ကွမ်းစားခြင်း အလေ့အထသည် မြန်မာ့ လူနေမှုဘဝတွင် တွင်ကျယ်စွာ နေရာယူထားပြီး လူကြီး၊ လူငယ် အများစုတို့ ကွမ်းကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးလျှက်ရှိသည်။ ကွမ်းယာကို အမျိုးသား အများစု စားသုံးကြပြီး တောနယ်များတွင် အမျိုးသမီးတချို့လည်း စားသုံးကြကြောင်း တွေ့ရသည်။
ကွမ်းစားခြင်းကို ရံဖန်ရံခါ ပြုလုပ်ပါက မည်သည့် ဆိုးကျိုးမျှ မရှိနိုင်သော်လည်း ကွမ်းအမြဲလိုလို စားသုံးသူများ အတွက်မူ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် ကင်ဆာရောဂါအထိ ဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေး ပညာရှင်များက ထောက်ပြကြသည်။
“ကွမ်းစားလို့ ကောင်းကျိုး ဘာမှမရှိဘူး။ ဒါပေမယ့် ကွမ်းအရသာကို သိသွားတဲ့သူက ဖြတ်လို့လုံးဝ မရတော့ဘူး။ အကြောင်းရင်းက ကွမ်းမှာပါတဲ့ ဆေးအရသာကို ကြိုက်ကြလို့ပဲ။ ကျနော်ကတော့ ဆက်စားနေဦးမှာပဲ” ဟု ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်မှာ နေထိုင်သည့် အသက် ၅၃ နှစ် အရွယ် ဦးသန်းဝင်းက ပြောသည်။
ကွမ်းစားခြင်းဆိုသည်မှာ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ ဆေးရွက်ကြီးနှင့် တခြား အမွှေးအကြိုင်များ ရော၍ ကွမ်းယာအဖြစ် ဝါးစားကြခြင်း ဖြစ်သည်။ ကွမ်းယာတွင် အဓိက ပါဝင်သော ကွမ်းရွက်၊ ကွမ်းသီးနှင့် ဆေးမျိုးစုံတို့တွင် ပါဝင်သော ဓာတုပစ္စည်း များစွာထဲမှ အေရိုကိုလင်း၊ ဖလေဗီနွိုက်ဒ်စ် တို့ကြောင့် ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။
ကွမ်းစားခြင်းကြောင့် ကွမ်းစားသူ ကိုယ်တိုင်တွင် ကျန်းမာရေး ထိခိုက်လာနိုင်သည့် အပြင် လူမှုရေးနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု တို့တွင်လည်း ဆိုကျိုးများ သက်ရောက်စေနိုင်သဖြင့် ကွမ်းစားသုံးမှုကို ရှောင်ကြဉ်ကြရန်နှင့် မရှောင်ကြဉ် နိုင်ပါက လည်း ကွမ်းတံတွေးများကို စည်းကမ်းတကျ စွန့်ပစ်ကြရန် လိုအပ်ကြောင်း လှုမှုအသိုင်းအဝိုင်းတွင် ပြောဆိုနေကြသည်။
ရန်ကုန်မြို့ခံ ဦးဘိုဘိုက “ကွမ်းစစားတုန်းကတော့ အဆိမ့်စားတာ။ နောက်ပိုင်းဆိုင်က ဆေးလေးနည်းနည်း ထည့်ပေး တယ်။ ဆေးမွှေးလေးဆိုရင် စားရင်းနဲ့ ကြိုက်လာတယ်။ နောက်ပိုင်း အကျင့်ဖြစ်လာပြီး ထမင်းစားပြီး လက်ဖက်ရည် သောက်ပြီးရင် ကွမ်းစားချင်လာတယ်။ ဖြတ်လို့ကတော့ လုံးဝမရတော့ဘူး။ ကွမ်းမှာပါတဲ့ ဆေးမွှေးအရသာကို ကြိုက်တာ” ဟု ပြောသည်။
