ရက်သတ္တ တပတ်ခန့် ကြာနေပြီဖြစ်သည့် ပုပ္ပားတောင် တောမီးလောင်ကျွမ်းမှုသည် ယခုအထိ ငြှိမ်းသတ်နိုင်မှု မရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၃ရက် ကတည်းက နွားလဘို့တောင်၊ ယင်းမာတောင်အပါအဝင် နေရာ ၅နေရာတွင် လောင်ကျွမ်း နေသည့် ထိုတောမီးကို ဒေသခံများက ရှို့မီး သို့မဟုတ် ပေါ့ဆမီးဟု ယူဆကြသည်။
ပုပ္ပားတောင် ချစ်သူများအသင်းမှ ဆရာတော် ဦးယုဇန က“တချို့ မီးကြော ဖြတ်သတ်လို့ ရတဲ့နေရာဆို ဖြတ်ထားတယ်။ တချို့တောင်စောင်း နေရာတွေက သွားရခက်တယ်။ သူ့ဘာသာသူကုန်ရင် ရပ်သွားမှာပဲ စိတ်မသက်မသာနဲ့ ထိုင်ကြည့်နေရတယ်။ ရှို့မီး ကလည်း အများကြီး ဖြစ်နိုင်ခြေ ရှိတယ်”ဟု ဧရာဝတီသို့ မိန့်သည်။
ပြီးခဲ့သည့်လကလည်း ၃ရက်ဆက်တိုက် တောမီးလောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် သစ်တောများ ပြုန်းတီးမှုများ၊ သားကောင် တိရစ္ဆာန်မျိုးဆက် ပြုန်းတီးမှုနှင့် ဆေးဘက်ဝင် အပင်များ ဆုံးရှုံးသွားနိုင်ကြောင်းလည်း ဆရာတော်က ထပ်မံ မိန့်ကြား သည်။
ပုပ္ပားဒေသခံ ဦးအေးခိုင်က “တနှစ်သား အပင်တွေ အားလုံး သေတယ်။ သစ်ပင် ကြီးတွေလည်း တခြမ်းလောက်က မီးစွဲလောင် တာ၊ ဒီရေထွက်တွေ ခမ်းခြောက်သွားမယ်လို့ ထင်ပါတယ်။ ဒီသစ်ပင် ကြီးတွေက ရေရရှိဖို့အတွက် ထိန်းသိမ်းထားတာလေ။ ပျက် စီး ဆုံးရှုံးမှုကတော့ အများကြီးပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ပုပ္ပားတောင် တဝိုက်တွင် ရှို့မီးများ၊ တောကောင်ဖမ်းရန်အတွက် မီးရှို့မှုများပြုလုပ်ကြကြောင်း၊ နှစ်စဉ် တောမီးလောင်မှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ ရက်ရှည်လောင်ကျွမ်းမှု မရှိခဲ့ကြောင်း၊ ပုပ္ပားတောင်ကို မထိန်းသိမ်းပါက နောက် နှစ်ပေါင်း ၂၀ကျော် ပါက သောက်သုံးရေ ရရှိရန် ခက်ခဲမည်ဖြစ်ကြောင်းလည်း ဦးအေးခိုင်က ပြောဆိုသည်။
မြန်မာနိုင်ငံမှာ ခြောက်သွေ့ရာသီဖြစ်သည့် ဒီဇင်ဘာမှ မေလအတွင်း တောမီးလောင်ခြင်း၊ တောင်ယာမီးရှို့ခြင်းက ထွက်ပေါ်လာ သည့် မီးခိုးများကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်ပြီး လူအများ၏ စီးပွားရေး၊ ကျန်းမာရေးနှင့် သဘာ၀ ပတ်ဝန်းကျင်များကို ထိ ခိုက်စေသည့်အပြင် အဖိုးတန် သစ်တောများဆုံးရှုံးစေပြီး တောရိုင်းတိရစ္ဆာန်များကိုလည်း သေကြေပျက်စီးစေကြောင်း ၂၀၀၉ခုနှစ် က သစ်တောဌာနနှင့် မီးသတ်ဌာနတို့ ပူးပေါင်းရေးသားသော Hazard Profile of Myanmar ဆိုသည့် စာတမ်းတွင် ဖော်ပြထား သည်။
တောမီးလောင်ကျွမ်းမှုများကို ထိန်းသိမ်းနိုင်ရန် မြန်မာနိုင်ငံ သစ်တောဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း လုပ်ဆောင်ရန် လိုကြောင်း အငြိမ်းစား သစ်တောပညာရှင် ဦးမောင်မောင်သန်း ကလည်း မှတ်ချက်ချပြောဆိုဖူးသည်။
ပုပ္ပားတောင်ပေါ်တွင် သစ်မျိုး ၃၀၀ ၊ ဝါးမျိုး ၈ မျိုး၊ ပရဆေး ၁၄၅ မျိုး၊ သစ်ခွ ၅၂ မျိုး၊ နို့တိုက် သတ္တဝါ ၁၀ မျိုး၊ ငှက်မျိုးစိတ် ၁၃၀ ခန့်၊ လိပ်ပြာမျိုးစိတ် ၁၀၀ ခန့်နှင့် သစ်ခွ မျိုးစိတ် ၁၂ မျိုးတို့ကို တွေ့ရှိထားကြောင်း သစ်တော ဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေး အဖွဲ့ (WCS) မြန်မာနိုင်ငံ အစီအစဉ်တို့က ပူးပေါင်း ထုတ်ပြန်ထားသည်။
မီးတောင်ဟောင်းကြီးဖြစ်သည့် ပုပ္ပားတောင်ကြီးကို ၁၉၀၂ ခုနှစ်တွင် အစိုးရက သစ်တောကြိုးဝိုင်း စတင်ထူထာင်ခဲ့ပြီး ၁၉၇၃ ခုနှစ် မှာထပ်ပြီး တိုးချဲ့ခဲ့သည်။
၁၉၈၂ ခုနှစ်တွင် သဘာဝ ထိန်းသိမ်းရေး နယ်မြေအဖြစ် စတင်ခဲ့ပြီး ၁၉၉၃ ခုနှစ်ထဲတွင် အများပြည်သူ လေ့လာနိုင်ရန် အတွက် အစိုးရက ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ပုပ္ပားတောင်၏ လက်ရှိ စုစုပေါင်း ဧရိယာသည် ၄၇၉၉၃ ဧက ဖြစ်ကြောင်း သိရသည်။