ကလေး ပြုစု စောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို ဧရာဝတီမှာ ကျမရေးလာခဲ့တာ အကြောင်းရာ အားဖြင့် တော်တော်လေးကို စုံသလောက် ရှိနေပါပြီ။ ဒီအထဲမှာ ကျမ အများဆုံး ရေးဖြစ်ခဲ့တဲ့ အကြောင်းကတော့ တာဝန်ယူတတ်တဲ့ အကျင့် (Responsibility) နဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တဲ့စွမ်းရည် (Self-control) အကြောင်း တို့ပါပဲ။
ကလေးတို့ကို ပြုစုစောင့်ရှောက်ခြင်းဟာ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ကို ပြုစုစောင့်ရှောက်ခြင်းပဲ ဆိုတဲ့ စကားကို ကျမ ယုံကြည့်ပါတယ်။ ဒါကြောင့်မို့ ကျမတို့ နိုင်ငံမှာ ကိုယ့်တာဝန်ကိုယ် ရဲရဲယူရဲတဲ့ လူငယ်တွေ၊ ကိုယ့်ရဲ့ ကိုယ်စိတ် နှစ်ပါးကို ထိန်းချုပ်နိုင်စွမ်း ရှိတဲ့ လူငယ်တွေ အနာဂတ်နိုင်ငံတော်မှာ များပြားလာစေဖို့ အတွက် ကလေးတို့ကို ငယ်ငယ်ကတည်းက ဒီစိတ်လေးတွေ ရှိလာအောင်လို့ ပြုစု ပျိုးထောင်ပေးဖို့ လိုပါတယ်။
တာဝန်ယူတတ်တဲ့ အကျင့် (Responsibility) ဟာ ယဉ်ကျေးမှု အဆင့်တန်း မြင့်မားတဲ့ လူမျိုးမှန်သမျှ လိုက်နာ ကျင့်သုံးရမယ့် လူ့ကျင့်ဝတ် တခုပဲ ဖြစ်ပါတယ်။ ဒီ တာဝန်ယူတတ်တဲ့ အကျင့်ဆိုတဲ့ အထဲမှာ ကိုယ့်အလုပ် ကိုယ့်တာဝန်ကို တာဝန်ယူတတ်တဲ့ အကျင့်ရယ်၊ ကိုယ်လုပ်တဲ့ အလုပ်နဲ့ ပတ်သက်ပြီးတော့ မှားသွားရင် အမှားကို ရဲရဲတာဝန်ယူ တတ်တဲ့ အကျင့်ရယ်၊ ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူတတ်တဲ့ အကျင့်ရယ် ဆိုပြီးတော့ ရှိပါတယ်။
အခု ကိုယ်ပြောတဲ့ စကားကို ကိုယ်တာဝန်ယူတတ်တဲ့ အကျင့် အကြောင်း ပြောပါမယ်။ ဒီအကျင့်ဟာ လူ့လောက အသိုင်းဝိုင်းထဲကို ဝင်ရမယ့် ကလေးတယောက် (လူတယောက် ) အတွက် အရေးကြီးတဲ့ အကျင့်ပဲ ဖြစ်ပါတယ်။ ဒီအကျင့်ကို ကလေးတို့ ရရှိအောင်လို့ ဘယ်အချိန် ကတည်းက ကျမတို့ လေ့ကျင့်ပေးရမလဲ ဆိုရင် ကလေးသိတတ်စ အရွယ် ငယ်ငယ်ကတည်းက စတင်ပြီးတော့ လေ့ကျင့်ပေးရမှာပါ။ ကလေးတို့ဟာ သူတို့ အနားဝန်းကျင်က လူကြီးတွေ ပြောတဲ့၊ ပြုတဲ့ အလုပ်ကိုင် အမူကျင့်အားလုံးကို အတုခိုးတတ် ကြတာမို့လို့ ကလေးတွေကို ရေမြှုပ်နဲ့ တူတယ်လို့ ကလေး စိတ်ပညာရှင်များက ပြောကြတာပါပဲ။