ကွမ်းယာတွင် ပါဝင်သည့် ကွမ်းရွက်သည် သက်နုပစ္စည်း ဖြစ်သဖြင့် ကွမ်းအညွှန့်ကလေးများကို ကွမ်းရွက် မြန်မြန်ဖြစ်အောင် ဓာတုဗေဒ ပိုးသတ်ဆေးများ ဖြန်းရသည်။ ပိုးသတ်ဆေး ဖြန်းထားသည့် ကွမ်းရွက်များသည် ဈေးကွက်ထဲသို့ တိုက်ရိုက် ရောက်ရှိပြီး လူများကလည်း ဒီအတိုင်းပင် စားကြသည်။
ကွမ်းသီးကိုလည်း ကြာရှည်ခံ၍ မှိုမတက်အောင် ဆေးစိမ်ကြသည်။ ထိုဆေးစိမ်မှုသည် စားသုံးသူအတွက် အန္တရာယ် များသကဲ့သို့ ထုံးသည်လည်း ပါးစောင်နုနုအား ဆိုးဝါးစွာ ထိခိုက်စေနိုင်ကြောင်း ပြောဆိုလျက်ရှိသည်။
အဆိုးဆုံးမှာ ကွမ်းယာထဲတွင် မရှိမဖြစ် ပါဝင်သည့် အရာမှာ ဆေးရွက်ကြီး ဖြစ်သည်။ ဆေးရွက်ကြီးမှာ နီကိုတင်းနှင့် အယ်ကလွိုက် အပါအဝင် တခြား အမျိုးပေါင်းများစွာသော ဘေးဖြစ်စေသည့် ပစ္စည်းများ ပါဝင်ပါသည်။ ဆေးရွက်ကြီးကြောင့် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာမျို လမ်းကြောင်းကင်ဆာနှင့် အစာအိမ် ကင်ဆာတို့ကို ဖြစ်စေနိုင်ပါသည်။
ဆေးလိပ်ကြောင့် ကင်ဆာတမျိုးသာ ဖြစ်စေနိုင်သော်လည်း ကွမ်းမှာပါဝင်သည့် ကွမ်းရွက်၊ ကွမ်းသီး၊ ဆေးနှင့် ထုံးများကြောင့် အနည်းဆုံး ကင်ဆာ ၄ မျိုး လောက်အထိ ဖြစ်စေနိုင်ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်မှ သွားနှင့်ခံတွင်း ဆရာဝန် ဒေါက်တာစိုးတင့်က “ကွမ်းမှာပါတဲ့ ဆေးရွက်ကြီးက ပါးစပ်ထဲ ရောက်သွား ရင် ဖိန်းဖိန်းရှိန်းရှိန်းနဲ့ ဖြစ်တာကို သတိထားမိလိမ့်မယ်။ အဲဒီလို စူးရှတဲ့ အရသာက ပါးစပ်ထဲမှာ စပြီးတော့ ထိုးတော့ တာ။ ဒီလို စူးရှမှုက ကြိမ်ဖန်များစွာ လုပ်လာတဲ့အခါကျတော့ အသားလေး တွေက မခံနိုင်တော့ဘူး။ မခံနိုင်တော့ ခံနိုင် အောင် Changes လုပ်ပြီး အသားထူ၊ အသားပွားတွေ ထွက်လာရတယ်။ ပထမတော့ တနေရာတည်းမှာပဲ ထွက်တာ။ နောက်ကွမ်းစားတဲ့သူက မရပ်တော့ နေရာပေါင်းစုံမှာ ထွက်တော့တာပဲ။ အဲဒါကို ကင်ဆာဆဲလ် ပြန့်သွားတယ်လို့ ခေါ်တယ်။ ကင်ဆာဆဲလ်က ပြန့်သွားရင် ကုမရတော့လို့ သေကြရတယ်” ဟု ပြောသည်။
သို့သော် ကင်ဆာဆဲလ် ပြန့်ပွားခြင်းကို လှီးထုတ်ပစ်လိုက်ပြီး ဆဲလ်လေးများကို ရောင်ခြည်နှင့်ဖိကာ သတ်နိုင်ပါက အသက်မသေနိုင်ကြောင်း၊ ကင်ဆာ ဖြစ်စတွင် ခွဲထုတ်ပစ်နိုင်ကြောင်း၊ သို့သော် ထိုဆဲလ်လေးများသည် ခန္ဓာကိုယ် တခုလုံးသို့ ဆက်လက် ပြန့်သွားပါက ကုသ၍ မရနိုင်တော့ပေ။
လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဦးဖုန်းမြင့်အောင်သည် ကွမ်းစားခြင်း၏ ဆိုးကျိုးများကို ပြီးခဲ့သည့်လက လွှတ်တော်တွင် ဆွေးနွေးခဲ့ပြီး ကွမ်းစားသုံးခြင်း၏ ဆိုးကျိုးများကို အားမာန်အပြည့်နှင့် ပြောဆိုခဲ့သဖြင့် အမျိုးသား လွှတ်တော် နာယက ဦးခင်အောင်မြင့်က “စေတနာနဲ့ ပြောတာမိုလို့ သည်းခံလိုက်ကြပါ” ဟု မှတ်ချက်ပြုခဲ့ရသည်။
ကွမ်းယာထဲတွင် ဆေးမျိုးစုံ ထည့်စားလျက်ရှိရာ ဘုရင်မ၊ 92 ၊ 45 ၊ Signal ၊ Hundred စသည့် ဆေးများသည် ဗမာဆေးဟု ခေါ်သော ဆေးဝါထက် ကျန်းမာရေးကို ပိုမိုထိနိုင်စေနိုင်ပြီး ယင်းဆေးများသည် ပြည်ပနိုင်ငံတချို့မှ ပုံမှန်
ဝင်ရောက်လျက်ရှိသည့်အပြင် ဈေးကွက်ထဲတွင် ထိုဆေးမျိုးစုံစားသူက သိသိသာသာ ပိုမိုများပြားလျက် ရှိသည်။
“ဒီဆေးတွေက စားပြီးရင် အရမ်းစွဲသွားရော။ မစားရ မနေနိုင်ကြတော့ဘူး။ တချို့က ဆေးနည်းနည်း ထည့်ပေးရင် စိတ်ဆိုးသေးတယ်။ ဆေးအများကြီးနဲ့ စားတဲ့သူက များများထည့်စားရမှကို ကျေနပ်ကြတာ။ ဒီဆေးတွေက
ရိုးရိုး ဗမာဆေးတွေထက် ပိုပြင်းတော့ ပိုထိခိုက်မယ်လို့တော့ ထင်တယ်” ဟု ပန်းဘဲတန်းမြို့နယ်တွင် ကွမ်းယာဆိုင်ဖွင့်ထားသူ တဦးက ပြောသည်။
ယခုနောက်ပိုင်းတွင် ကွမ်းစားသော လူငယ်များသည် နိုင်ငံခြား ကုမ္ပဏီများတွင် အလုပ်သွားလျှောက်သည့်အခါ ဆေးစစ်ရာတွင် ဆေးကျခြင်းများ တွေ့ကြုံနေရကြောင်း၊ အကြောင်းရင်းမှာ ကွမ်းယာထဲတွင် ပါရှိသည့် ကွမ်းစားဆေး၊ နှပ်ဆေး တချို့ ကြောင့် မူးယစ်ဆေးဝါးသုံးသည်ဟု ယူဆပြီး အလုပ် မခန့်ကြတော့ခြင်း ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဦးဖုန်းမြင့်အောင်က ဧရာဝတီသို့ ပြောသည်။
ဦးဖုန်းမြင့်အောင်က “ကွမ်းက ချက်ချင်းစား ကင်ဆာ ချက်ချင်း ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ တောက်လျှောက်စား ပြီး နှစ် ၂၀၊ ၂၅ လောက်မှ ဖြစ်တာပါ။ မြန်မာနိုင်ငံမှာ ကွမ်းစားနှုန်းက တော်တော်ကို မြင့်တက်နေပါပြီ။ လူငယ်တွေ ဟာ ၁၂ နှစ်၊ ၁၃ နှစ်ဆိုရင် ကွမ်းစားနေကြပါပြီ။ ကွမ်းစားတဲ့ လူငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုနှုန်းက နှေးသွားပါတယ်။ ၁၉နှစ်၊ ၂၀ နှစ် လောက်မှာ ရှိသင့်တဲ့ ခန္ဓာကိုယ် အချိုးအစား မရှိတော့ဘဲ ပိန်နေတာမျိုးပါ” ဟု ပြောသည်။
