ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်သို့ တင်သွင်းခဲ့သည့် အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေ ကြမ်းကို ပြန်လည် ရုပ်သိမ်းလိုကြောင်း ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က တင်ပြခဲ့ပြီး လွှတ်တော်က ပြန် ရုပ်သိမ်းရန် သဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။
မတ်လ ၁၈ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က အများ ပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းတွင် ပါဝင်သည့် အချက်များကို ပြန်လည် သုံးသပ်ရန် လိုအပ်သဖြင့် ရုပ်သိမ်း လိုပြီး ပိုမိုပြည့်စုံသည့် ဥပဒေကြမ်းအဖြစ် ပြန်လည် တိုင်ပင် ဆွေးနွေးခွင့်ပြုပါရန် လွှတ်တော်သို့ တင်ပြလာ ကြောင်း ၊ လွှတ်တော်ကလည်း ပြန်ကြားရေးဝန်ကြီး၏ တင်ပြချက်ကို ကန့်ကွက်သူမရှိ အတည်ပြုပေးလိုက်ကြောင်း သိရှိရ သည်။
ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က “အများပြည်သူဝန်ဆောင်မှုမီဒီယာဥပဒေကို ပြန်လည်ရုပ်သိမ်းပြီး ပြင်ဆင်ရေးဆွဲ ဖို့ ဆောင်ရွက်ရာမှာ အကြောင်း ၃ ချက်ရှိပါတယ်။ ပထမအချက်က ဥပဒေကြမ်းတင်ပြီးနောက် ရရှိလာတဲ့ ပြည်သူတွေရဲ့ အကြံပြုချက်များကို ထည့်သွင်းစဉ်းစားနိုင်ဖို့၊ ဒုတိယတချက်က ပြီးခဲ့တဲ့ တစ်နှစ်အတွင်းပြောင်းလဲသွားတဲ့ မီဒီယာ အခြေ အနေများနဲ့ ကိုက်ညီ စေဖို့နဲ့ ရှေ့ကတင်သွင်းထားတဲ့ ရုပ်သံလွှင့်ဥပဒေနဲ့ ကိုက်ညီစေဖို့ ပါ” ဟု ဧရာဝတီသို့ ပြောဆိုသည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)၏ အကူအညီဖြင့် ရေးဆွဲ ထားသည့် အများပြည်သူ ဝန်ဆောင်မှု ဥပဒေကြမ်းကို ၂၀၁၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က ပြည်သူ့ လွှတ်တော်သို့ တင်သွင်း ခဲ့ခြင်း ဖြစ်ပြီး ၁ နှစ်ပြည့်ချိန်တွင် ပြန်လည် ရုပ်သိမ်းသွားခြင်းဖြစ်သည်။
အများပြည်သူ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းသည် ပြည်သူလူထုကို အမှန်တကယ် ဝန်ဆောင်မှုပေးမည် မဟုတ်ဘဲ အစိုးရ ၏ ဝါဒဖြန့်ချိရေး လက်နက် တခုအဖြစ် အသုံးချရန် ကြံစည်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သတင်းမီဒီယာ အသိုင်းအဝိုင်းက သုံးသပ်သည်။
မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) အဖွဲ့ဝင်ဖြစ်သူ ဦးဇော်သက်ထွေးက “ဒီမိုကရေစီ နိုင်ငံတခု လုပ်မယ် ဆိုရင်တော့ အစိုးရပိုင် မီဒီယာတွေ ကြီးစိုးပြီးနေတာ မသင့်တော်ဘူး။ ပုဂ္ဂလိက ကဏ္ဍ ကြီးမားဖို့ပဲ အစိုးရက ဆောင်ရွက် ပေးရမှာပါ။ အခုလို ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သူ့ဘာသာသူ ရုပ်သိမ်းသွားတဲ့ အတွက် ကောင်းပါတယ်” ဟု ပြောဆိုသည်။
မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်ကလည်း “Public Service သတင်းစာဆိုတဲ့ အယူ အဆ ကို စာနယ်ဇင်းကောင်စီတို့ မီဒီယာအဖွဲ့အစည်းတွေက လက်မခံဘူး။ အဲဒါကိုလက်မခံတော့ ဒီသတင်းစာကို ချန်ခဲ့ပြီး တော့ ရုပ်သံချည်းပဲလုပ်မယ်ဆိုတဲ့ဟာမျိုး သူတို့က လက်မခံနိုင်တာလည်း ဖြစ်နိုင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြန်ကြားရေးဝန်ကြီးဌာန၏ အများပြည်သူ ဝန်ဆောင်မှု ဥပဒေကြမ်းသည် အစိုးရ၏ ပြည်သူ့ဘဏ္ဍာအသုံးပြု၍ အခွင့်ထူးခံ မီဒီယာတခုအဖြစ် ရပ်တည်ရန် လုပ်ဆောင်နေသည့် ဥပဒေကြမ်းတခုဖြစ်သည်ဟု သုံးသပ်သည်။
“ဒီဥပဒေဟာ အစိုးရနဲ့ဆက်စပ်ပြီးလုပ်နေတဲ့ မီဒီယာတွေကို အကာ အကွယ်ပေးဖို့ ။ ဒါဟာအများပြည်သူ ဝန်ဆောင်မှု ပါဆိုပြီးတော့ နိုင်ငံတော်ဘတ်ဂျက်နဲ့ ပြည်သူ့ဘဏ္ဍာငွေတွေ ယူသုံးပြီးတော့ အထူးအခွင့်အရေးတခုလိုရယူဖို့အတွက် ပြဋ္ဌာန်း တဲ့ဥပဒေဖြစ်နေတဲ့အတွက် လက်ရှှိ ကျနော်တို့ တိုင်းပြည်ရဲ့အခြေအနေတွေအရ အသွင်ကူးပြောင်းရေးကာလနဲ့ သတင်း မီဒီယာလွတ်လပ်ခွင့်တွေအတွက် ဒါဟာ အထောက်အကူမပြုနိုင်ဘူးလို့ ထင်တယ်။ ဒီဥပဒေဟာ အစိုးရ ဝါဒ ဖြန့်ချိရေးကို တစုံတရာအကာအကွယ်ပေးဖို့မယ့် ဥပဒေဖြစ်နေတယ်” ဟု ဦးဖြိုးမင်းသိန်းက သုံးသပ်ပြောဆိုသည်။