ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် နိုင်ငံအားလုံး အလှည့်ကျ သုံးသပ်အစီရင်ခံမည့် လုပ်ငန်းစဉ် (Universal Periodic Review- UPR) သို့ ပြည်တွင်း အရပ်ဘက် လူမှုအဖွဲ့အစည်း ၃၁ ဖွဲ့က မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တစောင်ကို မတ်လ ၂၀ ရက်တွင် တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
“လက်ရှိဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တတ်နိုင်သရွေ့ ထည့်သွင်း ရေးသားထားပါတယ်။ နောက်တခုက တင်ပြရုံမကဘဲ မြန်မာအစိုးရ အနေနဲ့ အမှန်တကယ် လူ့အခွင့်အရေး လေးစားရင် ဘယ်လို အချက်တွေကို လုပ် သင့်တယ်ဆိုတဲ့ အကြံပေးချက်တွေကိုပါ ထည့်သွင်း ဖော်ပြထားပါတယ်”ဟု ညီမျှခြင်း-မြန်မာအဖွဲ့ (Equality Myanmar)၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။
တင်သွင်းမည့် အစီရင်ခံစာတွင် တရားစီရင်ရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ဥပဒေ ပြုပြင်ပြောင်းလဲရေး၊ လွတ်လပ်စွာ အဖွဲ့အစည်း ဖွဲ့စည်းခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ လက်နက်ကိုင် ပဋိပက္ခ၊ စီးပွားရေးနှင့် လူ့အခွင့်အရေး၊ မတရား ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းနှင့် ဥပဒေမဲ့ သတ်ဖြတ်ခြင်း စသည့် အကြောင်းအရာ (၈) ခု ပါဝင်ကြောင်း သိရသည်။
အဆိုပါ အစီရင်ခံစာကို ညီမျှခြင်း-မြန်မာအဖွဲ့ (Equality Myanmar) ၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP)၊ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)၊ ND-Myanmar အဖွဲ့တို့အပါအဝင် အရပ်ဘက် လူမှုအဖွဲ့အစည်း ၃၁ ဖွဲ့တို့က ပူးပေါင်း တင်သွင်းမည်ဟု ဆိုသည်။
အစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR)နှင့် နိုင်ငံခြားသံရုံးများသို့လည်း ပေးပို့သွားမည် ဖြစ်ကြောင်း၊ လာမည့် နိုဝင်ဘာလတွင် ယင်းအဖွဲ့အစည်း ၃၁ ဖွဲ့မှ ကိုယ်စားလှယ်တချို့က ဂျနီဗာမြို့သို့ သွားရောက်ပြီး ကုလသမဂ္ဂကို တင်ပြသွားမည် ဖြစ်ကြောင်း ဦးအောင်မျိုးမင်းက ပြောသည်။
UPR အစီရင်ခံစာ တင်သွင်းမှုကို ၂၀၀၆ ခုနှစ်တွင် စတင်ခဲ့ပြီး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ လူ့အခွင့်အရေး အခြေအနေများကို လုံခြုံရေး ကောင်စီ၌ ၄ နှစ်တကြိမ် တင်သွင်းရသည့် လုပ်ငန်းစဉ် ဖြစ်ပြီး နိုင်ငံတိုင်း၏ လက်ရှိအစိုးရ အဖွဲ့သာမက အရပ်ဘက် လူမှုအဖွဲ့အစည်းများကပါ တင်သွင်းနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၌ UPR အစီရင်ခံစာကို ပထမဆုံးအကြိမ် တင်သွင်းခဲ့ကြောင်း၊ ထိုနှစ် လူ့အခွင့် အရေး အဖွဲ့အစည်းများက တင်သွင်းသည့် UPR အစီရင်ခံစာတွင် အချက်ပေါင်း ၁၆၀ ပါဝင်ပြီး အချက် ၉၀ ကို မြန်မာအစိုးရက လက်ခံခဲ့ကြောင်း သိရသည်။
ယခုနှစ်အတွက် UPR အစီရင်ခံစာ တင်သွင်းနိုင်ရန် အစိုရအဖွဲ့ကပါ စီစဉ်နေကြောင်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး အခြားဝန်ကြီး ဌာနများနှင့် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်တို့ ပါဝင်ရေးဆွဲနေပြီဟု ကြားသိရကြောင်း ဦးအောင်မျိုးမင်းက ပြော ဆိုသည်။