ပြောတဲ့စကားတည်ပါစေ
ကလေးတို့နဲ့ ဆက်ဆံကြတဲ့ အချိန်မှာ လူကြီး တော်တော်များများဟာ စကားကို လွယ်လွယ်ပြောလေ့ ရှိကြပါတယ်။ ကလေးက တခုခုဝယ်ခိုင်းတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ်၊ တနေရာရာကို သွားဖို့ ပူဆာရင်ပဲ ဖြစ်ဖြစ် နားအေးပြီးရော ဆိုတဲ့ ပုံမျိုးနဲ့ လုပ်ပေးမယ် လို့ လွယ်လွယ် ပြောတတ်ကြ ပါတယ်။ တကယ် လုပ်ပေးရမယ့် အချိန်ကို ရောက်လာချိန်မှာတော့ ကိုယ်ကလည်း မအား၊ အလုပ်ကလည်း ရှုပ်နေတာမို့လို့ မလုပ်ပေးနိုင်တော့ ပါဘူး။ ကလေးအနေနဲ့ အဖေ၊ အမေက ပြောထားပြီးတော့ လုပ်မပေးတာမို့ ငိုယိုဂျီကျတဲ့ အခါမှာတော့ ကလေးအငို တိတ်အောင်လို့ မိဘအာဏာနဲ့ ခြိမ်းခြောက်ပြီးတော့ ဖြစ်ဖြစ်၊ ရိုက်နှက်ပြီးတော့ပဲ ဖြစ်ဖြစ် ပြဿနာကို ဖြေရှင်းလိုက်ကြ ပါတော့တယ်။
ဒီ ပြဿနာ ဖြေရှင်းနည်းဟာ ရုတ်တရက် ကြည့်မယ် ဆိုရင်ဖြင့် ကလေးဟာ လူကြီးကို ကြောက်လို့ အငိုတိတ်ပြီး ဂျီကျတာ ရပ်သွားတာမို့ မှန်တဲ့ဖြေရှင်းနည်းလို့ ထင်စရာ ရှိပါတယ်။ ဒါပေမယ့် ဒီအပြုမူဟာ မိဘနဲ့ သားသမီးကြားမှာ ရှိတဲ့ ယုံကြည်မှုကို ပျက်ပြားသွားစေတဲ့ အပြင်၊ ကလေးတို့ကို စကားကို လွယ်လွယ်ပြောတတ်တဲ့ အကျင့်ရှိတဲ့ ကလေးမျိုး ဖြစ်အောင် သွယ်ဝိုက်သော အားဖြင့် မိဘက သင်ပေးလိုက်ရာ ရောက်ပါတော့တယ်။ ကလေးတို့ အတွက် အင်မတန်မှ အန္တရာယ်ရှိတဲ့ မိဘတို့ရဲ့ အပြုအမူပါ။
ကိုယ့်စကား ကိုယ်တာဝန်ယူတတ်တဲ့ ကလေးမျိုး ဖြစ်လာစေဖို့ အတွက် မိဘများအနေနဲ့ ကလေးတို့ကို “အေး” (သို့မဟုတ်) “ဟုတ်ကဲ့” ဆိုတဲ့ စကားတခွန်းဟာ လွယ်လွယ်ပြောရမယ့် စကား မဟုတ်ကြောင်းကို ကိုယ်တိုင် ရှေ့ကနေ လုပ်ဆောင်ပြပြီးတော့ သင်ပေးဖို့ လိုပါတယ်။ ဟုတ်ကဲ့ ဆိုတဲ့ စကားဟာ တကယ်လည်း တန်ဖိုးရှိတဲ့ စကားပါ။ တခုခုကို ကလေးတို့ကို လုပ်ခိုင်းတဲ့ အချိန်မှာ ကလေးက “ဟုတ်ကဲ့ မေမေ” လို့ ပြောလိုက်ပြီ ဆိုတာနဲ့ တပြိုင်နက်တည်း ဒီအလုပ်ကို ဘယ်လို အကြောင်းနဲ့ပဲ ဖြစ်ဖြစ် သူ လုပ်ကို လုပ်ရပါတော့မယ်။ ဒါကြောင့်မို့လို့ ဟုတ်ကဲ့လို့ မပြောခင်မှာ ဟုတ်ကဲ့လို့ ကတိပြုရမလား၊ မပြုရဘူးလား ဆိုတာကို သူတို့ကို သေသေချာချာ စဉ်းစားခိုင်းတဲ့ အလေ့ကျင့်ကို လေ့ကျင့်ပေးရမှာပါ။
ဥပမာ- ငါးတန်း ကျောင်းသား တယောက်ဟာ ကျောင်းက ပြန်လာတဲ့အခါမှာ အိမ်စာပါလာပါတယ်။ ကျောင်းက ပြန်လာ၊ အဝတ်စားလဲ၊ စားစရာရှိတာ စားပြီးတော့ ကလေးက အိမ်စာ လုပ်ရပါမယ်။ ဒီအချိန်မှာပဲ အိမ်နားက သူငယ်ချင်းက ကစားစရာ အသစ် ဝယ်လာလို့ ကလေးကို လာပြတယ် ဆိုပါစို့။ အဲဒီ ကစားစရာနဲ့ ကလေးက ကစားချင် ပါတယ်။ ကစားပြီးရင် မအိပ်ခင် အိမ်စာပြီးအောင် လုပ်ရမယ်နော် လို့ အမေဖြစ်သူက ပြောတဲ့အခါမှာ ကလေးက ကစားချင်ဇောနဲ့ ဟုတ်ကဲ့ လို့ လွယ်လွယ် ကတိပြုလိုက်ပါတယ်။ ကလေးရဲ့ ဟုတ်ကဲ့ဟာ လွယ်လွယ် ပြောတဲ့ ဟုတ်ကဲ့ မဖြစ်ရဘူး။ ကစားပြီးရင် တကယ် အိမ်စာလုပ်ရမယ့် ဟုတ်ကဲ့ ဖြစ်ရပါမယ်။
ကလေးဟာ အမြဲတမ်း ည ရှစ်နာရီမှာ အိပ်တယ် ဆိုရင် ညနေခြောက်နာရီ်မှာ သူတို့ကစားတဲ့ ကစားပွဲကို ရပ်ကို ရပ်ရပါတော့မယ်။ ဒါဟာ ကိုယ့်ရဲ့ ဟုတ်ကဲ့ကို ကိုယ်တန်ဖိုးထားတာပါ။ ကိုယ့်စကားကို ကိုယ်တာဝန်ယူတာပါ။ အိပ်ချိန် မတိုင်ခင် အိမ်စာလုပ်ရမယ့် အချိန် ရှိတာမို့လို့ ဘယ်လောက်ပဲ ကစားချင် ကစားချင် အိမ်စာ လုပ်ရမယ့် အချိန်မှာ ကစားပွဲကို ရပ်ကိုရပ်ရမယ် ဆိုတာကို ကလေးက သိထားရပါမယ်။
ပြီးပြီးရော ပြောတဲ့အကျင့်
ပြီးပြီးရော ပြောတဲ့အကျင့်ဟာ တကယ်တော့ အင်မတန်ဆိုးတဲ့ အကျင့်ဆိုး တခုပဲ ဖြစ်ပါတယ်။ ဒီအကျင့်ကို ကလေးတွေ တတ်လာအောင်လို့ ဘယ်သူတွေက ကလေးတွေကို သင်ပေးကြသလဲလို့ ပြောရင် လူကြီးများက ကလေး များကို သင်ပေးလိုက်ကြ တာပါပဲ။ မျိုးဆက်တခုကနေ မျိုးဆက်နောက်တခုဆီကို မကောင်းတဲ့အမွေ ပေးခြင်းပေါ့။
