အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်း ရေးဆွဲနေသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်(NCA)တွင် နှစ်ဖက်ပြန်လည် ဆွေးနွေးညှိနှိုင်းရန် အချက် ၄ ချက်သာ ကျန်ရှိတော့ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန(MPC)တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင် ရေး လုပ်ငန်း ကော်မတီ(UPWC)နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT)တို့၏ ၇ ကြိမ်မြောက် အပစ်အခတ် ရပ်စဲရေးစာချုပ် ဆွေးနွေးပွဲ ၆ ရက်မြောက်နေ့ မတ်လ ၂၂ ရက်က ဆွေးနွေးပြီးနောက် ယခုရလဒ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
MPC မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက“အခန်း(၆) ကြားကာလမှာ အချက်တချက်အနေနဲ့ ကျန်ရှိပါတယ်။ ကျန်တဲ့ အခန်း (၃)နဲ့ အခန်း(၅)မှာပါတဲ့ အပိုဒ်တပိုဒ်စီမှာ စကားလုံး ရွေးချယ်ဖို့ကိုတော့ ၃၀ ရက်နေ့မှာ ပြန်ဆွေးနွေးပါမယ်။ အဲဒါကလွဲရင်တော့ ကျန်တဲ့အချက်တွေ အားလုံးဟာ သဘောတူညီချက်ရပြီးဖြစ်ပါတယ်”ဟု မီဒီယာများသို့ ပြောသည်။
အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ပြီးနောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနေစဉ် ကာလအတွင်း ကြားကာလ၌ တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် လက်ရှိအနေအထားအတိုင်း ဆက်လက်ရပ်တည်လိုပြီး အစိုးရဘက်ကမူ ပညာရေး၊ ကျန်း မာရေး၊ ဒေသတည်ငြိမ်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း NCCT မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း ပြောဆို သည်။
စကားလုံး ရွေးချယ်မှုတွင်လည်း တိုင်းရင်းသား ကိုယ်စားလှယ်များ ဆိုသည့် စကားရပ်အပါအဝင် စကားရပ်တချို့ကို အယူအဆ ကွဲပြားမှုတချို့ကြောင့် ဆက်လက်ပြီး ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါ NCA စာချုပ်တွင် အခန်း(၇) ခန်း၊ အပိုဒ်(၃၀) နှင့် အပိုဒ်ခွဲ (၈၁) ပိုဒ်တို့ ပါဝင်ကြောင်း သိရသည်။
လက်ရှိ ရရှိထားသည့် နှစ်ဘက် သဘောတူညီချက်များနှင့် ဆွေးနွေးညှိနှိုင်းရန် ကျန်နေသည့် အချက်များကို နှစ်ဖက် ခေါင်းဆောင် များအား ပြန်လည်တင်ပြပြီး အတည်ပြုချက်ရယူရန်အတွက် ၇ ကြိမ်မြောက် ဆွေးနွေးပွဲကို မတ်လ ၃၀ ရက်နေ့သို့ ထပ်မံရွှေ့ဆိုင်း လိုက်ခြင်း ဖြစ်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ပြောဆိုသည်။
NCCTမှ ဒုတိယ အဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက“အခုဟာက အချက် ၄ ချက်ပဲကျန်တော့တယ်။ ကျနော်တို့ က ဒီမှာ ၆ ရက် လုံးလုံး ဆိုတော့ ခေါင်းဆောင်တွေက ပင်ပန်းတဲ့အနေအထားလည်း ရှိတယ်။ ဒါကြောင့် အဆုံးသတ် နိုင်ဖို့အတွက် ၃၀ ရက် နေ့ ကို ပြန်ရွှေ့လိုက်တာ ဖြစ်တယ်”ဟု မီဒီယာများသို့ ပြောသည်။
လက်ရှိအစိုးရနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) ကိုးကန့် တပ်ဖွဲ့အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှ တိုင်းရင်းသား မဟာမိတ်တပ်များနှင့်လည်း အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားရန် အလားအလာရှိကြောင်းလည်း သိရသည်။
ယခု ကျင်းပသည့် ၇ ကြိမ်မြောက် အပစ်အခတ်ရပ်စဲရေး စာချုပ် ဆွေးနွေးပွဲသည် ရက်အကြာရှည်ဆုံး ဆွေးနွေးပွဲဖြစ်သည်။
NCCT မှ အဖွဲ့ခေါင်းဆောင် ၃ ဦးလုံး တက်ရောက်ခဲ့ကြပြီး အစိုးရဘက်မှ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနှင့် ဒု ဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ခဲ့ကြသည်။