ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီလီက မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ် အတွင်း သူ၏လုံခြုံရေးကို မြန်မာအစိုးရက အာမခံလိမ့်မည်ဟု မျှော်လင့်ကြောင်း မတ်လ ၁၈ ရက်က ပြောဆိုသည်။
ယမန်နှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း မစ္စ ယန်ဟီလီအား အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာ သံဃာတော် တပါး က မိန်းမပျက်ဟု ခေါ်ဆိုခဲ့ပြီး ကန့်ကွက်ရှုတ်ချရန် နောက်လိုက်နောက်ပါများကို လှုံ့ဆော်ခဲ့ခြင်းနှင့် ပတ်သက်ပြီး အရေးယူ ရန် မြန်မာအစိုးရ က ပျက်ကွက်ခဲ့သည့်အတွက် ယခုလာရောက်မည့် ခရီးစဉ်အပေါ် ထိုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။
နိုင်ငံရေး လွတ်လပ်ခွင့်ဆိုင်ရာ တင်းကျပ်ကန့်သတ်မှုများ အပေါ် ဝေဖန်ပြောဆိုခဲ့ခြင်းနှင့် ရခိုင်ပြည်နယ်ရှိ လူနည်းစု ရိုဟင်ဂျာ မွတ်စလင်များကို နိုင်ငံသား အခွင့်အရေးပေးရန် တောင်းဆိုခဲ့သည့်အတွက် မြန်မာအစိုးရကလည်း မစ္စ ယန်ဟီလီကို မကျေနပ်မှုများ ဖြစ်ပွားခဲ့သည်။
ထိုအခြေအနေများကြောင့် မစ္စ ယန်ဟီလီသည် အမျိုးသားရေးဝါဒီ သံဃာတော် တပါးဖြစ်သော ဆရာတော် ဦးဝီရသူ ဦးဆောင် သည့် ဗုဒ္ဓဘာသာ သံဃာတော်များ၏ ကန့်ကွက်ရှုတ်ချမှုဖြင့်လည်း ရင်ဆိုင်ခဲ့ရသည်။
ယခုနှစ် ဇန်နဝါရီလ အတွင်းက ပြုလုပ်သည့် လူထုချီတက်ပွဲ တခုတွင် ဦးဝီရသူက ယန်ဟီလီကို မိန်းမပျက် တဦးအဖြစ် လူသိရှင်ကြား ပြောဆိုခဲ့သည်။
ဂျနီဗာရှိ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ မြန်မာနိုင်ငံ လူအခွင့်အရေး နောက်ဆုံး အစီရင်ခံစာ တင်သွင်းခဲ့ပြီး နောက်ပိုင်း တွင်လည်း ဦးဝီရသူက သူ၏ လူမှုကွန်ရက် စာမျက်နှာ Facebook မှတဆင့် တုံ့ပြန် ရေးသားခဲ့သည်။
ဦးဝီရသူက သူ၏ Facebook တွင် မစ္စ ယန်ဟီလီအား “မျိုးချစ် အပေါင်းတို့၊ ဆိုးရွားသည့် အမျိုးသမီးကို သင်ခန်းစာပေးရန် နည်းလမ်းများ ရှာကြစို့”ဟု ရေးသားခဲ့သည်။
ထိုမှတ်ချက် စကားနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad al-Hussein က “ဒါက ပဋိပက္ခ ဖြစ်စေဖို့ ပုဂ္ဂိုလ်ရေးအရ လှုံ့ဆော်တာလို့ မြင်ပါတယ်။ အကြမ်းဖက် ခြိမ်းခြောက်မှုနဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို ကိုင်တွယ်ဖြေရှင်း ရေး နဲ့ အထူးကိုယ်စားလှယ် သွားရောက်တဲ့အချိန်မှာ ဘေးကင်း လုံခြုံမှုရှိဖို့ သေချာစေရေးက မြန်မာအစိုးရမှာ အပြည့်အ၀ တာဝန်ရှိတယ်”ဟု ပြောဆိုကြောင်း မဟာမင်းကြီး Zeid Ra’ad al-Hussein ၏ ပြောရေးဆိုခွင့်ရှိသူ Rupert Colville က ပြောသည်။
မစ္စယန်ဟီလီကလည်း သူ၏လုံခြုံရေးကိုထိခိုက်မှု ဖြစ်လာနိုင်သည့် အလားအလာတခုအမြဲတမ်းရှိနေသည်ဟု သတင်းထောက်များ ကို ပြောကြားခဲ့သည်။
“ကျမနဲ့ ကျမဝန်ထမ်းတွေရဲ့လုံခြုံရေးကို မြန်မာအစိုးရက အမြင့်ဆုံးဦးစားပေး ဆောင်ရွက်လိမ့်မယ်လို့ ကျမ ယုံကြည်ပါတယ်”ဟု မစ္စ ယန်ဟီလီက ပြောဆိုသည်။
မစ္စ ယန်ဟီလီက ဆက်လက်၍“ဒါပေမယ့် အစိုးရက ဒီလိုမှတ်ချက်တွေနဲ့ မသက်ဆိုင်သလို နေခဲ့တဲ့အတွက် ကျမ စိတ်အနှောင့် အယှက် ဖြစ်ရပါတယ်။ တိုင်းပြည် မှာ ဒီလိုမယုံကြည်မှု၊ စိတ်ဝမ်းကွဲပြားမှုတွေနဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို ကျမက ထားခဲ့တယ်လို့ မြန်မာအစိုးရက အပြစ်တင်နေပါတယ်”ဟုလည်း ပြောသည်။
မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ အရ စီတန်းလှည့်လည်မှုများတွင် အသုံးပြုသည့် ကြွေးကြော်သံများ၊ ရုပ်ပုံများကို အစိုးရထံသို့ ကြို တင် တင်ပြ၍ ခွင့်ပြုချက် ယူရသော်လည်း ဦးဝီရသူ၏ ၁၀ မိနစ်ကြာ လှုံ့ဆော်ရေး တရားကို ဟန့်တားမှုမခံရဘဲ လုပ်ဆောင်နိုင် ခဲ့သည်ဟု မစ္စ ယန်ဟီလီက ပြောဆိုသည်။
Reuters သတင်းဌာနက ၂၀၁၃ ခုနှစ်တွင် ပြုလုပ်ခဲ့သော စုံစမ်းစစ်ဆေးမှု တခုအရ ၂၀၁၂ ခုနှစ် နှောင်းပိုင်းတွင် ဖြစ်ပေါ်ခဲ့သော မွတ်စလင်များကို တိုက်ခိုက်ခြင်းများသည် ရခိုင်အမျိုးသားရေး ဝါဒီများက ဦးဆောင်ခဲ့ပြီး ၎င်းတို့ကို ဗုဒ္ဓဘာသာ သံဃာတော်များက လှုံ့ဆော်ပေးခဲ့ကြောင်း၊ တခါတရံတွင် ဒေသခံ လုံခြုံရေးအဖွဲ့များက အားပေးကူညီခဲ့ကြောင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။
(Reuters သတင်းဌာနတွင် ဖော်ပြထားသည့် Threatened UN Rights Envoy Confident Burma Govt Will Protect Her by TOM MILES သတင်းဆောင်းပါးကို ဘာသာပြန် အယ်ဒီတာ နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်သည်)