ရန်ကုန်မြို့တော် ခန်းမရှေ့တွင် မတ်လ ၅ ရက်က အမျိုးသား ပညာရေး ဥပဒေ ပြုပြင်ပြောင်းလဲရေး ထောက်ခံဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးခဲ့မှုနှင့် ပတ်သက်ပြီး အဖြစ်မှန်ကို စုံစမ်းဖော်ထုတ် အစီရင်ခံရန် သမ္မတ ဦးသိန်းစိန်က မတ်လ ၁၀ ရက်တွင် စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းပေးခဲ့သည်။
ထိုကော်မရှင်၏ အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့် ကို တာဝန်ပေးအပ်ခဲ့ရာ ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ဘုန်းမြတ်က ဦးစောထွန်းအောင်မြင့်ကို သွားရောက်တွေ့ဆုံပြီး ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ဆူးလေ အကြမ်းဖက် ဖြိုခွင်းမှုနဲ့ ပတ်သက်ပြီး သမ္မတက ကော်မရှင်တရပ် ဖွဲ့ပေးထားတော့ လက်ရှိမှာ ကော်မရှင် အနေ နဲ့ ဘာတွေလုပ်ဆောင်နေပါလဲ။ ဘယ်သူတွေကို စစ်ဆေးပြီးသွားပါပြီလဲ။
ဖြေ။ ။ လက်ရှိအားဖြင့် ဒီကော်မရှင်မှာ အဖွဲ့ဝင် ၅ ဦး ပါတယ်။ ၅ ဦးမှာ ဥက္ကဋ္ဌ ဖြစ်တဲ့ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက နိုင်ငံခြား ကို တာဝန်နဲ့ ရောက်နေတယ်။ သူက ပြန်မရောက်သေးဘူး။ ဒါကြောင်မို့ ဘာမှ မစနိုင်သေးဘူး။ ဘယ်တော့ရောက်မလဲ မသိသေးဘူး။ သူပြန်ရောက်ရင်တော့ အန်ကယ်တို့ကို ဆက်သွယ်မှာပဲ။
ဒါပေမယ့် အန်ကယ်က အတွင်းရေးမှူး နေရာယူထားရတယ် ဆိုတော့ ဘာတွေလုပ်ရမလဲဆိုတာ ကြိုတင်စဉ်းစားပြီး အခုတော့ ရုံးခန်းတွေ ဖွင့်ထားတယ်။ ဥက္ကဋ္ဌက အစည်းအဝေးတွေကို ရန်ကုန်မှာ လုပ်မယ်။ နေပြည်တော်မှာ လုပ်မယ်ဆိုတာလည်း မသိသေး ပါဘူး။ ဒါပေမယ့် အချိန်အားဖြင့် ၃၁ ရက်ကို တင်ရမှာ ဖြစ်တဲ့အတွက်မို့ ရက်အားဖြင့် နည်းနည်းပဲ ရှိတော့တယ်။
ဒါကြောင့်မို့ အန်ကယ်အနေနဲ့က ၅ယောက် တခါတည်း စုံတာနဲ့ အစည်းအဝေး ထိုင်နိုင်အောင် နေရာလုပ်ထားတာ။ စားပွဲ၊ ကုလား ထိုင်လည်း အကုန်ပြင်ပြီးပြီ။ ဒါက (၁) အချက်ပါ။ (၂) အချက်က ဒီလိုကြီးပဲ ခေါ်စစ် ငုတ်တုတ်ထိုင်နေလို့ မရဘူးလေ။ အချိန်ကျရင် ထမင်းစားမယ်၊ နားမယ်ဆိုတော့ အဲ့ဒီအပိုင်းအတွက် နားဖို့အခန်းလည်း လုပ်ထားပြီးပြီ။ (၃) အချက် အဖွဲ့က အခါအားလျော်စွာ ရှင်း လင်းပွဲလေး လုပ်မယ်။ သတင်းစာ ရှင်းလင်းပွဲလေး လုပ်ချင်ရင်လည်း လုပ်နိုင်အောင် နောက် ၁ ခန်း လုပ်ထားတယ်။ အခန်းကတော့ ၃ ခန်း လုပ်ထားတယ်။
