အသေရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် မြန်မာပို့စ် အယ်ဒီတာချုပ် ကိုသန်းထိုက်သူနှင့် ဒုတိယ သတင်းထောက်ချုပ် ကိုဆန်းမိုးထွန်းတို့ ၂ ဦးကို မော်လမြိုင် မြို့နယ် တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၂ လ အမိန့် ချမှတ်လိုက်ကြောင်း သတင်းရ ရှိသည်။
မွန်ပြည်နယ် လွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး သိန်းဇော်က လွှတ်တော်တွင် ဆွေးနွေးချက်များနှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၉ ရက် ၂၀၁၄ ခုနှစ်တွင် ထွက်ရှိသည့် မြန်မာပို့စ်ဂျာနယ်၏ အတွဲ ၆ အမှတ် ၅ စာမျက်နှာ ၃ တွင် ဖော်ပြခဲ့သည့် “ပညာရေး နိမ့်ကျမှုကြောင့် တပ်မတော်သားများ လွှတ်တော်တွင် ပါဝင်နေရခြင်းဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဆို” သတင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။
မြန်မာပို့စ် တာဝန်ခံအယ်ဒီတာ ကိုဇော်မင်းနိုင်က “ဒီနေ့ နေ့လယ် ၂ နာရီမှာ မော်လမြိုင် တရားရုံးက ပုဒ်မ ၅၀၀ နဲ့ ထောင်ဒဏ် ၂ လ အမိန့်ချလိုက်တယ်။ အယူခံ တက်ဖို့က ရှေ့နေနဲ့ တိုင်ပင်ရဦးမယ်” ဟု ပြောသည်။
ဗိုလ်မှူး သိန်းဇော်က ရေးသားသူအား တရားစွဲဆိုခဲ့ခြင်း မပြုခဲ့ဘဲ သူ၏သက်သေအဖြစ် တရားရုံးတွင် ပြန်လည်တင်ပြခဲ့ပြီး သတင်းဖော်ပြမှုနှင့် ပတ်သက်၍ တာဝန်ရှိသူ မြန်မာပို့စ် ဂျာနယ်၏ အယ်ဒီတာချုပ်နှင့် ဒုတိယ သတင်းထောက်ချုပ် တို့ကိုသာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
မြန်မာပို့စ် သတင်းဂျာနယ်၏ ရှေ့နေ ဦးထွန်းအောင်က “ဒီသတင်းက ဘယ်က လာလဲဆိုရင် ဇော်မင်းဦး (ခေါ်) သံလွင်မောင်မောင် ဆိုတဲ့ ကြေးစား သတင်းထောက် တယောက်က ပေးတဲ့သတင်းပါ။ ဇော်မင်းဦး (ခေါ်) သံလွင်မောင်မောင်ရဲ့ တရားရုံး ထွက်ချက်အရ အသံဖိုင်ကနေ ဒီသတင်းကို ရေးပြီး အီးမေလ်းနဲ့ ပို့လိုက်ပါတယ်လို့ ပြောတယ်။ အီမေလ်းလည်း ရုံးကိုတင်ပြတယ်။ သူ့အီးမေလ်းနဲ့ ပို့တဲ့စာမှာလည်း ဗိုလ်မှူးပြောတဲ့ ပြောကြားချက်တွေ ပါတယ်။ အဲဒီ ဗိုလ်မှူးက သတင်း စပို့တဲ့သူကို သက်သေလုပ်လိုက်ပါတယ်။ သန်းထိုက်သူနဲ့ ဆန်းမိုးထွန်းကို တရားခံအဖြစ် တရားစွဲပါတယ်။ အမှန်တော့ အရင်းစစ် အမြစ်မြေကဆိုတဲ့ ဇော်မင်းဦးဆိုတဲ့ သူက အမှုတွဲမှာ ပါမလာဘူး။ ဖော်ကောင်ဘညွန့် သဘော လုပ်လိုက်တာပေါ့’’ ဟု သူက ပြောသည်။
လက်ရှိမြန်မာ နိုင်ငံ၏ မီဒီယာ လွပ်လပ်ခွင့်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီအဖွဲ့ဝင် ဦးသီဟစောက “တကယ်တမ်း မီဒီယာလွတ်လပ်ခွင့် ရတယ် ပြောရင် မှားလိမ့်မယ်။ မီဒီယာ လွတ်လပ်ခွင့်က အပြည့်အ၀ မရသေးဘူး။ သတင်းမီဒီယာသမားတွေက အရင်တုန်းက ထက်စာရင်တော့ လွတ်လပ်ခွင်တော့ ရပါတယ်။ အရင်က ရေးလို့ မရတာ ရေးလို့ရခဲ့တယ်” ဟု ပြောသည်။
မြန်မာပို့စ်ဂျာနယ်သည် ယခုရက်ပိုင်းအတွင်း မြန်မာဂျာနယ်လစ်ကွန်ရက် (NJN) မှ ကြေငြာခဲ့သည့် “BLANK” campaign ကို ထောက်ခံသည့် အနေဖြင့် မတ်လ ဒုတိယ အပတ်တွင် ထွက်ရှိသည့် ဂျာနယ် မျက်နှာဖုံးတွင် အမည်းရောင် ကွက်လပ်ဖြင့် ဂျာနယ်ထွက်ရှိခဲ့သည်။
ကုလသမဂ္ဂက ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်သော အစီရင်ခံစာ တစောင်တွင် မြန်မာနိုင်ငံ၌ အကျဉ်းကျနေသော စာနယ်ဇင်းသမား ၁၀ ဦးခန့် ရှိနေပြီဟု ဖော်ပြထားသည်။ သမ္မတ ဦးသိန်းစိန် အစိုးရသည် သမ္မတ အိုဘားမား၏ စမ်းသပ်ချက် ၅ ခုတွင် တခုအပါအဝင် ဖြစ်သော အခြေခံလွတ်လပ်ခွင့်နှင့် တဦးချင်းစီ၏ လုံခြုံရေးသည် ဂျာနယ်လစ်များနှင့် ဆန္ဒပြသူများကို ဖမ်းဆီးခြင်းနေသည်ကို ကြည့်ခြင်းအားဖြင့် အာမခံချက် မပေးနိုင်သေးကြောင်း ဝါရှင်တန်ပို့စ် သတင်းစာကလည်း မကြာသေးမီက ဝေဖန်ထားသည်။