အစစအရာရာ နောက်ကျ ကျန်နေရစ်တဲ့ တိုင်းပြည်တခုဟာ ပြန်လည်ထူထောင်ရေး အတွက် အားခဲနေ ရချိန်မှာ ပြသနာပေါင်း သောင်းခြောက် ထောင်က မျှော်လင့်ထားတဲ့ အတိုင်း ဆီးကြိုနေပါတယ်။
အလုပ်သမားတွေက လုပ်ခလစာတိုးမြှင့်ရဖို့ ဆန္ဒပြနေကြတယ်။ တောင်သူလယ်သမားတွေက လယ်ယာမြေပြသနာကို ရင်ဆိုင်နေကြရတယ်။ တောင်သူသားသမီးတွေ မလေးရှားမှာ အလုပ်လုပ်နေကြရတယ်။ တပ်မတော်က သိမ်းထားတဲ့ လယ်တချို့ပြန်ပေးနေချိန်မှာ လယ်မြေအများကြီးသိမ်းထားတဲ့ ခရိုနီကြီးတွေက မသိချင်ယောင် ဆောင်နေကြတယ်။ ကျောင်းသားတချို့က အမျိုးသားပညာရေးဥပဒေအတွက် ရန်ကုန်အရောက် လမ်းလျှောက်ကြတယ်။ ကျောင်းသားမိဘတချို့က လေးတန်း ရှစ်တန်း စာမေးပွဲအတွက် မေးခွန်းလိုက်နေကြတယ်။ မေးခွန်းတွေက လိုက်သလောက်လည်း တည့်တည့်တိုးနေတယ်။ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်အံ့ ဆိုတဲ့ ကျောင်းရှေ့မှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်ကို အားနာမိတယ်။
ခရိုနီကြီးတွေ အခွန်အတိအကျ ဆောင်စရာ မလိုချိန်မှာ လမ်းဘေးက ကွမ်းယာဆိုင်နဲ့ အကြော်ဆိုင်တွေဆီက နေ့စဉ်အခွန်ရအောင်ကောက်နိုင်စွမ်းရှိတဲ့ သူတွေရှိနေတယ်။ တပ်မတော်သားတချို့က နယ်စပ်ဒေသတွေမှာ သေနတ်ဆွဲကိုင် တိုက်ပွဲဝင်နေချိန်မှာ တပ်မတော်သားတချို့က လွှတ်တော်ထဲမှာ ထိုင်ငိုက်နေကြတယ်။ လွှတ်တော်ထဲရောက်နေတဲ့ အမတ်မင်းတချို့လည်း အဆိုလည်းမတင် မေးခွန်းလည်းမထုတ်ကြဘဲ လွှတ်တော်ထဲ ငုတ်တုတ်ထိုင်နေကြတယ်။ နိုင်ငံရေးသမားတွေက ရွေးကောက်ပွဲတုန်းက ဟိုဒီလုပ်ပေးမယ်ဆိုတဲ့ ကတိမတည်ကြဘူး။ (လွှတ်တော်စောင့်ကြည့်လေ့လာသူတွေ အဆိုအရ တချို့နေ့တွေမှာ လွှတ်တော်တက်ရောက်ဖို့ ပျက်ကွက်တဲ့ အမတ်က ၂၅ ရာခိုင်နှုန်းအထိ ရှိတယ်။) ဒီကြားထဲ လစာတိုးတဲ့ ဇီးသီးဗန်းက လွှတ်တော်ထဲ မှောက်လိုက်သေးတယ်။
ဒီလိုတိုင်းပြည်မှ နောက်ကျ မကျန်ရစ်ရင် ဘယ်တိုင်းပြည် နောက်ကျကျန်မလဲ။ ဒီလိုတိုင်းပြည်မှ ပန်းတိုင်မပျောက် ဘယ်တိုင်းပြည် ပန်းတိုင်ပျောက်မလဲ။ အခုဆိုရင် မြန်မာနိုင်ငံက ဒေသတွင်းနိုင်ငံတွေထဲမှာ နောက်အကျဆုံးဖြစ်နေပြီ။ ကမ္ဘောဒီးယားတောင် အလယ်အလတ်တန်းစား ဝင်ငွေရတိုင်းပြည်ဖြစ်တော့မယ်။ ကျနော်တို့ရှေ့ တော်တော် ခရီးပေါက်နေပြီ။ပင်လယ်ဆိပ်ကမ်းမရှိတဲ့ ကုန်းတွင်းပိတ် လာအိုနိုင်ငံသည်ပင် ကျနော်တို့ရှေ့မှာပဲ။
