ရန်ကုန်မြို့ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) မှာ ပြုလုပ်နေတဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၇ ကြိမ်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA က တက်ရောက်ခြင်းမရှိပါဘူး။
‘ဝ’ အဖွဲ့ကတော့ သူတို့ရဲ့ နှစ်ပတ်လည် နိုင်ငံရေး၊ စစ်ရေးလုပ်ငန်းစဉ်တွေ ချုပ်နေတဲ့အတွက် အလုပ်များနေတာရယ်၊ ကိုးကန့် တိုက်ပွဲမှာ ပါဝင်ပတ်သက်နေကြောင်း တပ်မတော်ဘက်က စွပ်စွဲပြောဆိုတဲ့ အပေါ်မှာ ‘ဝ’ အဖွဲ့ခေါင်းဆောင်တွေ စိတ်ခုနေတာ ရယ်ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ဖြစ်တာလို့ ဆိုပါတယ်။
UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က “ကျနော်တို့က တောက်လျှောက် ငြိမ်းချမ်းရေး လုပ်ငန်းတွေ ဆောင်ရွက် နေတယ် လေ။ ဒီ (ကိုးကန့်တိုက်ပွဲ) ကိစ္စမှာ ဒီလို ပြောတယ်ဆိုတော့ ဒီ (UWSA) ဘက်က လူကြီးတွေက ခံစားမှု နည်းနည်းရှိတယ်လေ။ အလုပ်တွေ ကလည်း များနေတာနဲ့ မတက်ဖြစ်တာ” လို့ ဧရာဝတီကို ပြောပါတယ်။
UWSA အဖွဲ့ဟာ အရင်က ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို လေ့လာသူအဖြစ် ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့ပေမယ့် အထက်ပါ အကြောင်းပြချက်တွေကြောင့် ရန်ကုန်မြို့မှာ ဒီကနေ့ စတင်ပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့တို့ ဆွေးနွေးပွဲကို မတက်ရောက်ဖြစ်တာလို့ ဆိုပါတယ်။
UWSA ရဲ့ အနီးကပ်ဆုံး မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု(NDAA) မိုင်းလားအဖွဲ့ ကတော့ ရန်ကုန်မြို့မှာ ပြုလုပ်နေတဲ့ UPWC နဲ့ NCCT တို့ရဲ့ ၇ ကြိမ်မြောက် ဆွေးနွေးပွဲကို လေ့လာသူ အဖြစ်နဲ့ တက်ရောက် နေတယ်လို့သိရပါတယ်။
ဆွေးနွေးပွဲကို မတက်ရောက်ဖြစ်ပေမယ့် နှစ်ဘက်ဆွေးနွေးပွဲ ရလာဒ်တွေကိုတော့ စောင့်ကြည့်နေမှာဖြစ်ပြီး UWSA အနေနဲ့ တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးကို လက်မှတ် မထိုးဖြစ်ရင်လည်း နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ကို တိုက်ရိုက်ဝင်မယ်ဆိုတဲ့ အဖွဲ့ ခေါင်းဆောင်တွေရဲ့ ပြောဆိုချက်တွေလည်း ရှိကြောင်း ဦးအောင်မြင့်က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသမှာ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဦးဘုန်းကျားရှင်းရဲ့ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA) ကို အကူအညီတွေပေးနေတယ်ဆိုတဲ့ တပ်မတော်ဘက်က စွပ်စွဲချက်တွေအပေါ်မှာ UWSA ခေါင်းဆောင်တွေက မကျေမလည်ဖြစ်နေပေမယ့် နှစ်ဘက် ဆက်ဆံရေးနဲ့ စစ်ရေး အခြေအနေတွေမှာတော့ တင်းမာမှုတွေ မရှိဘူးလို့ဆိုပါတယ်။
MNDAA ကို UWSA အနေနဲ့ လက်နက်တွေ ထောက်ပံ့ခြင်းမပြုဖို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒု ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် က UWSA မှ တပ်မဟာမှူး တဦးအပါအဝင် ကိုယ်စားလှယ် ၇ ဦးကို အခုလ ၄ ရက်နေ့က လားရှိုးမြို့မှာ ဖိတ်ကြားခေါ်ယူပြီး သတိပေးပြောဆိုခဲ့တယ်လို့သိရပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တပ်မတော်ဘက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နှစ်ဘက်တိုက်ပွဲဖြစ်ပွားမှုအတွင်း ကိုးကန့်တပ်ဖွဲ့တွေဘက်က သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ UWSA ထုတ်လက်နက်တွေ ပါဝင်ကြောင်း ဒု ဗိုလ်ချုပ်ကြီး မြထွန်းဦးက သတင်းထောက်တွေကို ပြောပါတယ်။
အလားတူ ဦးဘုန်းကျားရှင် အဖွဲ့က ကိုးကန့်နယ်မြေကို ပြန်လည်ရယူနိုင်ရေးအတွက် စစ်ရေး၊ နိုင်ငံရေး နည်းလမ်းတွေနဲ့ စစ်သည်၊ လက်နက်အင်အား တောင့်တင်းရေး ဆောင်ရွက်ရာမှာ UWSA အပါအဝင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နဲ့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု(NDAA) မိုင်းလားအဖွဲ့တို့ ပါဝင်ပတ်သက်မှုတွေ ရှိနေကြောင်း စွပ်စွဲထားပါတယ်။
ဒီစွပ်စွဲချက်အပေါ်မှာ TNLA အဖွဲ့ကလွဲပြီး ကျန်အဖွဲ့တွေက ပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုထားကြပါတယ်။
ကိုးကန့်ဒေသမှာတော့ ဦးဘုန်းကျားရှင်ရဲ့ တပ်ဖွဲ့တွေနဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ဒုက္ခသည် တထောင်ကျော်လောက် ဝနယ်မြေထဲကို ရောက်ရှိလာတဲ့အတွက် UWSA က အကူအညီတွေပေးနေရတယ်လို့ ဦးအောင်မြင့် က ပြောပါတယ်။