ဗုဒ္ဓပုံကို နားကြပ်တပ်ဆင်ကာ ဘားဆိုင်ဖွင့်ပွဲအတွက် ကြော်ငြာခဲ့သည့် V Gastro ဘားဆိုင်ပိုင်ရှင် ဦးထွန်းသူရိန်၊ မန်နေဂျာများ ဖြစ်သည့် နယူးဇီလန် နိုင်ငံသား မစ္စတာ ဖိလစ် ဘလက်ခ်ဝုဒ် (Mr. Philip Blackwood) နှင့် ဦးထွဋ်ကိုကိုလွင် တို့ကို ဗဟန်းမြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်နှင့် ၆ လစီ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ ရွှေတောင်ကြားလမ်းတွင် ဖွင့်လှစ်ထားသည့် V Gastro အဖျော်ယမကာ ဘားဆိုင်၏ လူမှုကွန်ရက် ဖေ့စ်ဘုတ် ကြော်ငြာတွင် နားကြပ် တပ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်ပုံကို အသုံးပြုထားကြောင့် တွေ့ရှိရသဖြင့် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့၌ ဗဟန်းမြို့နယ် သာသနာရေး ဦးစီးဌာနက တရားလိုအဖြစ် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
V Gastro ၏ ဖေ့စ်ဘုတ် လူမှုကွန်ရက်တွင် နားကြပ်တပ်ထားသော ဗုဒ္ဓပုံတော်ကို မကြာမီ ပြန်ဖြုတ်ပြီးနောက် တောင်းပန်ခဲ့ကြသေးသည်။
မစ္စတာ ဖိလစ်၏ ရှေ့နေ ဦးမြသွေးက “ပြစ်မှုဆိုင်ရာ ဥပဒေ ၂၉၅ (က) အရ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့တာ ဖြစ်တယ်။ ပုဒ်မ ၁၀၉ ဆိုတာက အားပေးကူညီမှု ဖြစ်တယ်။ ၂ နှစ်ချတဲ့ အထဲမှာတော့ ပြစ်ဒဏ်တွေကို ထုတ်နုတ် ခံစားခွင့်ရတယ်။ ပုဒ်မ ၁၈၈ အရဆို ၁ လပဲ ကျခံရမှာ။ သို့သော် ပုဒ်မ ၁၈၈ ရဲ့ ဒုတိယအပိုဒ်အရ ကျူးလွန်တယ်ဆိုပြီး ၆ လ ချလိုက်တယ်။ အကုန်လုံးကို ၂ နှစ်နဲ့ ၆ လ ချလိုက်တယ်” ဟု မီဒီယာများသို့ ပြောကြားသည်။
ဘားဆိုင် ဖွင့်ပွဲအတွက် ဗုဒ္ဓရုပ်ပွားတော်ပုံကို အသုံးပြု ကြော်ငြာခဲ့သည့် နယူးဇီလန် နိုင်ငံသား မစ္စတာ ဖိလစ်နှင့် မြန်မာနိုင်ငံသား ၂ ဦး ဖြစ်သည့် ဦးထွန်းသူရိန်နှင့် ဦးထွဋ်ကိုကိုလွင်တို့ကို ဘာသာသာသနာဆိုင်ရာ ပြစ်မှုပုဒ်မ ၂၉၅၊ ၂၉၅ (က) နှင့် ဒေသန္တရ အုပ်ချုပ်ရေး အမိန့် ပုဒ်မ ၁၈၈ တို့ဖြင့် သာသာနာရေး ဦးစီးဋ္ဌာနနှင့် ဗဟန်းမြို့နယ် အုပ်ချုပ်ရေးမှူးတို့က တရားစွဲဆိုခဲ့ခြင်း ဖြစ်သော်လည်း ပုဒ်မ ၂၉၅ မှာ ပြစ်မှု မမြောက်သဖြင့် ပယ်ဖျက်ခံခဲ့ရသည်။
ဗဟန်းမြို့နယ်တရားရုံး၏ အမိန့်ချမှတ်မှုနှင့် ပတ်သက်၍ ဦးထွဋ်ကိုကိုလွင်၏ မိခင်က တရားရုံးဝင်းအတွင်း အော်ဟစ် ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ တရားစီရင်ရေး စနစ်အပေါ် မေးခွန်းထုတ်ခဲ့သည်။
“အာဏာကြောင့် အမိန့် ချတာလား။ ဥပဒေကြောင့် အမိန့်ချတာလား မေးချင်တယ်” ဟု သူက ပြောဆိုခဲ့သည်။
ဦးထွဋ်ကိုကိုလွင်၏ ဇနီးဖြစ်သူက “ဒီလောက် အဖြူအမည်း သဲကွဲနေတာတောင် ဒီလို အမိန့်ချတာ အစ်မအနေနဲ့ မပြောတတ်တော့ဘူး။ အယူခံ တက်မတက်ကို လက်ရှိအချိန်မှာတော့ မပြောနိုင်သေးဘူး။ ရှေ့နေနဲ့ တိုင်ပင်ရဦးမယ်” ဟု မီဒီယာများသို့ ပြောသည်။
ဘန်ကောက် အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသည့် Fortify Rights အဖွဲ့မှ အမှုဆောင် ညွှန်ကြားရေးမှူး မတ် စမစ်က မြန်မာ အာဏာပိုင်များသည် ဤဘားကိစ္စကို နမူနာအဖြစ် လုပ်ဆောင်ပြခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံနှင့် ဗုဒ္ဓဝါဒ၏ ပုံရိပ်ကို ထိခိုက်စေကြောင်း The Guardiun သတင်းစာသို့ မှတ်ချက်ပေးထားသည်။