လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရန် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်က ဆန္ဒထုတ်ဖော်သည့် သပိတ်စခန်း ဖြိုခွင်းခံရစဉ်က မီးလောင် ဒဏ်ရာရရှိခဲ့သည့် သံဃာတော် ၂ ပါးက ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးကိုကိုအား တရား စွဲမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ယနေ့ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် Orchid Hotel တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဆရာတော် ဦးတိက္ခဉာဏနှင့် ဦးဝိသုဒ္ဒတို့က မီဒီယာများသို့ အထက်ပါအတိုင်း မိန့်ကြားခြင်း ဖြစ်သည်။
ယခုကဲ့သို့ ပြည်ထဲရေး ဝန်ကြီးအား ၂ နှစ်ကျော်ကြာမှ တရားစွဲဆိုရန် စီစဉ်ရခြင်းသည် လက်ပံတန်းမြို့နယ်တွင် အမျိုးသား ပညာ ရေး ဥပဒေ ပြင်ဆင်ပေးရန် ဆန္ဒပြသည့်ကျောင်းသားများကို ရဲတပ်ဖွဲ့က ရိုက်နှက် အကြမ်းဖက်ခြင်း၊ လက်ပံတောင်းတွင် မီးလောင် ဒဏ်ခံခဲ့ရသည့် ဒဏ်ရာများသည် ယခုမှ သက်သာလာခြင်းတို့ကြောင့် တရားစွဲဆိုရန် စီစဉ်ရခြင်း ဖြစ်သည်ဟု သိရသည်။
ဆရာတော် ဦးတိက္ခဉာဏက “မီးလောင်ဒဏ် သင့်ခဲ့တဲ့ ကိုယ်တော်တွေကို သူတို့(အစိုးရ)ဘက်က မှားပါတယ်လို့ ဝန်ချတောင်းပန် ခဲ့တာ မရှိဘူး။ ၂နှစ်အထိ ဆေးကုရင်း စောင့်ခဲ့တယ်။ သည်းခံခဲ့တယ်။ ဒါကို ထပ်ပြီး လက်ပံတန်းမှာ ကျောင်းသားတွေကို ထပ် လုပ် တယ်။ ဘယ်တော့မှ သူတို့မှားတယ် ဝန်မခံဘူး။ ငြိမ်ခံမနေနိုင်တော့ဘူး၊ ဒါကြောင့် ပြည်ထဲရေးဝန်ကြီးကိုကို ကို တရားစွဲမှာပါ” ဟု ဧရာဝတီကို မိန့်ကြားသည်။
ဆရာတော် ဦးတိက္ခဉာဏသည် လက်ပံတောင်းတွင် အကြမ်းဖက်ခံခဲ့ရစဉ်က ကိုယ်ခန္ဓာရှိ အရေပြား ၆၀ ရာနှုန်းခန့် မီးလောင်ကျွမ်း ခဲ့ပြီး ဆရာတော် ဦးဝိသုဒ္ဒသည် ခါးအောက်ပိုင်းရှိ အရေပြားအားလုံး မီးလောင်ကျွမ်းခဲ့သည်ဟု ဆရာတော် ၂ ပါး၏ ပြောပြချက်အရ သိရသည်။
သံဃာတော် ကျင့်ဝတ်အရ သံဃာတော်များက တရားစွဲဆိုခွင့်မရှိသဖြင့် မီးလောင်ဒဏ်သင့်ခဲ့ပြီး တရားစွဲ ဆိုလိုသည့် သံဃာတော် နှစ်ပါး၏ ဒကာဖြစ်သူ မုံရွာမြို့မှ ဦးနေသီဟက ကြားခံတရားလိုအဖြစ် ဆားလင်းကြီးမြို့ ရဲတပ်ဖွဲ့တွင် သွားရောက် တိုင်ကြားထား သည်ဟု ဆရာတော် ဦးဝိသုဒ္ဒက သတင်းစာ ရှင်းလင်း ပွဲတွင် မိန့်ကြားသည်။
တရားစွဲဆိုသည့် လုပ်ထုံးလုပ်နည်းအရ ဆားလင်းကြီးမြို့ရဲတပ်ဖွဲ့သို့ ခန္ဓာကိုယ်တွင် မီးစွဲလောင်စေမှု၊ ဥပဒေနှင့်မညီသည့် ဓာတု လက်နက်သုံးစွဲမှုတို့ဖြင့် အမှုဖွင့်ပေးရန် တိုင်ကြားထားပြီး ရဲတပ်ဖွဲ့မှ အမှုဖွင့်၍ ရ မရကို အကြောင်းပြန်ကြားခြင်း မရှိသေးပေ။
