ရခိုင်ပြည်နယ် အတွင်း တောင်ကုတ်- စစ်တွေ ပြေးဆွဲနေတဲ့ အောင်တံခွန် အမှတ် (၃) သင်္ဘော နစ်မြှုပ်မှုမှာ အသက်ရှင် လွတ်မြောက်လာတဲ့ ၁၆၉ ဦး ကို စွန့်စွန့် စားစား ကယ်တင်ခဲ့သူတွေဟာ ဒေသခံ ရခိုင်တိုင်းရင်းသား တံငါသည် မိသားစု နှစ်စု ဖြစ်ပါတယ်။
သင်္ဘောဟာ မတ်လ ၁၃ ရက် ညပိုင်းက နစ်မြှုပ်ခဲ့ပြီး နစ်မြှုပ်စဉ် ဟစ်အော် အကူ အညီတောင်းနေကြတဲ့ ခရီးသည်တွေရဲ့ အသံကို ကြားလိုက်ရတဲ့ ဦးကျော်ဆန်းမြင့် အသက် (၃၆နှစ်) သားနှစ်ဦးဖြစ်တဲ့ မောင်သန်းကျော်မြင့် (၁၃ နှစ်)၊ မောင်အောင်မျိုးသန်း (၁၆ နှစ်) နဲ့ ဦးသန်းအောင် (၄၃ နှစ်)နဲ့ သားဖြစ်သူတို့က ကယ်တင်ခဲ့တာဖြစ်တယ်လို့ ပြန်ပြောပြပါတယ်။
ရေကူးပြီး စက်လှေနှစ်စီးနဲ့ လူပေါင်း ၁၆၉ ဦးကို ဆယ်ယူကယ်တင်နိုင်ခဲ့တဲ့ သူတို့ကို ဒေသခံ ရခိုင်တိုင်းရင်းသားတွေက သူရဲကောင်းတွေသဖွယ် ချီးမွမ်း ဂုဏ်ပြု နေကြပေမယ့် ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရတို့ကတော့ အခုချိန်ထိ အသိအမှတ်ပြု ဖော်ပြတာတွေ မတွေ့ရသေးပါဘူး။
တံငါသည် သားအဖတွေကတော့ သူတို့လူတရာကျော်ကို ကယ်တင်နိုင်ခဲ့ပေမယ့် သေဆုံးသွားရသူတွေအတွက် စိတ်ထိခိုက် မှုဖြစ်နေကြရတယ်လို့ ဆိုပါတယ်။ ခရီးသည်တွေကို ဦးဆောင်ကယ်တင်သူ ဖခင် နှစ်ဦးဖြစ်တဲ့ ဦးကျော်ဆန်းမြင့်နဲ့ ဦးသန်းအောင် တို့ကို အဲဒီညက ဖြစ်စဉ်တွေ ကယ်တင်ခဲ့ရပုံတွေကို ဧရာဝတီသတင်းထောက်တွေဖြစ်တဲ့ ခင်ဦးသာနဲ့ ကျော်ခတို့က ဆက်သွယ် မေးမြန်းထားပါတယ်။
ဦးကျော်ဆန်းမြင့် ( အသက် ၃၆ နှစ်၊ အုန်းချောင်းရွာ၊ မြေပုံမြို့နယ် )
ကျနော်တို့ ကယ်တင်ခဲ့တဲ့လူက ၁၆၉ ဦးပါ။ သင်္ဘောစမြှုပ်တဲ့ အချိန်က ညနေမိုးချုပ်နေပြီပေါ့၊ ည ၇ နာရီကျော်လောက် ရှိမယ်။ ညက မှောင်နေတော့ ဘာမှ မမြင်ရဘူးလေ။ အဲဒီတော့ ကယ်ဆယ်သင့်သလောက် မကယ်နိုင်ခဲ့ဘူးဖြစ်သွားတယ်။ ကျနော့် လှေနဲ့က ငါးခေါက် ကယ်နိုင်တယ်။ နောက်လှေ တစီးက ၅ ခေါက်ကယ်နိုင်တယ်။ ကျနော့်လှေက လူ ၂၀ လောက်ပဲ ဆန့်တာပါ။ နောက်တစီး က လူ ၁၀ ယောက်လောက်ပဲ ဆန့်ပါတယ်။
