ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၁၀ ခုတွင် မဲဆန္ဒရှင်စာရင်းများကို မတ်လ ၃၀ ရက်မှ စတင်၍ ၁၄ ရက်ကြာ ကပ်ပေးသွားမည်ဖြစ် ကြောင်း တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သတင်းရရှိသည်။
ပထမအဆင့် မဲဆန္ဒရှင်စာရင်းပြုစုပြီးသည့် မြို့နယ် ၁၀ မြို့နယ်ဖြစ်သော ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ဒေါပုံ၊ ဆိပ် ကမ်း၊ ဒဂုံ၊ လသာ ၊ ကျောက်တံတား ၊ လမ်းမတော် ၊ ကမာရွတ်နှင့် ဆိပ်ကြီးခနောင်တို မြို့နယ်များတွင် မတ် ၃၀ ရက်နေ့မှ ဧပြီ ၁၂ ရက်နေ့အထိ မဲဆန္ဒရှင်စာရင်းများ ကပ်ထားပေးမည် ဖြစ်သည်။
ထို မဲစာရင်းများကို ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲ ရုံးများတွင် ကပ်ထားမည်ဖြစ်ပြီး မဲဆန္ဒရှင် ပြည်သူများက သွားရောက်ကြည့်ရှုရမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၁၀ မြို့နယ်ရှိ မဲဆန္ဒရှင် စာရင်းပြုစုခြင်းကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလကတည်းက စတင်ခဲ့ပြီး ၂၀၁၅ ဇန်နဝါရီတွင် အပြီးသတ်နိုင် ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကိုက ဧရာဝတီသို့ ပြောသည်။
ဦးကိုကိုက“အကုန်လုံးပြီးမှ မကပ်တော့ဘူး။ အရင်ပြီးသွားတဲ့ဟာကို အရင်ကပ်ထားတဲ့ သဘောပဲ။ ကြိုတင်ပြီးတော့ မဲဆန္ဒရှင်တွေ လာကြည့်တဲ့အခါမှာ မှားတာရှိရင်ပြင်ဖို့ အချိန်ပိုရတာပေါ့။ ပိုပြီးပြည့်စုံမှန်ကန်တဲ့ မဲစာရင်းရရှိဖို့ပါ”ဟု ပြောပြသည်။
ရန်ကုန်တိုင်း ဒေသကြီးတွင် မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိပြီး မဲစာရင်းများကို ပထမအဆင့် ၁၀ မြို့နယ်သည် ဇန်နဝါရီလတွင် အပြီး သတ်ခဲ့ပြီး ဒုတိယအဆင့် ၁၄ မြို့နယ်ကို မေလအတွင်း အပြီးသတ် ပြုစုနိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ တတိယအဆင့် ၂၁ မြို့နယ်ကို မတ်လကုန်တွင် စတင်ပြုစုမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ မဲစာရင်း မကပ်မီ ၁၄ ရက်အလိုတွင် အရပ်ဘက် လူမှုအဖွဲ့အစည်း(CSO)များက မဲဆန္ဒရှင် ပညာပေးရေး (Voter Education) လုပ်ဆောင်သွားမည်ဖြစ်ကာ မဲဆန္ဒရှင် ပညာရေး လုပ်ဆောင်မည့် CSO များသည် မတ်လ ၁၆ ရက်နေ့ ကတည်းက စတင်ဆောင်ရွက်နေကြပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောသည်။