ဥပမာ-ထမင်းမစားတဲ့ ကလေးကို အမေက “သားသား ထမင်းကုန်အောင် စားနော်။ ဒီထမင်းကုန်ရင် မေမေ ညနေ ကျရင် သားကို ကစားကွင်း လိုက်ပို့မယ်” လို့ လွယ်လွယ်ပြောပါတယ်။ ကလေးက တကယ် ထမင်းကုန်အောင် စားပေမယ့် ညနေဘက်မှာ မေမေ့သူငယ်ချင်း အိမ်ကို ရောက်လာလို့ ကစားကွင်းကို မသွားဖြစ်ကြ တော့ပါဘူး။ ဒီလိုပဲ ဖေဖေ မုန့်ဝယ်ခဲ့နော် လို့ အိမ်က ထွက်ခါနီး ကလေးက မှာလိုက်ရင်လည်း လူကြီးက လွယ်လွယ်ပဲ “အေး အေး” လို့ ပြောလိုက်ပါတယ်။ တကယ်ပြန်လာတဲ့ အချိန်မှာတော့ ရုံးမှာ အလုပ်တွေ များလို့ မေ့သွားတာပဲ ဖြစ်ဖြစ်၊ လမ်းမကြုံလို့ပဲ ဖြစ်ဖြစ် ဝယ်မလာနိုင်တော့ ပါဘူး။
ကျမတို့ဟာ အရေးကြီးတဲ့ လူမှုရေးတွေ၊ စီးပွားရေးတွေကို ဂရုစိုက်နေရတာနဲ့ပဲ ကလေးတွေရဲ့ စကားတွေကို ဂရု မစိုက်နိုင်ကြ တော့ပါဘူး။ ကလေးဟာ ကလေးပဲ မို့လို့ ကလေးတွေရဲ့ စကားဟာ လူကြီးတွေ အတွက် သဲထဲရေသွန် သလိုပဲ အရာ မထင်ကြတာ များပါတယ်။ ကလေးတို့ကို ကတိပျက်လို့၊ ကိုယ်ပြောချင်တာ ပြောပြီးတော့ ကတိအတိုင်း မလုပ်ပေးလို့ ကလေးက ကိုယ့်ကို ဘာမှ မလုပ်နိုင်တာမို့လို့ အရေးမစိုက်ကြတာ များပါတယ်။
တကယ်တော့ ကျမတို့ မိဘတွေ အရေးကြီးတယ် လို့ ထင်ထားတဲ့ အရေးကြီးတာ တွေထက် ကလေးတွေရဲ့ စကား၊ ကလေးတွေရဲ့ ယုံကြည်မှုက မိဘတို့ အတွက် ပိုပြီးတော့ အရေးကြီးပါတယ်။ ကျမတို့ရဲ့ ကတိ မတည်နိုင်မှုတွေ၊ ကိုယ့် စကားကိုယ် တန်ဖိုး မထားမှုတွေ၊ လွယ်လွယ်ချွေးသိပ် တတ်တဲ့ အကျင့်တွေကို နောက််မျိုးဆက်ဆီကို လက်ဆင့်ကမ်း မပေးဖို့ အတွက် သူတို့လေးတွေရဲ့ စကားကို ကျမတို့ အလေးထားရမှာ ပါ။