ဒါပေမယ့် လူ ၂၀ လောက်ပဲ ဆန့်တဲ့လှေမှာတော့ တခေါက်မှာ လူ ၂၀ ကျော် ပါတဲ့ အခေါက်ပါတယ်။ ၃၀ ကျော် ပါတဲ့ အ ခေါက်ပါတယ်။ ၄၀ ကျော် ပါတဲ့ အခါလည်းပါတယ်။ လူတွေ့ရင် တွေ့သလို တင်ခေါ်ပြီး ကမ်းကို ပို့ပေးတယ်။
သင်္ဘော စမြှုပ်တာ ဘယ်လိုစသိတာလဲ ဆိုတော့ ကျနော်က အခု သင်္ဘောမြှုပ်တဲ့နေရာနဲ့ မနီးမဝေးမှ ကျောက်ပုစွန် ပိုက်ချ နေတာပါ။ အမှန်က ကျနော်တို့က ရှင်ပြုပွဲ တခုကို သွားဖို့ဆိုပြီး စီစဉ်ခဲ့ပေမယ့် ရှင်ပြုပွဲ မသွားဖြစ်တော့ဘဲ အဲဒီနားမှာပဲ ကျောက်ချပြီးတော့ နေလိုက်တာပေါ့။
ပထမတော့ မီးရောင်လေးအရင် မြင်ပါတယ်။ ကျနော်တို့ ကျောက်ချထားတဲ့နေရာက ကမ်းနဲ့နီးတော့ ဓာတ်မီး ထိုးပြီး အ ရောင် ပြလိုက်သေးတယ်။ ကမ်းကို ကပ်ရင်လည်း ကပ်လာအောင်ဆိုပြီးတော့။ ဒါပေမယ့် ကမ်းကို ကပ်မလာဘဲ မီးရောင်က ပျောက်သွားတယ်။ မီးရောင်ပျောက်သွားပြီး ခဏအကြာမှာပဲ ကူကြပါ၊ ကယ်ကြပါ ဆိုတဲ့အသံတွေ၊ အော်သံတွေ ကြားရပါ တယ်။
အဲဒီအချိန်မှာပဲ ကျနော်တို့ အပြေးအလွှားမောင်းပြီး အသံကြားတဲ့နေရာကို လိုက်သွားပါတယ်။ မှောင်နေတော့ လူတွေကို သေချာ မမြင်ရဘူး။ မြင်တဲ့သူကို ချက်ချင်း လှေပေါ်ကို တင်ယူပါတယ်။ ကျနော်နဲ့အတူ ပါလာတဲ့ သားလေး ၂ ယောက် ( မောင်သန်းကျော်မြင့် – ၁၃ နှစ်၊ မောင်အောင်မျိုးသန်း- ၁၆ နှစ် ) က ရေထဲကို ခုန်ချပြီးတော့ ကလေးတွေနဲ့ မိန်းမတွေကို တယောက်ပြီး တယောက် ကယ်ဆယ်ပြီး လှေပေါ်တင်ပေးကြတယ်။
လှေပေါ်လူပြည့်တာနဲ့ မျောက်ကျွိန်ကွန်းပေါ်ကို ပို့ပေးတယ်။ သင်္ဘောမြှုပ်တဲ့ နေရာနဲ့ မျောက်ကျွိန်ကျွန်းက နီးနီးလေးပါ။ စက်လှေနဲ့ ဆိုရင် ၅ မိနစ် နဲ့ ၁၀ မိနစ် အကြာလောက်ပဲ မောင်းရပါတယ်။ လှေ ၂ စီးနဲ့ ၅ ခေါက်စီပဲ ကယ်ဆယ်နိုင်လိုက် တာပေါ့။
နောက်ဆုံး ရပ်လိုက်တဲ့အချိန်ကတော့ မြှုပ်ပြီး တနာရီကျော်လောက် အကြာမှာပါ။ လူတွေလည်း မတွေ့တော့ဘူး၊ မှောင်လည်း မှောင်နေပြီ၊ လှိုင်းတွေကလည်း နည်းနည်းထလာတော့ ကယ်ဆယ်တာကို ရပ်လိုက်ပါတယ်။ နောက်တခုက ကျနော်တို့ လှေမှာက စက်သုံးဆီကလည်း မရှိတော့ဘူး။