အစစအရာရာချွတ်ခြုံကျခဲ့ရတာ လွဲမှားတဲ့ စီမံခန့်ခွဲမှုကြောင့်ဆိုတာ ပညာရှင်တွေက ထောက်ပြပြောဆိုထားတယ်။ တကယ်လည်း လွဲမှားခဲ့တယ်ဆိုတာ (ဘယ်သူ့ကြောင့်လွဲလွဲ) သမိုင်းသက်သေပါဘဲ။ ကျနော်တို့ တိုင်းပြည် နောက်ကျနေပြီ။ ရှေ့ကို ဘယ်လို စခန်းသွားကြမလဲ။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဘာတွေလုပ်ကြမလဲ။ ဖွံ့ဖြိုးရေးပညာရှင်တွေက (Capacity building) လုပ်ဖို့ အမြှုပ်ထွက်မတက် ပြောနေရေးနေကြတယ်။ ပညာရှင်တွေရဲ့ သီအိုရီတွေက ကျနော်တို့ရွှေပြည်ကြီးနဲ့ အံဝင်ခွင်ကျဖြစ်ပါ့မလားလို့ တိုင်းပြည်ချစ်သူ တယောက်အနေနဲ့ စိတ်ပူမိတယ်။
ရပ်ကွက်ထဲမှာ အခုဖြစ်နေတာက ချဲဒိုင်တွေပေါတယ်။ ဘယ်လောက်ပေါသလဲဆိုရင် နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိကိုယ်တိုင်က သူ ကြုံတွေ့ခဲ့ရတဲ့ ချဲထီလောင်းကစားနဲ့ ပတ်သတ်ပြီး လူမှုကွန်ယက်စာမျက်နှာမှာ ရေးရလောက်အောင်အထိ ချဲထီက တွင်ကျယ်နေတယ်။ အိမ်ရှင်မတွေ အများစု ချဲထီလောင်းကစားကို ခုံခုံမင်မင် ဘဝပျက်တဲ့အထိ ထိုးနေကြတယ်။ ဘောလုံးလောင်းကစားကလည်း မဟာပုရိသတွေ အကြိုက်။ ဘော်ဒီ ဂိုးပေါင်း ကြိုက်ရာကို အလွယ်တကူ လောင်းနိုင်အောင် လောင်းကစားဒိုင်တွေက ဖန်တီးပေးထားတယ်။ ပရီးမီးယားလိဂ် ကန်တဲ့ စနေနေ့တွေဆိုရင် မောင်းစာရွက်တွေက ပလူပျံနေတာပဲ။
ဘီယာဂါးဒန်းတွေ ရမ်စတေရှင်တွေ ဘီအီးဆိုင်တွေ ကလည်း လက်ညှိုးထိုးမလွဲ။ အရင်က အရက်ဆိုရင် ပုန်းလျှိုးကွယ်လျှိုးသောက်ကြရလို့ အရက်ပုန်းတဲ့။ အခုတော့ မိုးလင်းကမိုးချုပ်
အလုပ်လုပ်နိုင်တဲ့ လူငယ်အရွယ်ကောင်းတွေက လုပ်ငန်းခွင်မှာရှိရမယ့်အစား ယမကာဆိုင်တွေမှာ ပွဲတော်တည်နေကြတယ်။ လူငယ်တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်ကျေးကျွန်ဖြစ်တာ
ကာယကံရှင်အတွက်လည်း မကောင်းဘူး။ သူ့မိသားစုအတွက်လည်း မကောင်းဘူး။ အရက်သမား ကျန်းမာရေးစရိတ်ကိုပါ မိသားစုဝင် နိုင်ငံတော်က ထောက်ပံ့ပေးနေရသေးတယ်။ ကုန်ကုန်ပြောရရင် တိုင်းပြည်အတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်ရတယ်။ အရက်ဆိုင်တွေများများဖွင့်ခွင့်ပေးခဲ့ခြင်းရဲ့ အကျိုးကို အခု ခံနေကြရပြီ။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာပါလို့ ဖိတ်ခေါ်တော့ နည်းပညာအခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေက ရောက်မလာဘဲ ဘာနည်းပညာမှ မယ်မယ်ရရမလိုတဲ့
ဘီယာစက်ရုံနဲ့ စီးကရက်စက်ရုံ တည်မယ့်သူတွေက ရောက်ချလာတယ်။ အကျင့်ပျက် ခြစားမှုတွေကလည်း နေရာတိုင်းမှာရှိနေတယ်။ အပေါက်စောင့် ဝန်ထမ်းကအစ အထက်အရာရှိကြီးတွေအထိ သာမန်ပြည်သူလူထုက သူတို့ကို မျက်နှာချိုသွေး ဆက်ဆံနေကြရတယ်။ ပြည်သူတွေဘဝက အောက်တန်းနောက်တန်းကျလှတယ်။ တန်စိုးလက်ဆောင်ကိုလည်း ကျပ်ငွေသုံးသိန်းအထိ ယူခွင့်ပေးထားသလိုဖြစ်နေတော့သာမန်ပြည်သူတွေ ဘယ်သူ့အားကိုးကြရမလဲ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှာ ရောက်လာတဲ့ တိုင်ကြားစာတွေထဲမှာ တရားရေးကဏ္ဍက အများဆုံးဖြစ်နေတယ်။ နင်းပြားပြည်သူတွေ ကျောကော့အောင် ခံနေကြရတယ်။
