ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံနေရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) အဖွဲ့ဝင်များ၊ ဝန်းရံကြသော ပြည်သူများကို ချွင်းချက်မရှိ မလွှတ်ပေးလျှင် တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးသည့်အချိန်တွင် လူထုလှုပ်ရှားမှုများကို ထပ်မံလုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လက်ရှိအချိန်တွင် လက်ပံတန်း အကြမ်းဖက်နှိမ်နှင်းမှုမှ လွတ်မြောက်နေသည့် ဗကသ အဖွဲ့ဝင်များကို ထပ်မံဖမ်းဆီးနိုင်ရန် နေအိမ်များအထိ လိုက်လံ စုံစမ်းနေမှုသည် ယခင် ၄ ပွင့်ဆိုင် သဘောတူညီချက်များကို ချိုးဖောက်နေသည့်ပုံစံ ဖြစ်နေသည်ဟု လွတ်မြောက်နေသည့် ဗကသ အဖွဲ့မှ ဦးဆောင်သူတဦးဖြစ်သည့် ကိုမြတ်သူက ဧရာဝတီသို့ ပြောသည်။
“ဘယ်လိုပုံစံမျိုးနဲ့ ဆိုတာတော့ ကျနော်တို့ ကြိုမပြောနိုင်ပါဘူး။ ဒါပေမယ့် တနိုင်ငံလုံး အတိုင်းအတာနဲ့ လူထုလှုပ်ရှားမှု ပုံစံမျိုးဖြစ်အောင် ကျနော်တို့ ကြိုးစားမယ်။ လမ်းပေါ်ထွက်တဲ့ လူထုလှုပ်ရှားမှုတွေလည်း ဖြစ်ကောင်းဖြစ်မယ်။ ကျနော်တို့ အိမ်တွေအထိ လိုက်ပြီး ဖိအားပေးနေတာတွေကို ရပ်တန့်ပါ။ ဖမ်းဆီးခံနေရတဲ့ သူတွေကို ချွင်းချက်မရှိ လွှတ်ပေးပါ။ သပိတ်မှောက် ကျောင်းသားတွေကို အရေးမယူပါဘူးလို့ ပြောထားပြီးမှ အခုလို လိုက်ဖမ်းနေတာဟာ အစိုးရ ပေးထားတဲ့ကတိကို သူကိုယ်တိုင် ပြန်ချိုးဖောက်နေတာပဲ” ဟု ၎င်းက ဆိုသည်။
ဗကသ အဖွဲ့ဝင်များတွင် ကျောင်းအထုတ်ခံထားရသည့် ကျောင်းသားများအပြင် လက်ရှိ အချိန်အထိ ကျောင်းတက်နေသည့် တက္ကသိုလ်ကျောင်းသားများလည်း ပါဝင်နေသည့်အတွက် ယခုကဲ့သို့ လိုက်လံဖိအားပေး ဖမ်းဆီးရန် ကြိုးပမ်းနေမှုကြောင့် လာမည့် တက္ကသိုလ် စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် အဆင်မပြေကြောင်း ကျောင်းတက်နေဆဲဖြစ်သည့် ဗကသ အဖွဲ့ဝင် သပိတ်မှောက် ကျောင်းသားတချို့ကလည်း ဆိုသည်။
လာမည့် တက္ကသိုလ် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုချင်သော်လည်း လက်ရှိအချိန်အထိ တိမ်းရှောင်နေရသည့်အတွက် မည်သို့ စာမေးပွဲဖြေရမည်ကို မသိသေးကြောင်း၊ ယခုကဲ့သို့ ထပ်မံဖမ်းဆီး အရေးယူမည်ဆိုလျှင် ယခုနှစ်စာမေးပွဲကို ဖြေဆို ဖြစ်မည်ဟု မထင်ကြောင်း ဒီမိုကရေစီပညာရေးသပိတ် ၁၅ ဦးကော်မတီဝင် ကိုအောင်နေပိုင်က ပြောသည်။
“အခု ဖမ်းထားတဲ့သူတွေကို မလွှတ်ပေးသေးတဲ့အပြင် လွတ်နေတဲ့ ဗကသ အဖွဲ့ဝင်တွေကို ထပ်ဖမ်းမယ့်ပုံစံမျိုး ဖြစ်နေတော့ ကျနော် စာမေးပွဲ ဝင်ဖြေဖြစ်မယ် မထင်ဘူး။ တော်ကြာ စာမေးပွဲခန်းရောက်မှ လာဖမ်းရင် ဘယ်လိုလုပ်မလဲ။ အခုထိ ဖြေနိုင်မယ်၊ မဖြေတော့ဘူးဆိုတာ စဉ်းစားလို့မရသေးဘူး” ဟု ၎င်းက ဆိုသည်။
ထို့အပြင် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ဥပဒေကြမ်း ရေးဆွဲရေးနှင့် ပတ်သက်ပြီး လွှတ်တော်၌ ကြားနာမှု ဆက်လုပ်နေရာတွင် ဒီမိုကရေစီပညာရေး သပိတ်ကော်မတီမှ တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ) အဖွဲ့ဝင်များသာ ကြားနာခဲ့ရပြီး ဗကသ အဖွဲ့ဝင်များ၏ ဆန္ဒသဘောထားကို ကြားနာခွင့် မရသည့်အတွက် ကျောင်းသားတို့၏ တောင်းဆိုမှုအသံကို အစုံအလင်ရရှိသည်ဟု မဆိုနိုင်ကြောင်း ဗကသ အဖွဲ့မှ ကိုမြတ်သူက ပြောသည်။
