အစိုးရ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ ရန်ကုန်မြို့တွင် ယနေ့ ကျင်းပသော တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) ဆွေးနွေးပွဲ၌ တပ်ပိုင်းဆိုင်များ ညှိနှိုင်းရာတွင် ပြေလည်မှုတချို့ရရှိကြောင်း နှစ်ဖက် ကိုယ်စားလှယ်များက ပြောသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဌာန(MPC) တွင် ပြုလုပ်သည့် ၇ ကြိမ်မြောက် NCA ဆွေးနွေးပွဲ ဒုတိယရက် ယနေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC ) နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) တို့ တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။
NCCT ဒုတိယ ခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက“အသေးစိတ်ဆွေးနွေးတာ မရှိဘူး၊ အထဲမှာတော့ တပ်ပိုင်းဆိုင်ရာ စာချုပ်မှာရှိတဲ့ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စတွေ၊ တပ်ပိုင်း ဆိုင်ရာ ကိစ္စတွေပါတယ်၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်တာ ခိုင်မာအောင် ထိန်းမယ့် ကျင့်ဝတ်စည်းကမ်းတွေ ပါတယ်၊ အကုန်လုံး ညှိလို့ မပြီးသေးပါဘူး”ဟု ဧရာဝတီကို ပြောသည်။
တပ်ပိုင်းဆိုင်ရာကိစ္စရပ်သည် NCA စာချုပ်၏ အခန်း (၃) အပစ်အခတ်ရပ်စဲရေး ဆိုင်ရာကိစ္စရပ်များ၊ အခန်း(၄) အပစ်အခတ် ရပ်စဲ ရေးကို ခိုင်မာအောင် လုပ်ဆောင်ရမည့် အချက်များပါ ကိစ္စရပ်များ ဖြစ်ပြီး ထိုထဲတွင် အပစ်ရပ်ပြီးနောက် နှစ်ဖက်တပ်များ အပြန် အလှန် လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများ(Military code of conduct )၊ အပစ်အခတ်ရပ်စဲပြီးနောက် တပ်မတော်နှင့် တိုင်း ရင်းသား တပ်များအကြား လိုက်နာရမည့် အပစ်ရပ် ကျင့်ဝတ်စည်းကမ်းများ (Casefire code of conduct ) တို့ ဖြစ်ပြီး အပစ် အခတ် ရပ်စဲရေးကို ပိုမိုခိုင်မာစေရန် ပစ်ခတ်တိုက်ခိုက်မှုကို စောင့်ကြည့်ရေး ပူးပေါင်းကော်မတီများ ချမှတ်သွားရန် ပါရှိသည်ဟု သိရသည်။
ထိုအချက်များကို ၂၀၁၄ ခုနှစ် မတ်လနှင့် ဧပြီလတို့တွင် နှစ်ဖက် ကိုယ်စားလှယ်များ အကြား ဆွေးနွေးခဲ့သော်လည်း သဘော တူညီမှု တစုံတရာ မရရှိဘဲ NCA စာချုပ် အပြီးသတ်မည့် ကာလတွင် ပြန်လည် ဆွေးနွေးရန် ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်။
UPWC ၏ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက“အရင်တုန်းက ချန်လှပ်ခဲ့တာတွေကို အခုပြန်ဆွေးနွေးတယ်၊ ယေဘုယျသဘော တွေ ဆွေးနွေးပါတယ်၊ မနက်ဖြန်လောက်တော့ ပြီးနိုင်ပါလိမ့်မယ်”ဟု ပြောသည်။
၂၀၁၄ ခုနှစ်တွင် ဆွေးနွေးခဲ့စဉ်က အပစ်ရပ်ပြီးနောက် လိုက်နာရမည့်ကိစ္စရပ်များကို NCA တွင် ထည့်သွင်းရန် အချက်အလက် အသေးစိတ်ထည့်သွင်းခဲ့သော်လည်း အဆင်မပြေသဖြင့် ယခု ဆွေးနွေးမှုတွင် မူအရ ထားရှိရမည့် အချက်တချို့ကိုသာ NCA တွင် လမ်းညွှန်ချက်များ အဖြစ် ထည့်သွင်းပြီး အသေးစိတ် အချက်အလက်များကို သက်ဆိုင်ရာ တပ်မတော်မှ တပ်မှူးများနှင့် တိုင်းရင်း သား တပ်ဖွဲ့များမှ တပ်မှူးများကို တာဝန်ပေး ဆွေးနွေးစေမည်ဟု NCCT ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်လက်၍“အပစ်ရပ်နယ်မြေတွေ ထိန်းချုပ်မြေတွေက မတူကြတော့ နယ်မြေတခုချင်းစီက တပ်မတော် က တပ်မှူးတွေ ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်က တပ်မှူးတွေညှိပြီး သူတို့ဘာသာသူတို့ NCA က လမ်းညွှန်ချက် အတိုင်း ဆက်လုပ်သွားပါလိမ့်မယ်”ဟုလည်း ပြောသည်။
ကချင် လွတ်လပ်ရေး တပ်မတော်(KIA)မှ ဒု စစ်ဦးချုပ် ဗိုလ်ချုပ် ဂွန်မော် ကလည်း ၎င်း၏ တပ်ရင်းမှူးများနှင့်အတူ မတ်လ ၁၆ ရက် က နေပြည်တော်တွင် ဒု သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံ၍ တပ်နေရာချထားရေး ကိစ္စများ ဆွေးနွေးမှု ပြုလုပ်ထားသည်။
နိုင်ငံတော် သမ္မတ၊ အစိုးရအဖွဲ့များ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား NCA အပြီးသတ် ချုပ်ဆိုပြီးပါက အောက်ခြေတပ်များကို ၂၄ နာရီအတွင်း အကြောင်းကြား၍ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များဖြစ်သည့် ကျင့်ဝတ်စည်းကမ်းများကို အောက်ခြေတပ်များက လိုက်နာရမည် ဖြစ်သည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် သတ်မှတ်ထားသည်။
NCA မူကြမ်းကို အချက်အလက်များ ကျန်ရှိခြင်း မဖြစ်စေရန် ၄ ကြိမ် စစ်ဆေးမှုပြုလုပ်ပြီး ယခုဆွေးနွေးနေသည်မှာ ပဌ္စမမြောက် မူကြမ်း ဖြစ်သည်။
ယင်းမူကြမ်းတွင် အခန်း(၁) အခြေခံမူများ၊ အခန်း(၂) ရည်ရွယ်ချက်နှင့် ဦးတည်ချက်၊ အခန်း(၃) အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ကိစ္စရပ်များ၊ အခန်း(၄) အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစေရန် လုပ်ဆောင်ရမည့် အချက်များ၊ အခန်း(၅) နိုင်ငံရေး ဆွေးနွေးရန် အပြန်အလှန် ကတိပြုခြင်း၊ အခန်း(၆) စေ့စပ်ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ အခန်း(၇) အထွေထွေတို့ဖြစ်ပြီး စုစုပေါင်း ပုဒ်မ ၃၂ ချက် ပါရှိကြောင်း သိရသည်။