မာဆက်တွေ ကေတီဗီတွေ နိုက်ကလပ်တွေကလည်း ပေါလိုက်တာ။ ဒေးကလပ်ဆိုတာတွေတောင် ဖွင့်လိုက်ကြသေးတယ်။ အရွယ်ကောင်းအမျိုးသမီးငယ်တွေ ပြည့်တန်ဆာလုပ်ငန်းနဲ့ ပြည်တွင်းမှာသာမက တဖက်နိုင်ငံတွေမှာပါ အသက်မွေးဝမ်းကြောင်းပြုနေကြရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့နိုင်ငံ ရှေ့ရောက်အောင်သွားကြရပါမယ်။ မူလတန်းဖတ်စာထဲက သင်ပုန်းကြီးဖတ်စာကိုသတိရမိတယ်။
ဇွန်ပန်းရုံအနီး
နံွထဲမှာ လှည်းဘီးကျွံနေသည်။
ကူညီ၍ တွန်းပေးကြပါ။
လေးလွန်း၍ မတွန်းနိုင်ဘူးလား။
ပြိုင်တူတွန်းလျင် ရွေ့နိုင်ပါသည်။
အခု ကျနော်တို့တိုင်းပြည်က ပြိုင်တူတွန်းမှ ရွေ့မယ့်အနေအထား ရောက်နေပြီ။ ဒါတောင် တော်တော်လေး အားစိုက်ပြီး တက်ညီလက်ညီ တွန်းပါမှ ရှေ့ကို ရွေ့မှာပါ။ တိုင်းပြည်က သယံဇာတလည်း ပေါကြွယ်ပါရဲ့။ လူသားအရင်းအမြစ်တွေလည်း ရှိပါရဲ့နဲ့ ရှေ့မရောက်ဘူး။ အလယ်အလတ်အဆင့်မှာ ထည်ထည်ဝါဝါ မနေနိုင်သေးဘူး။ ဒါပေမယ့် အခု လက်တွေ့ဖြစ်နေတာက အာရှအဆင့်မပြောနဲ့ ဒေသတွင်းနိုင်ငံတွေထဲမှာသည်ပင် နောက်ပိတ်ဆုံးဖြစ်နေရတာ ပြည်သူတယောက်အနေနဲ့ ရှက်မိတယ်။
အစိုးရအဖွဲ့ကို တိုက်တွန်းပါရစေ။ လက်ကျန် တနှစ်အတွင်းမှာ ထိထိရောက်ရောက်ဖြစ်အောင် အားစိုက်လုပ်ပါ။ အတိုက်အခံနိုင်ငံရေးအင်အားစုတွေကလည်း အစိုးရရဲ့ လုပ်ပုံကိုင်ပုံကို စောင့်ကြည့်ဝေဖန်ကြပါ။ ရွေးကောက်ပွဲ နောက်တကြိမ် နီးလာပြန်ပါပြီ။ လာမယ့်ရွေးကောက်ပွဲမှာလည်း အမတ်ဝင်ပြိုင်ကြသူတွေထဲက ကောင်းမယ်ထင်တာကို ရွေးကြရဦးမယ်။ အရွေးချယ်မှားရင် ငါးနှစ်သက်တမ်း ခါးစည်းခံကြရဦးမယ်။ ပြည်သူတွေရဲ့ ဘဝက တော်တော်သနားစရာ ကောင်းနေပါပြီ။ မေတ္တာရှေ့ထားပြီး စေတနာလေးတွေနဲ့ တိုင်းပြည်အကျိုးဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံပါတယ်။
ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် ဆိုတာကြီးကို ရောက်ချင်လှပါပြီ။ ဒီလမ်းဒီခရီးကို လှည်းကြမ်းကြီး တအီအီစီးပြီး သွားကြရမှာလား။ အခုတော့ ကျနော်တို့ အဖြစ်က ဝေသန္တရာ ဇတ်တော်ကြီးထဲကလို “သွားရမဲ့ခရီးကား ဝေးသေး၏။ ခြေသာလျင် ယာဉ်ရှိကုန်၏” ဆိုသလို ဖြစ်နေတယ်။ မုံရွေး ကြေးမုံသားတွေပြောသလို ပြောရရင် ကျနော်တို့ ပြည်သူတွေအဖြစ်က “ငါတို့ခမျာ သနားစရာပါကွာ” ဆိုသလိုပါ။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)