လက်ပံတန်း အကြမ်းဖက် ဖြိုခွဲခံရမှုအတွင်း ဖမ်းဆီးခံနေရသည့် ဒီမိုကရေစီ ပညာရေး ပင်မ သပိတ်စစ်ကြောင်းမှ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) အဖွဲ့ဝင်များကို ၎င်းတို့၏ မိသားစုဝင်များနှင့် တွေ့ခွင့် မပေးသေးကြောင်း သိရ သည်။
“ဖမ်းတဲ့နေ့ ကစပြီး အခုထိ မိသားစုဝင်တွေနဲ့ ပေးမတွေ့ဘူး။ မနေ့ကထိတော့ ကျောင်းသားတွေဆီကို ပါဆယ်ပေးတာ ခွင့်ပြုတယ်။ ဒီနေ့မနက်ကျတော့ ပါဆယ်ပို့ဖို့ လျှောက်လွှာတင်ခိုင်းတယ်”ဟု ကျောင်းသားများကို ကူညီ ဆောင်ရွက်ပေးနေသည့် ကိုကျော်နိုင်ဦး က ပြောသည်။
ပဲခူးတိုင်း ဒေသကြီး လက်ပံတန်းမြို့တွင် ရောက်ရှိနေသော ဒီမိုကရေစီ ပညာရေး ပင်မ သပိတ်စစ်ကြောင်းကို ပြီးခဲ့သည့် မတ်လ ၁၀ ရက်က ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းခဲ့ပြီးနောက် သပိတ်မှောက်စစ်ကြောင်း တွင် ပါဝင်သော သံဃာတော်များနှင့် ကျောင်းသား၊ ကျောင်းသူ အများစုကို ရိုက်နှက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံခဲ့ရသည့် ဗကသ အဖွဲ့ဝင် ကျောင်းသားများကို ပဲခူးတိုင်း သာယာဝတီထောင်တွင် လက်ရှိအချိန်ထိ ဖမ်းဆီးချုပ်နှောင်ထားပြီး ဖမ်းဆီးခံထားရသူများတွင် ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်နှင့်အတူ အဖွဲ့ဝင် ၁၀၀ ရှိကြောင်း သိရသည်။
ကိုမင်းသွေးသစ်၏ မိခင်ဖြစ်သူ ဒေါ်ခင်ခင်ယုက“ ကလေးတွေကို ဖမ်းတဲ့နေ့ကစပြီး တောက်လျှောက် မိဘတွေက နေ့တိုင်း ထောင် ဘူးဝမှာ ဒုက္ခခံ စောင့်နေရတယ်။ ပစ္စည်းပို့ဖို့ တောင်းပန်နေရတယ်။ ကျန်းမာရေး အတွက် ခြင်ထောင်သွားပို့တာတောင် လက်မခံ ဘူး။ ကလေးတွေရဲ့ ကျန်းမာရေးကို ထောင်မှူးတွေကနေ တဆင့်ပဲ သိရပါတယ်”ဟု ဧရာဝတီကို ပြောပြသည်။
ထိုသို့ ဖမ်းဆီးခံထားရသည့် ကျောင်းသားများကို မိဘများ၊ ရှေ့နေများနှင့် ပေးမတွေ့ခြင်းသည့် လူ့အခွင့်အရေး ချိုးဖောက်မှုကို ရောက်စေကြောင်း၊ ကျောင်းသားများတွင် ဒဏ်ရာဒဏ်ချက်များ ရရှိနေမည်ကို စိုးရိမ်နေရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း ပြောဆိုသည်။
“အကျဉ်းထောင် လက်စွဲမှာ တွေ့ခွင့်ပေးရမယ်လို့ တိတိကျကျ ပြဌာန်းပါရက်နဲ့ အကျဉ်းထောင် လက်စွဲကို မလိုက်နာတာကတော့ လူ့အခွင့်အရေးကို မလေးစား မလိုက်နာတာပဲ။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အချုပ်အနှောင် ခံရတဲ့သူတွေကို ရှေ့နေနဲ့ ပေးမတွေ့တာ ရှေ့နေ ငှားရမ်းခွင့်မပြုတာ မိသားစုနဲ့ ပေးမတွေ့ဘူးဆိုတဲ့ အစဉ်အလာတွေက ထောက်လှမ်းရေးဟောင်းတွေ လုပ်တဲ့ လုပ်ငန်းမျိုးပဲ”ဟုလည်း ဦးရောဘတ်စန်းအောင်က ဆိုသည်။
မန္တလေးမြို့မှ စတင်ခဲ့သည့် ဒီမိုကရေစီ ပညာရေး ပင်မ သပိတ်စစ်ကြောင်း ဖြတ်သန်းခဲ့ရာ ပဲခူးတိုင်း အတွင်းရှိ မြို့နယ်အသီးသီးက ဗကသ အဖွဲ့ခေါင်းဆောင်များကို စီတန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ ဖြင့် ထပ်မံ အမှုဖွင့်ထားကြောင်း သတင်းများ ထွက်ပေါ်လာသော်လည်း သက်ဆိုင်ရာ ရဲစခန်းများက အတည်ပြု ဖြေကြားခြင်း မရှိသေးကြောင်း သိရသည်။
ပင်မ ကျောင်းသားသပိတ် စစ်ကြောင်းအား အကြမ်းဖက် ဖြိုခွင်းပြီးနောက် သပိတ်မှောက် ကျောင်းသားများနှင့် ဝန်းရံပေးကြသူ ၁၂၀ ခန့်ကို ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ကျောင်းတက်နေဆဲ တက္ကသိုလ် ကျောင်းသားကျောင်းသူနှင့် ဖမ်းဆီးခံရမှုတွင် ပါဝင်ခဲ့သည့် သတင်းထောက် ၂ ဦး အပါအဝင် ၃၀ ခန့်ကို ပြန်လွှတ်ပေးခဲ့သည်။
သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်များ အပါအဝင် လူ ၆၀ ကို ဥပဒေနှင့် ဆန့်ကျင်သော လူစုလူဝေး၌ ပါဝင်မှု ပုဒ်မ ၁၄၃၊ ဥပဒေနှင့် ဆန့်ကျင်သော လူစုလူဝေးကို လူစုခွဲရန် အမိန့်ပေးသော်လည်း မလိုက်နာမှု ပုဒ်မ ၁၄၅၊ ရုန်းရင်း ဆန်ခတ်မှု ကျူးလွန်မှု ပုဒ်မ ၁၄၇၊ ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) စသည့် ပုဒ်မ ၅ ခုဖြင့် အရေးယူရန် စီစဉ်နေကြောင်း သိရသည်။