မဲဆန္ဒရှင် ပညာပေးရေး လုပ်ဆောင်မည့် ဖန်တီးအိမ်မှ ဒေါ်ခင်လေးငယ်က“တချို့အဖွဲ့တွေကတော့ စနေပြီ။ ကျမတို့တော့ မစနိုင် သေးဘူး။ မဲစာရင်းတွေ ကပ်ထားမယ်။ သွားပြီးကြည့်ကြပါ။ မဲစာရင်းတွေမှာ ဘယ်လို လူမျိုးတွေက ပါရမယ်။ ဘယ်လိုလူမျိုးတွေက မပါရဘူး။ တကယ်လို့ မဲစာရင်းမှာ ကိုယ့်နာမည် ပါသင့်ရဲ့သားနဲ့မပါဘူး ဆိုရင် ပုံစံဘယ် လောက်နဲ့ ရပ်ကွက်ကော်မရှင်ကို သွားဖြည့်ပါ စသဖြင့် သတင်းအချက်အလက်တွေ ပေးမှာပါ။ အဓိက ဒီစာရင်းကို သွားကြည့်ဖို့၊ စာရင်းမှန်ဖို့ အားလုံးဝိုင်းပြီး လုပ်ကြပါဆိုတာကို လူထုသိအောင် လုပ်ရမှာပါ”ဟု ပြောဆိုသည်။
မဲဆန္ဒရှင်စာရင်း ကောက်ယူရာတွင် နိုင်ငံတော်၏ တည်ဆဲဥပဒေအရ အသက် ၁၈ နှစ် ပြည့်ပြီးသူများကိုသာ မဲပေးရန် စာရင်း ကောက်ယူနေခြင်း ဖြစ်ပြီး သာသနာ့ ဝန်ထမ်းများ၊ ထောင်ကျ ခံနေရသူများ၊ စိတ်ရောဂါ ရှိသည်ဟု သတ်မှတ် ခံထားရသူများနှင့် လူမွဲအဖြစ် သတ်မှတ်ခံထားရသူများကို စာရင်းသွင်း ကောက်ယူခြင်း မရှိကြောင်း သိရသည်။
ထို့အပြင် အိမ်ထောင်စုစာရင်းတွင် ပါဝင်ပြီး ရပ်ကွက်၊ မြို့နယ်တွင် အမှန်တကယ် နေထိုင်နေသူတို့ကို ဦးစွာလိုက်လံ ကောက်ယူ နေခြင်း ဖြစ်ကြောင်း၊ သေဆုံးသွားကြသူများကို စာရင်းပါဝင်ခြင်း မရှိရန် စိစစ် လုပ်ဆောင်နေပြီး ဧည့်စာရင်းဖြင့် နေထိုင်သူများ၊ သန်းခေါင်စာရင်း မရှိသူများကို ရွေးကောက်ပွဲ နီးကပ်လာသည့် အချိန်တွင် ထပ်မံစာရင်း ကောက်ယူသွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတချို့က ပြောသည်။
မြန်မာနိုင်ငံတဝန်းလုံး အခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလကတည်းက စတင် ဆောင်ရွက်နေခြင်းဖြစ်ပြီး တနိုင်ငံလုံးအနေဖြင့် ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အပြီးဆောင်ရွက်ရန် လျာထားကြောင်း၊ ရွေးကောက်ပွဲကျင်းပရန် တပတ် အလိုတွင် ရွေးကောက်ပွဲဥပဒေအတိုင်း အပြီးသတ် နောက်ဆုံး မဲဆန္ဒရှင်စာရင်းကို ကြိုတင် ကပ်ထား ပေးမည်ဖြစ်ကြောင်း သိရသည်။
မဲစာရင်းတွင် မိမိ၏အမည်မပါဝင်က ပုံစံ(၃)ဖြင့် လျှောက်ထားနိုင်ကြောင်း၊ မဲစာရင်းတွင် မိမိ၏ကိုယ်ရေးအချက်အလက်များ မှားယွင်း နေပါက ပုံစံ ၄ (ဂ)ဖြင့် အမှားပြင်ဆင်ရန် လျှောက်ထားနိုင်ကြောင်း၊ မဲစာရင်းတွင် ကွယ်လွန်ပြီးသူ၊ မဲစာရင်းတွင် မပါဝင်သင့် သူ များ ပါဝင်နေပါက ပုံစံ(၄)ဖြင့် သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများသို့ ကန့်ကွက်လွှာ တင်ရမည်ဖြစ်ကြောင်း ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်၏ တနိုင်ငံလုံး အဆင့် မဲဆန္ဒရှင်စာရင်းအတွက် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်း လုပ်ငန်း လမ်းညွှန် နောက်ဆက်တွဲ(၁)တွင် ဖော်ပြထားသည်။