မြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသော ဧည့်စာရင်း ကောက်ခြင်းနှင့် ညဉ့်နက်သန်းခေါင် အိမ်ထောင်စု စစ်ဆေးခြင်းများသည် အခြေခံ လူ့အခွင့်အရေးများကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူများက ပြောသည်။
လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့တခုဖြစ်သည့် Fortify Rights အဖွဲ့က မြန်မာနိုင်ငံတွင် ဧည့်စာရင်း တိုင်ကြားခြင်းနှင့် အိမ်ထောင်စု စစ်ဆေးခြင်း အဆုံးသတ်ရေး အစီရင်ခံစာကို မတ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာတွင် ထုတ်ပြန်ကြေညာရာ၌ ယင်းသို့ ဝေဖန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ယင်းသို့ အစီရင်ခံစာ ထုတ်ပြန်ခြင်းသည် လက်ပံတန်းတွင် ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေး ဆန္ဒပြ ကျောင်းသားများကို ရဲက အကြမ်းဖက်နှိမ်နင်းအပြီး နေအိမ်များသို့ ညအချိန် သန်းခေါင်စာရင်းစစ်ဆေးခြင်းများ ပြန်လည်ပြုလုပ်လာနေခြင်းနှင့်လည်း တိုက်ဆိုင်နေသည်။
မိမိတို့ နေအိမ်၌ ညအိပ်ညနေ တည်းခိုမည့်သူများကို လက်ခံနိုင်ရန် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေး အာဏာပိုင်များထံတွင် ဧည့်စာရင်းတိုင်ကြားရန် လိုအပ်ခြင်းနှင့် ညဉ့်နက်သန်းခေါင် အိမ်ထောင်စု စစ်ဆေးခံရခြင်းများသည် လူတဦးချင်းစီ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်၊ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်နှင့် လွတ်လပ်စွာ စုဝေးတွေ့ဆုံခွင့် စသည့် အခြေခံ လူ့အခွင့်အရေးများကို ချိုးဖောက်ခံရခြင်း ဖြစ်ကြောင်း ဟားဘတ်တက္ကသိုလ်မှ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ရေး ပညာရှင် Matthew Bugher က ပြောသည်။
“နိုင်ငံတကာ ဥပဒေတွေမှာလည်း အခြေခံ အခွင့်အရေး သုံးခုအပေါ်မှာ တချို့ကန့်သတ်ချက်တွေ ရှိပါတယ်။ မရှိဘူး မဟုတ်ပါဘူး။ ဖြစ်နိုင်သမျှ ကန့်သတ်ချက်ကို အနိမ့်ဆုံး၊ အနည်းဆုံး ဖြစ်အောင်၊ ဘာကြောင့် ကန့်သတ်ရတယ်ဆိုတာကို ရည်ရွယ်ချက် တိတိကျကျရှိမှသာ ဒီအခွင့်အရေးတွေပေါ်မှာ ကန့်သတ်လို့ ရတာ ဖြစ်ပါတယ်” ဟု Matthew Bugher က ပြောသည်။
သန်းခေါင်စာရင်းစစ်ခြင်းသည် ဗြိတိသျှတို့ မြန်မာပြည်ကို ကိုလိုနီပြုသိမ်းပိုက်ချိန်ကတည်းက ပြဌာန်းထားသော ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေအရ လုပ်ဆောင်ခြင်းဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း ဆက်လက်ကျင့်သုံးနေခဲ့ရာ လွန်ခဲ့သော စစ်အစိုးရ အုပ်ချုပ်ရေး လက်ထက်တွင် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးခဲ့သည်။
၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် ယင်းကို ထိထိရောက်ရောက် ကျင့်သုံးခြင်း လျော့နည်းကျဆင်းသွားပြီး ညအချိန်များတွင် အိမ်ထောင်စု စာရင်း လာရောက် စစ်ဆေးခြင်းမျိုးများ သိပ်မရှိတော့သော်လည်း ယင်းဥပဒေသည် နိုင်ငံအတွက် ဥပဒေတရပ်အနေဖြင့် တရားဝင် ပြဌာန်းထားသေးသည့်အတွက် မြန်မာနိုင်ငံရှိ လူသန်းပေါင်းများစာ၏ နေ့စဉ်နေထိုင်မှု ဘဝများတွင် အချိန်မရွေး အန္တရာယ်ပြုလာနိုင်သော ခြိမ်းခြောက်မှု တခုကဲ့သို့ ရှိနေသေးသည်။