ကျနော်တို့ အချိန်မီရောက်သွားပြီး ကယ်ဆယ်နိုင်လိုက်လို့ ဒီလူ ၁၆၉ ဦးက အသက်ရှင်လိုက်တာပေါ့။ ကယ်ချင်တာက တော့ လူအားလုံးကိုပါ။ သင်္ဘောမြှုပ်တော့ အထုပ်တွေ တော်တော်များ ရေပေါ်မှာတွေ့တယ်။ အဲဒါကြောင့် ကလေးတွေ အကုန်လုံးက အထုပ်တွေကြားကို ရောက်သွားတော့ ကျနော့်သားတွေက ရေကူးပြီးတော့ ဆွဲထုတ် ဆယ်ယူခဲ့ရပါတယ်။ အ ကုန်လုံးနီးပါးက ရေကူးပြီး ဆယ်ယူနိုင်ခဲ့တာများပါတယ်။ ဘာဖြစ်လို့ဆိုတော့ အထုပ်အပိုးတွေများနေတော့ လှေနဲ့သွားလို့ က မရဘူး။ အဲဒါကြောင့် ရေကူးပြီးတော့မှ အထုပ်တွေကြားက လူတွေကို ကယ်ထုတ်ရပါတယ်။
တချို့ကတော့ ဝါးလုံးတွေကိုင်ထားတာ တွေ့ရတယ်။ တချို့လည်း ဘာမှမရှိဘဲ ကူးခတ်နေကြတာပေါ့။ ကယ်ဆယ်နေရင်းနဲ့ ပျောက်သွားတာမျိုးလည်း ရှိပါတယ်။ တချို့ကို ဆွဲယူဖို့ ပြင်နေတုန်း မြှုပ်သွားတာလည်းရှိပါတယ်။ အဲဒီ အဖြစ် အပျက်တွေ ကြောင့် ကျနော် နေလို့မရ ထိုင်လို့မရအောင် ဖြစ်ရပါတယ်။ အချိန် အတော်ကြာကြာ ကျနော် နေမရ ထိုင်မရ ဖြစ်နေခဲ့တယ်။
ငိုတဲ့သူကငို၊ အော်တဲ့သူကအော်တဲ့ အသံတွေကြားနေတော့ ကျနော့်အတွက် ပိုပြီးတော့ နေရထိုင်ရ ခက်စေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်ကလည်း သူတို့နဲ့ တထပ်တည်း ခံစားနေရလို့ပါ။ ကျနော့်ဘဝမှာ ဒီလိုအဖြစ်မျိုးကြုံဖူးတာဟာ ဒါ ပထမ ဆုံးပါ။
အဲဒီက အသံတွေကို အခုထိ ကျနော့်နားထဲမှာ ကြားနေတုန်းပါပဲ။ တော်ရုံနဲ့လည်း မေ့ပျောက်နိုင်တော့မှာ မဟုတ်ပါဘူး။ ကျနော့် စိတ်ထဲမှာလည်းပဲ အဲဒီနေရာ၊ အဲဒီအချိန်ကိုပဲ မြင်ယောင်နေပါတယ်။ အိပ်ရင်လည်း အဲဒီအကြောင်းတွေပဲ ပေါ်လာတယ်။
ကလေးတွေရော လူကြီးတွေပါ၊ ရေထဲ မြှုပ်သွားတဲ့သူက မြှုပ်သွား၊ ပေါ်လာတဲ့သူက ပေါ်လာပေါ့။ ၅ ခေါက်မြောက် နောက် ဆုံး အခေါက်မှာတော့ တောင်ကုတ်ပါလာတဲ့ မိန်းကလေးငယ် တယောက်ကို ကယ်နိုင်ခဲ့တယ်။ သူ့အဘောင်မ (အဖွား) နဲ့ လာတယ်လို့ ပြောတယ်။ သူ့အဘောင်မကတော့ ဆုံးသွားခဲ့ပါတယ်။ အဲဒီ မိန်းကလေးငယ်ကို သူ့မိသားစုတွေ အကြောင်း မေးတော့ သေသေချာချာ ပြောပြဖို့ မတတ်ဘူး။ တောင်ကုတ်ကလို့ပဲ ပြောပါတယ်။
လူတွေကို ကယ်ဆယ်ပြီး ကျွန်းပေါ်ကို ပို့ပေးလိုက်ပြီးနောက်မှာတော့ လူတွေအတွက် ကျနော် ထင်းမီးဖို လုပ်ပေးပါတယ်။ ကျွန်းပေါ်မှာရှိနေတဲ့သူတချို့ကလည်း စောင်တွေ၊ အဝတ်တွေ လာပေးကြတယ်။ တခြား ကယ်ဆယ်ရေး အဖွဲ့တွေကတော့ မိုးလင်းမှ ရောက်လာကြပါတယ်။
