နယ်သာလန် ဘုရင်မ Maxima သည် ယခုလကုန်ပိုင်းတွင် မြန်မာနိုင်ငံ နေပြည်တော်သို့ အသေးစား လုပ်ငန်းများ တိုးတက်ရေးဆိုင်ရာ ကုလသမဂ္ဂ သံတမန်အဖြစ် လာရောက်မည်ဟု သိရသည်။
နယ်သာလန် ဘုရင်မ Maxima ကို ၂၀၀၉ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ဖွံ့ဖြိုးရေးအတွက် ငွေကြေးဆိုင်ရာ မြှင့်တင်ပေးရေး အထူးကိုယ်စားလှယ် (UNSGSA) အဖြစ် ခန့်အပ်ခဲ့သည်။
ဘုရင်မ Maxima သည် နယ်သာလန်နိုင်ငံနှင့် နိုင်ငံခြား တိုင်းပြည်များတွင် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများ တိုးပွားရေး၊ စားသုံးသူများကို အကာအကွယ်ပေးရေးနှင့် ငွေကြေးလည်ပတ်မှု လုပ်ငန်းများဆိုင်ရာ အသိပညာ တိုးတက်ရေးတို့အတွက် အာရုံစိုက် လုပ်ဆောင်ပေးနေသော ပုဂ္ဂိုလ်ဖြစ်သည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် နယ်သာလန် အခြေစိုက် ရွိုင်ရယ်ဒတ်ချ် ကုမ္ပဏီမှ တာဝန်ရှိသူများသည် နေပြည်တော်သို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ၌ စွမ်းအင် ကဏ္ဍဆိုင်ရာ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ အခြေခံ အဆောက်အအုံများ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလက သမ္မတ ဦးသိန်းစိန်၏ တတိယအကြိမ် ဥရောပ ခရီးစဉ်တွင် နယ်သာလန်နိုင်ငံလည်း ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံတွင် တက်ကြွလှုပ်ရှားသူများကို ဖိနှိပ်နေမှုများ၊ မြေယာသိမ်းဆည်းမှု ပြဿနာများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ စသည်တို့ကြောင့် မြန်မာအစိုးရနှင့် ဆက်ဆံရေးတွင် အနောက်နိုင်ငံ အစိုးရများအနေဖြင့် အလျင်စလို မရှိသင့်သေးကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ သတိပေးဝေဖန်မှုများလည်း ရှိနေသည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက နော်ဝေဘုရင် Haral နှင့် မိဖုရား Sonja တို့ မြန်မာခရီးစဉ်အတွင်း မန္တလေးသို့ မသွားရောက်မီ ဂေါဝိန်ဆိပ်ကမ်းရှိ ဆင်းရဲသားများ နေထိုင်ရာရပ်ကွက်ကို အစိုးရက ဖျက်ဆီးဖယ်ရှားခဲ့ခြင်းကြောင့် ဝေဖန်မှုများ ပေါ်ပေါက်ခဲ့ဖူးသည်။ ယင်းသို့ ဖျက်ဆီးဖယ်ရှားခြင်းနှင့် ပတ်သက်၍ နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာ အာဏာကိုင်များကို ကန့်ကွက်စာ ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုကို ဖုံးကွယ်ရန် ကြိုးစားမူဖြစ်သည်ဟု ဝေဖန်ခံခဲ့ရသည်။