ယင်းဥပဒေကို အကြောင်းပြု၍ နိုင်ငံသူ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များကို ရယူခြင်း၊ ညအချိန်မတော် အိမ်များတွင် ဝင်ရောက်စစ်ဆေးခြင်းကြောင့် စိုးရိမ်မှုများကို မြင့်တက်စေခြင်းနှင့် နိုင်ငံသူ နိုင်ငံသားများ၏ လှုပ်ရှားသွားလာမှုကို အစိုးရက ထိန်းချုပ်မှု ရှိနေကြောင်း Fortify Rights အဖွ့ဲ၏ အမှုဆောင် ညွှန်ကြားရေးမှူး Matthew Smith က ပြောသည်။
“နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ကို စနစ်တကျ ရည်ရွယ်ပြီးတော့ ကန့်သတ်ချုပ်ချယ်ထားလိုက်သလို ဖြစ်နေတယ်။ အဲဒီလို ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံသူ၊ နိုင်ငံသားတွေ ဘယ်ကိုသွားတယ်၊ ဘာလုပ်တယ်ဆိုတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ လှုပ်ရှားသွားလာမှုကို အစိုးရက တနည်းတဖုံအားဖြင့် အမြဲတစေ စုံစမ်းထောက်လှမ်း ရရှိနေသလိုမျိုး ဖြစ်နေပါတယ်” ဟု သူက ဆိုသည်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီက မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ ပုဒ်မ ၁၃ (ဆ) တွင် ဧည့်စာရင်းတိုင်ရန် ပျက်ကွက်ပါက အုပ်ချုပ်ရေးမှူးသည် ယင်းပျက်ကွက်သူကို အရေးယူနိုင်သည့် အခွင့်အာဏာ ရှိကြောင်း၊ ပုဒ်မ ၁၃ (န) တွင် တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးအရ လိုအပ်လျှင် အုပ်ချုပ်ရေးမှူးနှင့် အသင်းအဖွဲ့များသည် မည်သည့်နေရာမဆို ဝင်ရောက် စစ်ဆေးနိုင်သည့် အခွင့်အာဏာ ရှိနေခြင်းသည် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် လုံးဝ ဆန့်ကျင်နေကြောင်း ဆိုသည်။
“ မြန်မာနိုင်ငံသား တယောက်ဟာ နိုင်ငံရပ်ခြားကို အလည်အပတ်သွားရင်တောင် ဟိုမှာ ဘာ ဧည့်စာရင်းတိုင်ဖို့ မလိုအပ်တဲ့ အနေအထားမှာ ကိုယ့်နိုင်ငံမှာကိုယ် ဧည့်စာရင်းတိုင်ပြီး နေကြရတယ်ဆိုတာ ကျနော်တို့ နိုင်ငံသား တဦးချင်းရဲ့ ဂုဏ်သိက္ခာကို အင်မတန် ထိခိုက်ပါတယ်” ဟု ဦးကိုနီက ပြောသည်။
တဖက်တွင် ဧည့်စာရင်း ကောက်ခြင်းနှင့် အိမ်ထောင်စု စစ်ဆေးခြင်းတို့ကို ပြုလုပ်ရခြင်းသည် ဒုစရိုက်သမားများအား စုံစမ်းထောက်လှမ်းနိုင်ရန်၊ မှုခင်းများ လျော့ကျစေရန်နှင့် နိုင်ငံတော် လုံခြုံရေးအတွက် တစိတ်တပိုင်းဖြစ်ကြောင်း အစိုးရ အာဏာပိုင် အဖွဲ့အစည်းများက တုံ့ပြန်တတ်ကြသည်။
သို့သော် ဧည့်စာရင်း တိုင်ကြားခြင်း ဥပဒေကို အသုံးချကာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ အရပ်ဖက် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်သူများအား စစ်ဆေးဖမ်းဆီးခြင်းမျိုးများ ပြန်လည်ပြုလုပ်လာသည်။
ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့၊ အလုံမြို့နယ် လွတ်လပ်ရေးရပ်ကွက်၊ အောင်ဇေယျလမ်းရှိ နိုင်ငံခြား သတင်းဌာနမှ သတင်းထောက် တဦး၏ နေအိမ်သို့ သက်ဆိုင်ရာ အာဏာပိုင်များက ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီးနောက် ယင်းသတင်းထောက် အပါအဝင် ယင်းနေအိမ်တွင် တည်းခိုနေခဲ့သော ဒီမိုကရေစီ ပညာရေး ပင်မကျောင်းသားသပိတ် စစ်ကြောင်းတွင် ပါဝင်ခဲ့သူ ၃ ဦးအား ဧည့်စာရင်း တိုင်ကြားခြင်း မရှိသည့် အမှုဖြင့် ခေါ်ယူစစ်ဆေးခဲ့သည်။
အစိုးရ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် လုံခြုံရေးအကြောင်းပြချက်ဖြင့် အိမ်ထောင်စုများကို ရှာဖွေစစ်ဆေးလိုပါက သက်ဆိုင်ရာ အာဏာပိုင်များ၏ တိကျသော ခွင့်ပြုချက် သို့မဟုတ် ရှာဖွေခွင့် ဝရမ်း လိုအပ်ကြောင်း ဦးကိုနီက ထောက်ပြပြောဆိုသည်။