ဦးသန်းအောင် ( အသက် ၄၃ နှစ်- အုန်းချောင်းရွာ၊ မြေပုံမြို့နယ် )
သင်္ဘောမြှုပ်မယ့် ညနေမှာ ကျနော်က ကျနော့်ရွာကို ပြန်မလို့ပါပဲ။ ဒါပေမယ့် မပြန်ဖြစ်တော့ မျောက်ကျွိန်ပိုက်ဆိပ် ကမ်းနားမှာပဲ နေဖြစ်လိုက်တာပေါ့။ ညနေ ၇ နာရီကျော်လောက်မှာတော့ ကျနော်တို့ရှိနေတဲ့ ကမ်းဘက်ကို သင်္ဘောမီးရောင်ထိုးတာ တွေ့လိုက်တယ်။ ကျနော်ကလည်းပဲ ဓာတ်မီးနဲ့ ပြန်ထိုးပြလိုက်ပါတယ်။ ဒီလိုနဲ့ပဲ ခဏနေတော့ အော်သံလို အသံတခု ကြား လိုက်ပါတယ်။
အဲဒါနဲ့ ဒါတော့သင်္ဘော အန္တရာယ် တခုခု ဖြစ်ပြီဆိုပြီး ကျနော်ထင်လိုက်တယ်။ အဲဒီအချိန်မှာပဲ ကျနော်လှေနဲ့အသံလာတဲ့ဘက် လိုက်သွားတော့ သင်္ဘောပေါ်က လူတွေ ခုန်ချနေကြတာ တွေ့လိုက်တယ်။ လူတွေတွေ့တာနဲ့ပဲ လှေပေါ် အကုန်တင် တာပေါ့။ ဒါပေမယ့် ကျနော်လှေက သေးသေးလေးဖြစ်တော့ လူက အများကြီး တင်လို့ မရဘူး။ ၉ ယောက်၊ ၁၀ ယောက် လောက်ပဲ တင်လို့ရတယ်။ မှောင်ကလည်း မှောင်နေတော့ လူအများကြီး မတင်ဝံ့ပြန်ဘူး၊ ထပ်မြှုပ်သွားမှာကို စိုးရိမ်လို့။
အဲတော့ တွေ့တဲ့လူတွေကိုတင်၊ လှေမှာပြည့်ပြီဆိုတောနဲ့ ကမ်းပေါ်ကို သွားပို့ လုပ်တာပေါ့။ ပထမဆုံး အခေါက်မှာတော့ ရေထဲမျောနေတဲ့သူတွေက များနေတော့ ဘယ်သူ့ကို အရင်တင်လို့ တင်ရမှန်း မသိဖြစ်သွားတယ်။ ကျနော့်စိတ်တွေကလည်း အဲဒီအချိန်မှာ ဟိုရောက်လိုက်၊ ဒီရောက်လိုက်နဲ့၊ ဘာကို အရင်လုပ်ရမှန်း မသိဖြစ်သွားတယ်။
ဒါပေမယ့် ကျနော် အရင် တွေ့တဲ့ လူတွေကို အရင်လှေပေါ်တင်ပေးလိုက်ပါတယ်။ အမျိုးသမီးတွေရော အမျိုးသားတွေပါ အကုန်ပါတယ်။ ကျနော့် လှေနဲ့ ကမ်းပေါ်သို့ ၅ ခေါက် ပို့ပေးနိုင်ခဲ့ပါတယ်။ ထပ်ပြီး မြှုပ်မှာ စိုးရိမ်လို့ တခေါက်မှာ ၁၀ ယောက်ပဲ တင်ပါတယ်။
အဲဒီလိုပဲ တခေါက်သွားပို့လိုက်၊ တခေါက်ပြန်လာလိုက်နဲ့ပေါ့။ နောက်ဆုံး အခေါက်မှာတော့ လှေမှာကလည်း လောင်စာ ဆီက နည်းနေပါပြီ။ နောက်ဆုံး အခေါက်မှာတော့ အနီးပတ်ဝန်းကျင်တွေကို လိုက်ပတ်ရှာပါတယ်။ လူတွေများ ကျန်နေသေးလား ဆိုပြီးတော့ပေါ့။ လူသံတွေမကြား၊ မတွေ့တော့ဘူးဆိုမှပဲ ရပ်လိုက်တာပေါ့။
