြင့် ကြမ်းတမ်းစွာ ရိုက်နှက်၍ လူစုခွဲခဲ့သည်။ ချီတက်လာသော ကျောင်းသားများကို ရန်ကုန်မြို့နှင့် ၈၅ မိုင်ခန့် ကွာဝေးသော လက်ပံတန်းမြို့ရှိ အောင်မြေဗိမာန် ဘုန်းတော်ကြီးကျောင်းတွင် အာဏာပိုင်များက တပတ်ကြာ ပိတ်ဆို့ထားခဲ့ပြီးမှ ထိုသို့ဖြိုခွဲခဲ့ခြင်း ဖြစ်သည်။ မတ်လ ၁၀ ရက်နေ့ အကြမ်းဖက်ဖြိုခွဲမှု အပြီးတွင် ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၀၀ ကျော်ရှိပြီး ဒဏ်ရာရသူ ဒါဇင်ပေါင်းများစွာ ရှိခဲ့သည်။
ထို့ကြောင့် အွန်လိုင်းပေါ်တွင် အမုန်းစကား မပြန့်ပွားရေး ဆောင်ရွက်နေသည့် ပြည်တွင်းအဖွဲ့တခုဖြစ်သော ပန်းစကား အဖွဲ့က ရဲအဖွဲ့၏ အလွန်အကျွံ အင်အားသုံးစွဲခဲ့မှုကို လူသိရှင်ကြား ဝေဖန်ကန့်ကွက်ကြောင်း ဖော်ပြနိုင်ရန် ဆောင်ရွက်ခဲ့သည်။
ဆန္ဒပြကျောင်းသားများ၊ အားပေးထောက်ခံသူများနှင့် မီဒီယာများကို အာဏာပိုင်များက အင်အားသုံး၍ တိုက်ခိုက် နှိမ်နင်းခဲ့သည်ကို ဆန့်ကျင်ကန့်ကွက်သည့် အကြမ်းဖက်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုတခုကို ၎င်းတို့အဖွဲ့က စုစည်းပေးနေသည်ဟု Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
“နှင်းဆီဖြူလှုပ်ရှားမှု (White Rose Campaign – အာဏာရှင် ဟစ်တလာကို ဆန့်ကျင်ခဲ့ကြသော ဂျာမန် တက္ကသိုလ် ကျောင်းသားများ၏ လှုပ်ရှားမှု) လိုပါပဲ။ ရည်ရွယ်ချက်က အကြမ်းဖက်မှု မရှိသင့်ဘူးဆိုတဲ့ သတင်းစကားကို ဝေမျှဖို့ ဖြစ်ပါတယ်။ ဘယ်သူကပဲလုပ်လုပ်၊ ဘယ်လို အကြောင်းပြချက်ပဲ ပေးပေး၊ အကြမ်းဖက်မှုဟာ အကြမ်းဖက်မှုပါပဲ” ဟုလည်း ဖော်ပြထားသည်။
ထောက်ခံသူများက အဖြူရောင်နှင်းဆီတပွင့် ပုံကို ၎င်းတို့၏ Facebook တွင် Profile ဓာတ်ပုံအဖြစ် တင်ပြီး အားပေးခဲ့ကြသည်။ အပြင်တွင် အသုံးပြုနိုင်သည့် နှင်းဆီပွင့်ပုံ စတစ်ကာများကိုလည်း မကြာမီရရှိမည်ဟု သိရသည်။
ပန်းစကားအဖွဲ့ကို ထင်ရှားသော တက်ကြွလှုပ်ရှားသူတဦး ဖြစ်သူ ကိုနေဘုန်းလတ်က စတင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကာလက အစိုးရကို ဝေဖန်သည့် ဘလော်ဂါအဖြစ် လူသိများခဲ့သူ ဖြစ်သည်။ အစိုးရကို ဆန့်ကျင်ခဲ့သည့် အတွက် အီလက်ထရောနစ် ဥပဒေဖြင့် သူ့ကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခြင်း ခံခဲ့ရသည်။ သို့သော်လည်း ၂၀၁၂ ခုနှစ်တွင် လွတ် ငြိမ်းချမ်းသာခွင့်ရရှိပြီး ပြန်လည် လွတ်မြောက်လာခဲ့သည်။
ကျောင်းသားလှုပ်ရှားမှုနှင့် ဖိနှိပ်ကန့်သတ်ခြင်းက မြန်မာနိုင်ငံတွင် အသစ်အဆန်းမဟုတ်ပါ။ သို့သော်လည်း အင်တာနက်ကို တွင်တွင်ကျယ်ကျယ် စတင် သုံးစွဲလာကြသည့် အချိန်တွင် ပေါ်ပေါက်လာခဲ့သော မတ်လ ၁၀ ရက်နေ့က ရဲတပ်ဖွဲ့၏ အကြမ်းဖက်ဖြိုခွဲမှုကမူ မှတ်တမ်းတင်စရာ ဖြစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံတွင် အင်တာနက်၏ ထိုးဖောက် ပျံ့နှံ့မှုက အလွန်နည်းပါးခဲ့ပြီး စစ်အစိုးရကလည်း သုံးစွဲမှုကို တင်းကျပ်စွာ ကန့်သတ်ထားခဲ့သည်။ ဝက်ဘ်ဆိုက်များ၊ အထူးသဖြင့် Facebook ကဲ့သို့သော လူမှုကွန်ရက်များနှင့် သတင်းဌာန ဝက်ဘ်ဆိုက်များကို ပိတ်ပင်ထားခဲ့သည်။
ယခု ကျောင်းသားဆန္ဒပြမှုကို ဖြိုခွင်းသည့် အခါတွင်မူ လူမှုမီဒီယာ ကွန်ရက်များကြောင့် ကြမ်းတမ်းရက်စက်သည့် ပုံရိပ်များက နာရီပိုင်းအတွင်းတွင် ပျံ့နှံ့သွားခဲ့ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်း အွန်လိုင်း အသိုင်းအဝိုင်းသာမက ကမ္ဘာအရပ်ရပ်မှပါ ဝေဖန် ရှုံ့ချမှုများ လျှင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Andrew D. Kaspar ၏ Netizens in Burma, Globally Vow Student Solidarity ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။)