အမျိုးသား ပညာရေး ဥပဒေအား ကန့်ကွက်သည့် ဆန္ဒပြကျောင်းသားများ အကြမ်းဖက် ဖမ်းဆီးဖြိုခွင်းခံရမှုကို ဆန့်ကျင်သည့်အနေဖြင့် ရန်ကုန်နှင့်နယ်မြို့တချို့တွင် လှုပ်ရှားနေ သော လက်ပတ်ဖြူ ကမ်ပိန်းတွင် လက်ပတ်ဖြူ ၂၅၀၀၀ ခန့် ဝတ်ဆင်ပေးပြီးဖြစ်ကြောင်း သိရသည်။
“အဓိကက မြို့တော်ခန်းမရှေ့မှာ ကျောင်းသားတွေကို လက်ပတ်နီတွေ၊ ရဲတွေက အကြမ်းဖက် ဖြိုခွင်းခံရတာရယ်၊ လက်ပံတန်းမှာ ဖြစ် သွားတဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ဒီလက်ပတ်ဖြူလှုပ်ရှားမှုကို စတင်ခဲ့တာဖြစ်ပါတယ်”ဟု ဦးဆောင် လှုပ်ရှားသူ ကဗျာဆရာ မောင်ဆောင်းခ က ဧရာဝတီကို ပြောကြားသည်။
ယင်းလှုပ်ရှားမှုအတွက် ကုန်ကျစရိတ်ကို မိတ်ဆွေသူငယ်ချင်းများ၊ နယ်မှ လှုပ်ရှားတက်ကြွသူများ၊ မလေးရှားရောက် ကဗျာဆရာ တချို့နှင့် မြန်မာအလုပ်သမားများကပေးပို့သည့် ထောက်ပံ့ကူညီငွေများဖြင့် လုပ်ကိုင်ခဲ့ကြောင်း၊ စိတ်ပါဝင်စားသည့် ပြည်သူများနှင့် ကျောင်းသားလူငယ်များ ပူးပေါင်းပါဝင်လာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းလက်ပတ်ဖြူလှုပ်ရှားမှုကို ရန်ကုန်မြို့တွင် မတ်လ ၁၃ ရက်ကစတင်ခဲ့ပြီး မန္တလေး၊ ဘားအံ၊ မကွေး၊ ပြည်၊ ပုသိမ်၊ လက်ပံတန်း၊ ပျဉ်းမနား၊ ပဲခူး၊ ဘိုကလေး၊ ထားဝယ်၊ မြိတ်မြို့များအပါအဝင် မြို့ ၁၉ မြို့တွင် လုပ်ဆောင်ခဲ့ကြောင်းလည်း ဆိုသည်။
လာမည့် မတ်လ ၂၁ ရက်တွင်ကျရောက်မည့် ကမ္ဘာ့ကဗျာနေ့တွင် ရန်ကုန်၊ တောင်ကြီး၊ ကျောက်ဆည်၊ မော်လမြိုင်၊ မုံရွာတို့တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် လက်ပတ်ဖြူလှုပ်ရှားမှုများ၌ ပါဝင်လုပ်ကိုင်နေသူများကို အာဏာပိုင်များက သွယ်ဝိုက်၍ ခြိမ်းခြောက်မှုများရှိနေသည် ဟု လှုပ်ရှားနေသည့် အဖွဲ့က ပြောသည်။
“ကျနော်တို့ကို တရားဝင် တားဆီးတာမဟုတ်ဘဲ ဓာတ်ပုံတွေ ရှေ့က တည်ရိုက်တာမျိုးတွေ ဖုန်းဆက်ပြီး ဒီမှာဘယ်သူတွေ ဘယ်နှယောက် ရောက်နေတယ်ဆိုပြီး အနှောင့်အယှက် လာပေးတာတွေ တော်တော်ကြုံရတယ်”ဟု ယင်း လှုပ်ရှားမှုတွင် ပါဝင်နေသူ တဦး က ဆိုသည်။
ယမန်နေ့က ရန်ကုန်မြို့ရှိ မြေနီကုန်း၊ ၈ မိုင်၊ လှည်းတန်း၊ သမိုင်း၊ အင်းစိန် ပန်းခြံ၊ စံပြ၊ လှိုင်သာယာ၊ လသာ၊ ဗဟန်း၊ ရန်ကင်း စသည့် နေရာများတွင် လက်ပတ်ဖြူလှုပ်ရှားမှုများ ပြုလုပ်ကြောင်း သိရသည်။
လက်ပံတန်းတွင် ဖမ်းဆီးခံခဲ့ရသည့် ဆန္ဒပြသူတဦး၏ ဆွေမျိုး တော်စပ်သူ တဦးက“ဒီလက်ပတ်ဖြူလှုပ်ရှားမှုက ထိရောက်မှု ရှိ မရှိ မသေချာပေမယ့် သူတို့ရဲ့လုပ်ရပ်ကိုတော့ ကြိုဆိုပါတယ်”ဟု ပြောဆိုသည်။
ေဖေဖော်ဝါရီလဆန်းမှ စတင်ပြီး မန္တလေး၊ မုံရွာ၊ ပခုက္ကူ ၊ ထားဝယ်၊ မော်လမြိုင်နှင့် ဧရာဝတီတိုင်းမှ ကျောင်းသားများက ရန်ကုန်မြို့ သို့ ချီတက် လမ်းလျှောက်၍ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ရန် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။