အဲဒီ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီးတော့ ကျနော့်ရင်ထဲမှာ ဘယ်လိုခံစားနေရလည်းဆိုတော့ ကျနော်ပြောပြဖို့ မတတ်ပါ။ သေသွားတဲ့သူတွေဟာ ကျနော့်မိဘ၊ ကျနော့် ညီမ၊ အစ်မ၊ အစ်ကို၊ ကျနော့် မိသားစုဝင်တွေလိုမျိုး ခံစားနေရပါတယ်။ အဲဒီ အ ချိန်မှာလည်း ကျနော့် စိတ်ထဲမှာ ဒီလူတွေအား အသက်ရှင်အောင် ကျနော် ဘယ်လိုကယ်တင်မလဲ ဆိုတာပဲ ခေါင်းထဲ ရောက်နေတယ်။ အဓိက လူတွေ အားလုံး အသက်ရှင်ဖို့ပဲ စိတ်က ရောက်နေတယ်။
ဒါပေမယ့် ကျနော့်လှေက ငယ်တော့ ကယ်ချင်သလောက် မကယ်ရလို့ စိတ်မကောင်းပါဘူး။ ကယ်ဆယ်တဲ့နေရာမှာတော့ ကလေးတွေနဲ့အမျိုးသမီးတွေကို ဦးစားပေးပြီး ကယ်ဆယ်ခဲ့တာပါ။ မကယ်တင်နိုင်ခဲ့တဲ့သူတွေအတွက်တော့ ကျနော် စိတ် မကောင်းဖြစ်မိပါတယ်။ ကျနော်တို့ လှေ ၂ စီးနဲ့ လူ ၅ ယောက်ကပဲ ကယ်နိုင်ခဲ့တာပေါ့။
ကျနော့်လှေမှာက ကျနော်တို့ သားအဖ နှစ်ယောက်ရယ်၊ ဦးကျော်ဆန်းမြင့် လှေမှာက သူတို့ သားအဖ သုံးယောက်ပါ။ စုစု ပေါင်း လှေ ၂ စီးနဲ့ လူ ၅ ယောက်ပေါ့။ ဒီလူ ၁၀၀ ကျော်ကို ကယ်တင်နိုင်တာဟာလည်း ကျနော်တို့နဲ့ သူတို့ ရှေးက ရေစက် ကြောင့်ပဲလို့ မှတ်ယူပါတယ်။ အသက်ရှင်တဲ့သူတွေ အားလုံးက ဦးကျော်ဆန်းမြင့် လှေနဲ့ ကျနော့်လှေ ၂ စီးတည်းက ကယ်ဆယ်ခဲ့ကြတာပါ။
သင်္ဘောမြှုပ်လို့ ကျနော်တို့ ကယ်ဆယ်နေတဲ့ အကြောင်းတွေကိုကြားတော့ မျောက်ကျွိန်ပိုက်ဆိပ်က လှေ ၂ စီး ထပ်ရောက် လာပြီး ကူရှာပေးကြပါတယ်။ အဲဒီအချိန်မှာက လူတွေ တော်တော်များများက မရှိတော့ပါဘူး။ သူတို့တွေနဲ့ ကျနော်တို့ ထပ် ပြီး လိုက်ရှာကြပါသေးတယ်။ ဒါပေမယ့် လူတွေ တယောက်မှ မတွေ့တော့ဘူး။
ဒီသင်္ဘောမြှုပ်တာမှာ မိသားစုဝင်တွေ အများကြီး သေသွားကြတယ်။ မိသားစု မရလိုက်တဲ့သူက များပါတယ်။ ကျနော့်နား ထဲ၊ မျက်စိထဲမှာတော့ အဲဒီ မြင်ကွင်းတွေ၊ အသံတွေက ရှိနေတုန်းပဲ။ ကျနော့် ဘဝမှာလည်း အသက် ၄၀ ကျော်တဲ့ အထိ တခါမှ ဒီလို အဖြစ်ဆိုးမျိုးကို မကြားဖူးဘူး၊ မကြုံဖူးဘူး။
ကျနော့်ဘဝမှာ နောက်ထပ် ဒီလိုအဖြစ်ဆိုးမျိုး၊ ဘယ်တော့မှ ထပ်ပြီး မကြုံပါရစေနဲ့၊ မဖြစ်ပါစေနဲ့လို့ပဲ ဆု တောင်းပါတယ်။