မှတ်တမ်းတင် အဖွဲ့တွေ လုပ်ထားပြီးပြီ။ ဒီလောက် အတိုင်းအတာတော့ လုပ်ထားတယ်။ ဥက္ကဋ္ဌ နဲ့ ဒု ဥက္ကဋ္ဌတို့ ရန်ကုန်ကိုလာဖို့ နည်းနည်းခက်မယ့် သဘောရှိတဲ့ အတွက်ကြောင့် လောလောဆယ် ဒေါက်တာ သန်းအောင်ရယ်၊ ဆရာကြီး ဦမြငွေကို ဆွေးနွေးတိုင်ပင်လို့ရအောင် ဖိတ်ကြားထားတယ်။
မေး။ ။ စုံစမ်းရေး ကော်မရှင်ကို မတ်လ ၁၀ ရက်မှာ သမ္မတက ဖွဲ့ပေးခဲ့ပြီး မတ်လ ၃၁ ရက်မှာ အစီရင်ခံစာ အပြီးတင်ရမယ် ဆိုတော့ အချိန်ရော လုံလောက်မှု ရှိပါရဲ့လား။
ဖြေ။ ။ ကော်မရှင် တရပ်က Incomplete ဖြစ်နေရင်လည်း မဖြစ်ဘူး။ Complete ဖြစ်နေရမှာနော်။ ဆိုလိုချင်တာက ပြည့်ပြည့်စုံစုံနဲ့ စုံစုံလင်လင် တင်နိုင်ရင် ကောင်းတာပေါ့။ အဲဒီအတွက်ကြောင့် ဒီအတိုင်းအတာမှာ လုပ်နိုင်ရင်လည်း လုပ်၊ မလုပ်နိုင်ရင်လည်း အချိန်ထပ်တိုးတောင်း ရမှာပေါ့။ ဒါက သဘာဝကျကျပေါ့။
မေး။ ။ ဆူးလေ အကြမ်းဖက် ဖြိုခွင်းမှုမှာ ပါဝင်ခဲ့တဲ့ လက်ပတ်နီတွေနဲ့ ပတ်သက်ပြီးရော စစ်ဆေးမှုတွေ စတင်နေပါပြီလား။ သူတို့တွေကို အစိုးရဌာနဆိုင်ရာ တခုက တရားဝင် တာဝန်ပေး ခိုင်းစေခဲ့တယ်လို့ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ဘာတွေ စုံစမ်းတွေ့ရှိရ နေပါပြီလဲ။
ဖြေ။ ။ ကော်မရှင်ကတော့ စစစ်နေပါပြီ။ အကုန် ခေါ်စစ်နေပြီ။ လက်ပတ်နီတွေနဲ့ ပတ်သက်ပြီး ဒေါင့်စံုံဘက်စုံ ပါနိုင်အောင်တော့ ကျနော်တို့ စစ်ဆေးနေတယ်။ ကျန်တာတော့ ဘာမှ ပြောလို့ မရသေးပါဘူး။
မေး။ ။ ကော်မရှင်ရဲ့ ရုံးခန်းတွေကို ဘယ်မှာ ဖွင့်ထားတာပါလဲ။
ဖြေ။ ။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးမှာပါပဲ။
မေး။ ။ နောက်တခုက ဒီကော်မရှင်မှာ ပါတဲ့သူတွေက လက်ရှိအစိုးရ အဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ပါနေ တယ်။ ဒါကြောင့် လွတ်လပ်တဲ့ အဖွဲ့အစည်း မဟုတ်ဘူးလို့ ဝေဖန်မှုတွေ ရှိနေတယ်။ ဒီဝေဖန်မှုတွေအပေါ် ကော်မရှင် အတွင်းရေးမှူး တယောက်အနေနဲ့ ဘာများပြောချင်ပါလဲ။
ဖြေ။ ။ ဘာမှ မပြောလိုဘူး။ အပေါ်ကပေးတဲ့ တာဝန်ပဲ။ ကိုယ်ကလုပ်ချင်လို့ သွားပြောလည်း ခိုင်းမှာ မဟုတ်ဘူး။ ဘေးလူပြော လည်း ခိုင်းမှာ မဟုတ်ဘူး။ အပေါ်ကနေ သူ့ရဲ့မှတ်တမ်းနဲ့ ပေးတာ။ လူတဦးချင်းဆီရဲ့ နောက်ခံသမိုင်းကိုကြည့်ပြီး ရွေးတဲ့သဘော ဆောင်တယ်။ ဆိုလိုတာက အပေါ်ကလည်း ဒီလူတွေဟာ သမာသမတ် ဖြစ်နိုင်တယ်လို့ ၁၀၀ ရာခိုင်နှုန်း ယုံကြည်လို့ ခိုင်းတဲ့သဘော ဆောင်တယ်။ ဒါ အန်ကယ် အတွေးပါ။ အန်ကယ် အနေနဲ့ အမှန်ဆုံး လုပ်သွားမှာပါ။
