ရန်ကုန်မြို့တွင် တပ်မတော် စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့(စရဖ)၏ ဖမ်းဆီးထိန်းသိမ်းခံရစဉ်အတွင်း သေဆုံးသွားသော ကိုးကန့် ခေါင်းဆောင်ဖုန်ကြားရှင်၏ဆွေမျိုးဖြစ်သူ ကိုးကန့် စီးပွားရေးလုပ်ငန်းရှင် ဦးလီကွမ်ချင်(ခေါ်) ဦးလှဝင်း သည် မိမိ ကိုယ်ကိုယ် သေကြောင်း ကြံ သတ်သေသွားခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖေဖော်ဝါရီ ၂၃ ရက်တွင် မင်္ဂလာဆောင်မှအပြန်၌ ကိုးကန့်တပ်ဖွဲ့ကို ဘဏ္ဍာရေးထောက်ပံ့နေသည်ဟု သံ သယဖြင့် တပ်မ တော် စစ်ဘက်လုံခြုံရေးအဖွဲ့(စရဖ)က ဦးလီကွမ်ချင်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ မတ်လ ၅ ရက်တွင် မင်္ဂလာဒုံ စစ်ဆေးရုံ ၌ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ဦးလီကွမ်ချင်သည် မင်္ဂလာဒုံ တပ်မတော်စစ်ဆေးရုံတွင် ဆေးကုသမှုခံယူ နေစဉ် ရုတ်တရက် ပြတင်းပေါက်မှ ခုန်ချကာ သေကြောင်းကြံစည်းသွားခြင်းဖြစ်ပြီး မဂ်လာဒုံရဲစခန်းတွင် သေမှု သေခင်း ဖွင့်ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးက ပြောသည်။
ဦးလီကွမ်ချင်သည် အစိုးရနှင့်တိုက်ပွဲများဖြစ်ပွားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) ခေါင်းဆောင်ဖုန်ကြားရှင်၏သားဖြစ်သူ စစ်ဦးစီးချုပ် ဖုန်ကြာရန်နှင့် ယောက်ဖတော်စပ်သူဖြစ်ပြီး ဦးလီကွမ်ချင်အပြင် အခြားကိုးကန့်လူမျိုးတချို့ကိုလည်း အာဏာ ပိုင်များက ဖမ်းဆီးထားကြောင်း သိရှိရသည်။
စစ်တပ်က ဖမ်းဆီးထိန်းသိမ်းပြီးနောက် ဦးလီကွမ်ချင် သေဆုံးသွားခြင်းသည် စစ်တပ်၏ ဖမ်းဆီးနှိပ်စက်မှုများကြောင့် သေ ဆုံး ခြင်းဖြစ်သည်ဟု ကိုးကန့်အများစုက သံသယရှိနေကြသည်။
ဦးလီကွမ်ချင်သည် သေဆုံးချိန်တွင် မျက်နှာညာဘက်ခြမ်းနှင့် ဝမ်းဗိုက်တို့တွင် ပြင်းထန်သည့် ဒဏ်ရာများ တွေ့ရှိရပြီး ရင်ခွဲ စစ်ဆေးရာတွင် ကိုယ်တွင်းအင်္ဂါများမှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးနေကြောင်း သူနှင့်နီးစပ်သော အသိုင်းအဝိုင်း က ပြော ဆိုသည်။
ကိုးကန့်တပ်ဖွဲ့(MNDAA)မှ အထွေထွေအတွင်းရေးမှူး ဦးထွန်းမြတ်လင်းက ဦးလီကွမ်ချင်(ခေါ်) ဦးလှဝင်းသည် ဖုန်ကြားရှင်နှင့်ဆွေမျိုးတော်စပ်သော်လည်း ကိုးကန့်တပ်ဖွဲ့နှင့်တစုံတရာ ဆက်စပ်မှု မရှိတော့ကြောင်း ပြောဆိုသည်။
“သူနဲ့ ဆွေမျိုးတော်စပ်တာပဲ ရှိပါတယ်။ စီးပွားရေးတို့၊ နိုင်ငံရေးတို့၊ စစ်ရေးတို့ ဘာမှပတ်သက်မှု မရှိပါဘူး။ အထူးသ ဖြင့် ၂၀၀၉ ခုနှစ်နောက်ပိုင်းမှာ ဖုန်းတောင်ဆက်သွယ်မှု မရှိဘူး။ သူတို့(စရဖ)လည်း ကျနော်တို့နဲ့ အဆက်အသွယ်ရှိ လား မရှိဘူး လားဆိုတာ သိသိကြီးပဲ။ သူတို့မသိတာမှာ မဟုတ်တာ” ဟု ဦးထွန်းမြတ်လင်းကဆိုသည်။
ဦးလီကွမ်ချင်သည် ဖုန်ကြားရှင် ကိုးကန့်ဒေသကို အုပ်ချုပ်စဉ်က ကိုးကန့်ဒေသ ဘဏ္ဍာရေးဝန်ကြီးအဖြစ် နှစ်ပေါင်း ၂၀ ခန့် ပေါ်ပေါ်ထင်ထင်လုပ် ကိုင်ခဲ့သူဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့ယူနီဖောင်းဝတ်ဆင်ထားလေ့ရှိသူဖြစ်ကာ နောက်လိုက် တပ်ဖွဲ့ဝင် များပင်ရှိခဲ့ကြောင်း သိရှိရသည်။
ဦးလီကွမ်ချင်သည် အသက် ၆၀ အရွယ်ရှိပြီး ကိုးကန့်ယဉ်ကျေးမှုအသင်း၏ ဒုတိယဥက္ကဋ္ဌဟောင်းတဦးဖြစ်ကာ တရုတ် ကုန်သည်ကြီးများ၏ အသင်းဝင်တဦးလည်း ဖြစ်ကြောင်း၊ ကွယ်လွန်ချိန်တွင် ဇနီး၊ သား ၁ ဦး နှင့် သမီး ၂ ဦး ကျန်ရစ် ကြောင်း သိရှိရသည်။
MNDAA ကိုးကန့်တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့ပြီး ကိုးကန့်ဒေသကို အုပ်ချုပ်ခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်တွင် ကိုးကန့်ဒေသ၌ လက်နက်စက်ရုံ၊ မူးယစ်ဆေးဝါးစက်ရုံများတည်ဆောက်သည်ဟု အစိုးရက စွပ်စွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှ ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့သည် ယင်းဒေသမှ ထွက်ပြေးတိမ်းရှောင် သွားခဲ့ ရသည်။
ယင်းသို့ ထွက်ပြေးတိမ်းရှောင်ပြီး ၅ နှစ်အကြာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်မှစရွေ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့ကြား တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများကြောင့် သိန်း နှင့်ချီ သည့် ကိုးကန့်ဒေသခံများနှင့်ရွှေ့ပြောင်းလုပ်သားများမှာ စစ်ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။