ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့်ဒေသ၌ အစိုးရတပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ MNDAA အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး လူအသေအပျောက် ရှိကြောင်း သတင်း ရရှိသည်။
ကုန်းကြမ်းမြို့နယ်၊ လော်ကွာကျိုင်းကျေးရွာနှင့် လောက်ကိုင်မြို့နယ်၊ ရှင်ခုတ်ထန်ကျေးရွာ ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန် စွာဖြစ်ပွားလျက်ရှိကြောင်း၊ မတ်လ ၁၈ ရက်မှစပြီး အစိုးရ တပ်မတော်က MIG 29 တိုက်လေယာဉ် ၄ စီး၊ MI 35 ရဟတ်ယာဉ် ၂ စီး တို့ဖြင့် လေကြောင်းပစ်ကူများ ပြန်လည်အသုံးပြု တိုက်ခိုက်လျက်ရှိကြောင်း မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ် မတော်(MNDAA) အထွေထွေ အတွင်းရေးမှူး ဦးထွန်းမြတ် လင်း က ဧရာဝတီကို ပြောသည်။
“တိုက်ပွဲက ပြင်းထန်ပါတယ်။ အစိုးရဘက်ကပြောသလို တောင်ကုန်းတွေ ကျသွားတယ်ဆိုတာ မဟုတ်ပါဘူး။ အဲဒါကြောင့်လည်း စစ်မြေပြင်နေရာက မပြောင်းဘဲ ဒီနေရာတွေမှာပဲ ဆက်ဖြစ်နေတာ”ဟုလည်း ၎င်းက ပြောဆိုသည်။
ကိုးကန့်တပ်ဖွဲ့မှ ယခင်တပ်ဖွဲ့ဝင်များအပြင် နယ်ခြားစောင့်တပ်၊ ကိုးကန့်ရဲတပ်ဖွဲ့ဝင်များနှင့် ကိုးကန့်ပြည်သူတချို့ ဝင်ရောက်လာသဖြင့် စုစုပေါင်းအင်အား ၃၀၀၀ ကျော်ရှိကြောင်း MNDAA ထံမှ စုံစမ်းသိရှိရသည်။
အစိုးရတပ်မတော်က လောက်ကိုင်မြို့နယ် ရှင်ခုတ်ထန်ကျေးရွာအနီးတွင် ကိုးကန့်တပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ခိုက်လျက်ရှိကြောင်း၊ ကုန်းကြမ်းမြို့မြောက်ဘက် လော်ကွာကျိုင်းကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ မာလုရွှေကျေးရွာ အနီးတဝိုက်ရှိ တောင်ကုန်းများတွင် အခြေပြုလှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ကို လေကြောင်းမှ ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။
ယင်းတိုက်ပွဲများအတွင်း တပ်မတော်က တောင်ကုန်းတချို့သိမ်းပိုက်ရရှိပြီး အစိုးရ တပ်မတော်သား တဦးကျဆုံး၍ အရာရှိ၊ စစ်သည် ၃၀ ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
လက်ရှိ ကိုးကန့်ဒေသတွင် တပ်မတော်က တပ်မ ၁၁၊ ၃၃၊ ၅၅၊ ၆၆၊ ၇၇၊ ၈၈၊ ၉၉ နှင့် ရွှေတြိဂံတိုင်း တို့၏ လက်အောက်ခံ တပ်ရင်း ၆၀ ကျော် ပါဝင် တိုက်ခိုက်လျက် ရှိကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်မှစတင်၍ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် အစိုးရတပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့ကြား တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားခဲ့သဖြင့် သောင်းနှင့်ချီသည့် ဒေသခံများနှင့် ရွှေ့ပြောင်းလုပ်သားများသည် စစ်ဘေးလွတ်ရာသို့ ထွက် ပြေး တိမ်းရှောင်ခဲ့ရသည်။
တိုက်ပွဲများအတွင်း ပြီးခဲ့သည့် မတ် ၁၃ ရက်က တရုတ်နိုင်ငံ၊ လင်ချန်းခရိုင်၊ တာ့ရွှေရှန်းတု ကျေးရွာအနီး၌ ဗုံးတလုံးကျရောက် ပေါက်ကွဲခဲ့သဖြင့် တရုတ်နိုင်ငံသား ၅ ဦးသေဆုံးခဲ့ပြီး ၈ ဦးဒဏ်ရာရရှိခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်အစိုးရက မြန်မာအစိုးရကို သတိပေးပြောကြားခဲ့ပြီး နယ်စပ်တလျှောက်တွင် စစ်အင်အားတိုးချထားခဲ့ကြောင်း သိရသည်။