ကွမ်းစားနေသူတို့၏ သွားမျက်နှာပြင်မှာ မူလသွားရောင်မရှိတော့ဘဲ ကွမ်းချိုးများ ကပ်နေသဖြင့် နီညိုရင့်ရောင်များဖြင့် ညစ်ပတ်နေပြီး ရုပ်ဆင်းတင့်တယ်မှုမှာ မရှိတော့ပေ။ သွားများ၏ အပေါ်ယံ ကြွေလွှာများ ပျက်စီးပြီး အတွင်းသား သွားများ လျင်မြန်စွာ ပေါ်လာလျက် အပူ၊ အအေးနှင့် ချဉ်သောအစာများ စားလျှင် သွားကျဉ်သောဝေဒနာ ခံစားရခြင်း၊ သွားဖုံးရောဂါ အဖြစ်များခြင်း၊ ခံတွင်းအကြို ကင်ဆာအနာများ ဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။
ဦးဖုန်းမြင့်အောင်က “ကျနော်တို့ လွှတ်တော်မှာကို ဆေးလိပ်ကြိုက်တဲ့ ကိုယ်စားလှယ်တဦးနဲ့ ကွမ်းကြိုက်တဲ့ ကိုယ်စားလှယ် တဦးတို့ဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပိုက်ဆံတွေလည်း တော်တော် ကုန်နေပါပြီ။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ကွမ်းပြဿနာဟာ ဒီနေ့စဖြေရှင်းလည်း ပြေလည်မှာ မဟုတ်သေးပါဘူး။ နောက် မျိုးဆက်တခု လောက်ကြာမှာ အောင်မြင်မှာပါ” ဟု လွှတ်တော်တွင် ပြောကြားသည်။
မြန်မာနိုင်ငံတွင် ကွမ်းထွေးခြင်းနှင့် ပတ်သက်၍လည်း စည်းကမ်း မရှိကြပေ။ ရန်ကုန်မြို့တွင် ဘတ်စ်ကား ဒရိုင်ဘာ၊ စပယ်ယာ၊ ခရီးသည် အားလုံး ကြုံသလို ကွမ်းထွေးကြသည်။ ကားလေးစီးသူများက မီးပွိုင့်မိလျှင် ကားတံခါးဖွင့်၍ ကွမ်းတံတွေး ထွေးကြသည်။ ရန်ကုန်မြို့ လမ်းမများပေါ်တွင် လူတိုင်း ကွမ်းတံတွေးကို ထွေးချင်သလို ထွေးကြ သော်လည်း တားဆီး မည့်သူမရှိသလို ကွမ်းတံတွေးလိုက်ခြင်းကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းသွားမှာကို စိုးရိမ်မည့်သူလည်း မရှိပါ။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) အနေဖြင့် ရန်ကုန်မြို့ လမ်းမများပေါ်ရှိ ကွမ်းတံတွေးများကို ၂ ပတ်လျှင်တခါ မြို့ထဲ ဧရိယာတဝိုက်တွင် ရေကားဖြင့် လိုက်ဖြန်းခြင်း၊ ဆေးကြောခြင်းများ ပြုလုပ်နေပြီး ရန်ကုန်မြို့ တမြို့လုံးကိုမူ မလုပ်ဆောင်နိုင်သေးကြောင်း သိရသည်။
YCDC ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဋ္ဌာန လက်ထောက်ဋ္ဌာနမှူး ဦးလှဝင်းအောင်က “အကုန်လုံးတော့ လိုက်မဆေးနိုင်ဘူး။ ထွေးတဲ့သူကလည်း နေရာအနှံ့ကို ထွေးတာလေ။ မီးပွိုင့်တွေမှာ တော်တော် များများ ထွေးကြတယ်။ ပညာပေးမှ ရတော့မယ်” ဟု ဦးလှဝင်းအောင်က ပြောသည်။
ယခုအခါ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) က ကွမ်းတံတွေး ထွေးအိတ်များဖြင့် ကွမ်းတံတွေး ထွေးထည့်ရန် စီစဉ်ပေးမည်ဟု သိရသည်။