မေး။ ။ ဒီအကြမ်းဖက်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်ထဲရေးနဲ့ ရန်ကုန်အစိုးရ အဖွဲ့က အဓိက ပါဝင်ခဲ့တယ်။ ဒါပေမယ့် လက်ရှိမှာ ကော်မရှင်ရဲ့ ဥက္ကဋ္ဌက ပြည်ထဲရေး ဒုဝန်ကြီးနဲ့ အတွင်းရေးမှူးက ရန်ကုန်အစိုးရ အဖွဲ့ဝင် ဖြစ်နေတော့ ဖြစ်ရပ်အမှန်ကို အစီရင်ခံဖို့ လွယ်ကူပါ့မလား။
ဖြေ။ ။ အဲဒါကတော့ ဒီလို ရှိတယ်လေ။ ဒါက အန်ကယ်ရဲ့ ကိုယ်ပိုင်အမြင်ပါ။ လူတယောက်ကို ခိုင်းမယ်ဆိုရင် အရမ်းတော့ ခိုင်းမှာ မဟုတ်ဘူး။ အန်ကယ်တို့ဘက်ကလည်း ရှင်းရှင်းပြောရလို့ရှိရင် အခုလိုတောင် ပြောဖို့ မကောင်းဘူး။ ဘာလို့လဲဆိုတော့ ကော်မရှင် အတွင်းရေးမှူး တယောက်က တာဝန်ရှိသွားပြီ။ စကားကျွံလို့ မရတော့ဘူး။ ရလဒ်ရပြီ ဆိုတော့လည်း ပြောလို့ရပြီပေါ့။ လွတ်လပ်မှာလား၊ မလွတ်လပ်ဘူးလား ဆိုတာကတော့ မပြီးသေးရင်တော့ မမေးနဲ့ဦးလေ။ ပြီးမှပဲ ပြောကြပေါ့။
မေး။ ။ မတ်လ ၁၃ ရက်က ကော်မရှင် အတွင်းရေးမှူးရယ်၊ အဖွဲ့ဝင် ၂ ဦးတို့ တွေ့ခဲ့ကြတယ်ဆိုတော့ ဘာတွေ အဓိကထား ဆွေးနွေးကြပါလဲ။
ဖြေ။ ။ ဘာတွေ အဓိကထား ဆွေးနွေးခဲ့လဲ ဆိုတော့ အလုပ်တခုကို ဘယ်က စလုပ်မလဲ။ တွန်းပြီးတော့ ပြီးအောင် ဘယ်လို လုပ် သွားမလဲ ဆိုတာတွေပေါ့။ တခုရှိတာက တနေရာ တနေရာစီကို ဒေါင့်စုံဘက်စုံ ပြီးအောင်တော့ လုပ်မယ်။ အကုန်လုံးလျှောက်ပြီး လုပ်နေရင်တော့ ဒီအချိန်နဲ့ ပြီးမှာ မဟုတ်ဘူး။ လိုတဲ့အဖြေ တခုရရင် ဆက်မလိုက်တော့ဘူး။ ဥပမာ အုပ်ချုပ်ရေး အဖွဲ့ဆီက လိုအပ်တဲ့ အဖြေတခု ရရင်တော့ ဘယ်ဆက်မေးတော့မှာလဲ။
မေး။ ။ ဆူးလေမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် ဖြိုခွင်းမှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် ကရင်တိုင်းရင်းသားရေး ရာ ဝန်ကြီးတယောက် အနေနဲ့ မဟုတ်ဘဲ၊ ကော်မရှင်ရဲ့ အတွင်းရေးမှူး အနေနဲ့သာမက တိုင်းရင်းသား ပြည်သူတဦး အနေနဲ့ပါ ဒီဖြစ် စဉ်အပေါ် ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ ဒီဖြစ်စဉ် အပေါ်မှာ ကော်မရှင်ရဲ့ အတွင်းရေးမှုး ဖြစ်နေတော့ တိုင်းရင်းသား ပြည်သူတဦး အနေနဲ့ ပြောလို့ မရဘူး။ ဘာလို့လဲဆိုတော့ အန်ကယ်တို့က တာဝန်ရှိနေတယ်။ ကော်မရှင်က သမ္မတကြီးက ဖွဲ့ပေးထားတာ။ တတိုင်းပြည်လုံးကလည်း ဒေါက် ထောက် ကြည့်နေတာ။ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ရဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး တဦးအနေနဲ့ဆိုရင်တော့ ပြောရဲပါတယ်။ ။