တရားစွဲဆိုရာတွင် ပါဝင်ကူညီနေသည့် မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ဦးအောင်သိန်းကလည်း“ရဲက အမှုမဖွင့်ပေးရင် ရာဇသတ်ကြီး က ပြစ်ဒဏ်ပေးနိုင်လောက်တဲ့ ပုဒ်မတွေတပ်ပြီး တရားရုံးကို ဦးတိုက် လျှောက်မယ်။ တရားရုံးက ပြစ်ဒဏ်တပ်တာ လျော့နေရင် ပြည်ထောင်စု တရားရုံးချုပ်ကို တိုးချဲ့ စိစစ်ဖို့ တင်ပါမယ်”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးကိုကိုအား တရားစွဲဆိုနိုင်ရန် ဆရာတော် ၂ ပါးက မတ်လ ၁၁ ရက်က သမ္မတ ဦးသိန်းစိန်သို့ မေတ္တာရပ်ခံသည့် စာတစောင် ပေးပို့ခဲ့သေးသည်။
ဒု ဗိုလ်ချုပ်ကြီး ကိုကိုအား တရားစွဲဆိုနိုင်ရန် အမေရိကန်နိုင်ငံ အခြေစိုက် Justice Trust လူ့အခွင့်အရေးအဖွဲ့မှ နိုင်ငံတကာ ရှေ့နေ တဦးဖြစ်သူ Mr. Roger Normand က အကူအညီ ပေးလျက် ရှိကြောင်း သိရသည်။
Mr.Roger Normand က “ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို ဘယ်နိုင်ငံမှာမှ ဒီလိုဖြိုခွဲတာ မရှိခဲ့ပါဘူး။ ဒါကြောင့် ကျနော်တို့က ပြည်တွင်းက ဘုန်းတော်ကြီးတွေနဲ့ ရှေ့နေတွေကို ထောက်ပံ့ပေးပြီး တရားရင်ဆိုင်နိုင်ဖို့ ကူညီတာပါ”ဟု ပြောသည်။
Mr.Roger Normand က လက်ပံတောင်းတွွင် သံဃာတော်များ မီးလောင်ဒဏ်သင့်ခဲ့ခြင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ အသုံးပြုခဲ့ သည့် လက်နက်များကို ဘန်ကောက်မြို့ရှိ နိုင်ငံတကာ ဓာတ်ခွဲခန်းတွင် စမ်းသပ် စစ်ဆေးခဲ့ရာ ဖော့စ်ဖရပ် ဓာတုလက်နက် ဖြစ်နေကြောင်း ပြောဆိုသည်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်က လက်ပံတောင်းတောင်တွင် လယ်ယာမြေများ သိမ်းဆည်းကာ လုပ်ကိုင်နေသည့် စီမံကိန်းများ ရပ်တန့်ရန်၊ လျော်ကြေးငွေ မယူထားသည့် လယ်ယာမြေများ မသိမ်းရန်၊ သံဃာတော်များနှင့် လယ်မြေသိမ်းခံရသူတို့က သပိတ် စခန်းများ ဖွင့်၍ ဆန္ဒပြခဲ့ကြသဖြင့် ရဲတပ်ဖွဲ့က မီးလောင်ဗုံး အသုံးပြု၍ အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်း ဖြစ်သည်။
ထိုဖြစ်စဉ်ကြောင့် သံဃာတော် အပါး ၁၂၀ ခန့် အရေပြား မီးလောင်ဒဏ်သင့်ခဲ့ပြီး ၅၇ ပါး ပြင်းပြင်းထန်ထန် မီးလောင်ခံရသဖြင့် ၂နှစ် ခန့် ဆေးကုသမှုခံယူခဲ့ရပြီး ယခုအခါ အရိုး၊ အကြော မသန်ခြင်း၊ အကြောစွဲခြင်း၊ အရေပြား ရောဂါများနှင့် အရေပြားပျက်စီး သည့် လက္ခဏာများ ကျန်ရှိနေပြီး ယခုအချိန်အထိ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်။
ပြဿနာ ဖြစ်ပွားစေသော အကြောင်းအရင်း ဖြစ်သည့် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီထုတ်လုပ်ရေး စီမံ ကိန်းမှာ အစိုးရ၊ စစ်တပ်ပိုင် မြန်မာ့ ဦးပိုင်ကုမ္မဏီ လီမိတက် နှင့် တရုတ်နိုင်ငံ အခြေစိုက် မြန်မာဝမ်ပေါင် ကုမ္မဏီတို့ ပူးပေါင်းပြီး ၂၀၁၁ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။