သပိတ်မှောက် ကော်မတီသည် ဗကသနှင့် တကသ အဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သောကြောင့် သပိတ်ကျောင်းသား အားလုံး၏ သဘောထားပါဝင်မှသာ ပြည့်စုံသည့် ကြားနာမှု ဖြစ်ပေါ်လာနိုင်မည်ဟု ၎င်းက ဆိုသည်။
“ဖြစ်စေချင်တာတော့ အခု ဖြစ်ပျက်ခဲ့တာတွေအတွက် အားလုံးပါဝင်တဲ့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲမျိုးကို ပြန်လုပ်ဖို့လိုတယ်။ အဲဒီလိုမှ ပြည့်စုံမှုရှိမှာ။ အခုက အစိုးရဘက်က ဗကသတွေကိုတော့ ဖမ်းတယ်။ လွတ်နေတဲ့သူတွေတောင် ဆက်ဖမ်းဖို့ လုပ်နေတယ်။ တကသကိုတော့ လွှတ်ပေးပြီး သွေးခွဲတဲ့ပုံစံမျိုး လုပ်နေတာ။ ကျောင်းသားတွေရဲ့ တောင်းဆိုမှုကို စေတနာ မှန်မှန်နဲ့ အကောင်အထည် ဖော်မယ်ဆိုရင် အားလုံး ပါဝင်ဖို့လိုတယ်။ ကျနော်တို့ရဲ့ သပိတ်တိုက်ပွဲတွေက ဒီအတိုင်းရပ်နေမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်ပြောသည်။
ယခုနောက်ဆုံး သတင်းများအရ ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်း ဖြတ်သန်းခဲ့သော ပဲခူးတိုင်းအတွင်းရှိ မြို့နယ် အသီးသီးတွင် ဗကသ အဖွဲ့ခေါင်းဆောင်များကို စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ ဖြင့် ထပ်မံအမှုဖွင့်ထားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း သက်ဆိုင်ရာ ရဲစခန်းများက အတည်မပြုသေးပေ။ ပဲခူးတိုင်း ရဲမှူးကြီး ဝင်းစိန်ထံသို့ ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်စုံစမ်းခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။
“အဲဒီလိုတော့ အထက်က အမိန့်မပေးပါဘူး။ ကျနော်တို့ စခန်းကလည်း အမှုဖွင့်တာမျိုး မလုပ်ပါဘူး။ တခြားမြို့နယ်က ရဲစခန်းတွေမှာလည်း မကြားမိဘူးဗျ” ဟု ပဲခူးတိုင်း၊ သဲကုန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ဖြေကြားသည်။
လက်ရှိအချိန်အထိ လက်ပံတန်းတွင် မတ်လ ၁၀ ရက်နေ့၌ ကျောင်းသားသပိတ်ကို အကြမ်းဖက် ဖြိုခွင်းပြီးနောက် သပိတ်မှောက် ကျောင်းသားများနှင့် ဝန်းရံပေးကြသူ ၁၂၀ ခန့်ကို ဖမ်းဆီးခဲ့ပြီးနောက် ယနေ့အချိန်အထိ ကျောင်းတက်နေဆဲ တက္ကသိုလ် ကျောင်းသား ကျောင်းသူနှင့် သတင်းထောက် ၂ ဦး အပါအဝင် ၃၀ ခန့်ကို ပြန်လွှတ်ပေးခဲ့သည်။
သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်များ အပါအဝင် လူ ၆၀ ကို ဥပဒေနှင့် ဆန့်ကျင်သော လူစုလူဝေး ပါဝင်မှု ပုဒ်မ ၁၄၃၊ ဥပဒေနှင့် ဆန့်ကျင်သော လူစုလူဝေးကို လူစုခွဲရန် အမိန့်ပေးသော်လည်း မလိုက်နာမှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ်မှု ကျူးလွန်မှု ပုဒ်မ ၁၄၇၊ ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂၊ နိုင်ငံတော်အကြည် ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဆိုသည့် ပုဒ်မ ၅ ခုဖြင့် အရေးယူရန် ရှိကြောင်းသိရသည်။