ဒီလို အလေးထားနိုင်ဖို့ အတွက် ကျမတို့ လူကြီးများ အနေနဲ့ ကလေးများနဲ့ ဆက်ဆံတဲ့ အခါမှာ လေးစားမှုနဲ့ ရိုးသားမှု လိုပါတယ်။ ကလေးကို ကလေးပဲ၊ ကလေးစကားပဲ ဆိုပြီးတော့ မလေးမစားမလုပ်ရပါဘူး။ ဖေဖေ မုန့်ဝယ်ခဲ့နော် လို့ ကလေးက မှာလိုက်တယ် ဆိုပါတော့။ လွယ်လွယ်နဲ့ “အေး အေး” လို့ ပြောမယ့်အစား “ဖေဖေ မုန့်ဝယ်နိုင်အောင်တော့ ဝယ်ခဲ့ပေးမယ်။ ဒါပေမယ့် ညနေ ဖေဖေ အစည်းဝေးရှိတယ် သား။ အစည်းဝေးနောက်ကျရင်တော့ ဖေဖေဝယ်နိုင်မှာ မဟုတ်ဘူး” ဆိုတာမျိုး ကလေးကို ပြောရပါမယ်။
ဒီလိုပဲ ကိုယ့်မှာ ပိုက်ဆံမရှိရင်လည်း မရှိဘူး ဆိုတဲ့ အကြောင်း ပြောဖို့ လိုသလို၊ ကလေးက တခုခုကို လုပ်ခိုင်းတဲ့ အခါမျိုး၊ မေးမြန်းတဲ့ အခါမျိုးမှာလည်း ကိုယ်မသိရင် မသိတဲ့ အကြောင်း၊ မလုပ်တတ်ရင် မလုပ်တတ်ဘူး ဆိုတဲ့ အကြောင်း ရိုးသားစွာနဲ့ ပြောပြဖို့ လိုပါတယ်။
စကားဆိုတာ လွယ်လွယ်ပြောရတဲ့ အရာ မဟုတ်ဘူး ဆိုတဲ့အကြောင်းနဲ့ ကိုယ်ပြောတဲ့ စကား၊ ကိုယ်ပေးတဲ့ ကတိကို တည်အောင်လုပ်ဖို့ လိုတဲ့ အကြောင်းကို ငယ်ငယ်ကတည်းက လူကြီးက ကလေးရဲ့ ရှေ့ကနေ လုပ်ပြပြီးတော့ သင်ပြ သွားပေးမယ် ဆိုရင်ဖြင့် ကလေးတို့မှာ ကိုယ့်စကားကိုယ် တာဝန်ယူရဲတဲ့ စိတ်ကလေးတွေ ရှိလာကြမှာပါပဲ။
ကိုယ့်စကားကိုယ် တာဝန်ယူရဲတဲ့ လူမျိုးဟာ မမှန်တာကို ပြောရမှာ၊ လုပ်ရမှာ ကြောက်တတ်ကြ ပါတယ်။ ကိုယ့်ကိုယ်ကို လေးစား တန်ဖိုးထားကြတာ မို့လို့ သမိုင်းမှာ နာမည်ပျက်မယ့် ကတိ မတည်ကြည်မှုမျိုး ကိုလည်း ဘယ်တော့မှ မလုပ်တတ်ကြပါဘူး။
ကတိစကား တလုံးကို အသက်ထက် တန်ဖိုးထားတဲ့ တန်ဖိုးရှိတဲ့ လူမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ကိုယ့်စကား ကိုယ်တန်ဖိုးထား တတ်တဲ့၊ ကိုယ့်စကား ကိုယ်တာဝန် ယူရဲတဲ့၊ ပေးထားတဲ့ကတိကို ဖျက်ဖို့ ရှက်တတ်တဲ့ လူမျိုးတွေ များလာမယ် ဆိုရင်ဖြင့် ကျမတို့နိုင်ငံ ပြောင်းလဲလာမှာ အမှန်ပါ။ ဒါကြောင့်မို့လို့ အနာဂတ်မှာ ကတိတည်တဲ့လူမျိုး၊ သစ္စာရှိတဲ့ လူမျိုး၊ သိက္ခာရှိတဲ့ လူမျိုး အဖြစ်နဲ့ နိုင်ငံတကာမှာ ကျမတို့ မျက်နှာ မော်နိုင်ဖို့ အတွက် အနာဂတ်ရဲ့ မျိုးဆက် ကလေးများကို ငယ်ငယ်ကတည်းက လေ့ကျင့်ပေးကြရ အောင်ပါ။ ။