ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံမြို့နယ် အတွင်း၌ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ကာလတန်ကြေး ကျပ် သန်း သုံးထောင်ကျော် တန်ဖိုးရှိ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိထားတယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။
TNLA စစ်ဦးစီး အဖွဲ့နဲ့ ပလောင် (တအာင်း) အထူးမူးယစ် တိုက်ဖျက်ရေး ပူးပေါင်းအဖွဲ့တွေဟာ မတ်လ ၁၅ ရက်က နမ့်ခမ်း-မိုင်းဝီး – မန်တုံ ကားလမ်းမပေါ်မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ်မှာ နမ့်ခမ်းဘက်က ဆင်းလာတဲ့ သတ္ထုတွင်း ဝန်ကြီးဌာန ခွင့်ပြုချက်ပါ ကျောက်သယ်ကား တစီးအတွင်းမှ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြ ထားပါတယ်။
TNLA ပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်ကျော်က “ကျောက်ကားက နမ့်ခမ်းဘက်က ဆင်းလာတာ။ ကျနော်တို့ စစ်ဆေးဖို့ တားဆီး တဲ့ အချိန်မှာ ကားပေါ်က တယောက် ဆင်းပြေးသွားတယ်။ ကျောက်ကားကို စစ်တော့ ဘိန်းဖြူတွေနဲ့ မြင်းဆေးတွေ မိတယ်။ အဲဒီ ကားကို မောင်းလာတဲ့ ဒရိုင်ဘာကိုလည်း ဖမ်းထားတယ်”လို့ ဧရာဝတီကို ပြောပါတယ်။
ကျပ်သန်းပေါင်း ၃၄၈၀ တန်ဖိုးရှိ ရာဘ(ခေါ်) မြင်းဆေး ၂,၃၂၀,၀၀၀ ပြားနဲ့ ကျပ်သန်း ၉၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၆.၅ ကီလို ကို ဖမ်းဆီးရမိတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နမ့်ခမ်းမြို့နယ် မူးယစ်ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့ရာမှာ ဒီလို မူးယစ်ဆေးဝါးတွေကို TNLA က ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ မသိရှိကြောင်း ပြန်လည် ပြောဆိုပါတယ်။
နမ့်ခမ်းမြို့ကနေ ထွက်လာတဲ့ အဆိုပါ ကျောက်သယ်ကားဟာ လမ်းခရီးမှာ အစိုးရ တပ်စစ်ဆေးရေး ဂိတ် ၂ ဂိတ်နဲ့ အစိုးရ လက်အောက်ခံ ပြည်သူ့စစ် ဂိတ် ၁ ဂိတ်ကို ဖြတ်ကျော်လာခဲ့တာ ဖြစ်တယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး(PSLF) ရဲ့ နိုင်ငံခြားရေး တာဝန်ခံ တာပန်လက ပြောဆိုပါတယ်။
ပလောင် ဒေသ ဘိန်းစိုက်ပျိုးမှုမှာ အစိုးရနဲ့ ခရိုနီတွေရဲ့ ပတ်သက်မှုလည်း ရှိတယ်လို့ ပလောင်(တအာင်း)အမျိုးသမီး အဖွဲ့က ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ လ အတွင်းက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး(UNODC) ရဲ့ နှစ် ပတ်လည် အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ ဘိန်း စိုက်ပျိုးထုတ်လုပ်မှုဟာ ၂၀၁၃ ခုနှစ်ထက်စာရင် ၂၅ ရာခိုင်နှုန်း ကျဆင်းသွားတယ် ဆိုပေမယ့် ကမ္ဘာ့အဆင့်မှာတော့ အာဖဂန်နစ္စတန် နိုင်ငံရဲ့ နောက် ဒုတိယ နေရာမှာ ရှိနေဆဲ ဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြ ထားပါတယ်။