“ကျနော်တို့ ကွမ်းတံတွေးထွေးအိပ် လုပ်ဖို့တော့ စီစဉ်ထားပါတယ်။ အဲဒီထဲကို ထွေး၊ ထွေးလိုက်ရင် သူ့မှာ ဇစ်ကလေး ပါတယ်လေ။ ထွေးပြီးရင် ဇစ်ကလေးနဲ့ ပြန်ပိတ်လိုက်။ အခုတော့ ကုန်ကျစရိတ် တွက်နေတယ်။ ဒီအိတ်ကလေး တွေကို ကွမ်းယာဆိုင်တွေက ရောင်းပေးဖို့ လုပ်နေတယ်။ တအိတ်ကို အကြမ်းဖျဉ်း ၁၅ ကျပ်လောက် ရှိမယ်။ ကွမ်းရောင်းရင်းနဲ့ ဒီအိတ်လေးတွေကိုပါ တွဲရောင်းရမယ်” ဟု ဦးလှဝင်းအောင်က ပြောသည်။
ရန်ကုန်မြို့နှင့် မည်သည့်နေရာတွင် မဆို ကွမ်းယာဆိုင်ဖွင့်ရန် လိုင်စင်လည်း မလိုပါ။ ကွမ်းဗန်းရှိပါက မည်သူမဆို ချရောင်းနိုင်ပါသည်။
“မရောင်းနဲ့လို့ သွားပြောရင် ထုံးအိုးနဲ့ အပက်ခံရမယ်။ ကျနော် ထုံးအိုးနဲ့ အပက်ခံရပြီးပြီ။ ဆေးရုံကြီးရှေ့မှာ ထုံးအိုးနဲ့ အပေါက်ခံရတာ။ ကျနော်လည်း အခုတော့ ငြိမ်နေရတယ်” ဟု ဦးလှဝင်းအောင်က ပြောသည်။
မန္တလေးတိုင်း ဒေသကြီးတွင် အများပြည်သူနှင့်ဆိုင်သော နေရာများတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ ကွမ်းတံတွေး ထွေးခြင်း၊ ပီကေ ထွေးခြင်း၊ ကျင်ကြီးကျင်ငယ် စွန့်ခြင်းများ မပြုလုပ်ရဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (MCDC) က ဥပဒေဖြင့် တားမြစ်ထားသည်။
ထို့အပြင် နေပြည်တော် ကောင်စီနှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှာလည်း ထိုကဲ့သို့ စည်းကမ်းချက်များ ထုတ်ပြန်နိုင်ရန် အစိုးရက စီစဉ်လျက်ရှိသည်ဟု သိရသည်။
ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းတို့ကို တားဆီး၍ မရသော်လည်း ကွမ်းစားခြင်း၊ ဆေးလိပ် သောက်ခြင်းနှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အသိပေးချက်များ လုပ်ဆောင်ရန် လိုအပ်လျက် ရှိနေသည်။
စီးကရက်မှာ စက်ရုံက ထွက်ကတည်းကပင် တံဆပ်ကပ်ပေး၍ ရသော်လည်း ကွမ်းမှာ ထိုသို့လုပ်ဆောင်နိုင်ရန် အခက်အခဲတချို့ ရှိသည်။ ထို့ကြောင့် ကွမ်းယာဆိုင်များတွင် “ကွမ်းစားခြင်းသည် ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်နိုင်ပါသည်” ၊ “ကွမ်းထွေးခြင်းသည် ပတ်ဝန်းကျင်ကို ဆိုးဝါးစွာ ထိခိုက်ပါသည်” ဆိုသည့် စာများများ ကပ်ထားရန် လိုအပ်ကြောင်း အကြံပြုသူများရှိသည်။
ယခုအခါ ကွမ်းယာထုတ်များတွင် “ကွမ်းစားခြင်းသည် ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်နိုင်ပါသည်” ဆိုသည့် စာသားများ ကပ်နိုင်ရန် ကျန်းမာရေး ဝန်ကြီးဋ္ဌာနက စီစဉ်လျက် ရှိကြောင်း ကြားသိရသည်။