အာဆီယံ နိုင်ငံရေး၏ ဗြိတိသျှကိုလိုနီခေတ် အလွန်တွင် စွမ်းဆောင်ရည် မြင့်မားသည့် ပုဂ္ဂိုလ်တဦးဖြစ်ပြီး စင်ကာပူကို ထိပ်တန်းနိုင်ငံတခု ဖြစ်အောင် စွမ်းဆောင်ခဲ့သူ လီကွမ်ယုသည် ပြင်းထန်အဆုတ်ရောင်ရောဂါ (နမိုးနီးယား) ဖြင့် ယနေ့ ကွယ်လွန်သွားပြီ ဖြစ်သည်။
လီကွမ်ယု၏ သားဖြစ်သူ ယခု လက်ရှိဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) က အသက် ၉၁ သက်အရွယ် ၎င်း၏ ဖခင်သည် စင်ကာပူ အထွေထွေဆေးရုံကြီး၌ ကွယ်လွန်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ လီကွမ်ယုသည် ၂၀၁၀ ခုနှစ် ၎င်း၏ဇနီး ကွယ်လွန်ပြီးနောက်ပိုင်း၌ ကျန်းမာရေး ချို့ယွင်းလာခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင်၍ အဆုတ်ရောင်ရောဂါဖြင့် စင်ကာပူအမျိုးသားဆေးရုံကြီးတွင် စတင်ဆေးရုံတက်ခဲ့ကာ ဆေးရုံတွင် ၇ ပတ်နီးပါး ကြာအောင် ဆေးကုသမှု ခံယူပြီးနောက် ကွယ်လွန်သွားခြင်းဖြစ်သည်။
လီကွမ်ယု၏ ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် မတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း စင်ကာပူ အစိုးရက တရားဝင် ထုတ်ပြန်ကြေညာသည်။
လီကွမ်ယု ကွယ်လွန်သွားခြင်းအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန် သမ္မတ အိုဘာမား အပါအဝင် ကမ္ဘာ့ခေါင်းဆောင် အသီးသီးက ဝမ်းနည်းကြောင်း ပြောဆိုခဲ့ကြသည်။
လီကွမ်ယု ကွယ်လွန်ခြင်းအတွက် အမေရိကန် သမ္မတ အိုဘားမားက “အလွန်ဉာဏ်ပညာကြီးမားသော၊ သမိုင်းရဲ့ ဧရာမ ပုဂ္ဂိုလ်ကြီး” ဟု မှတ်ချက်ပြုခဲ့ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း “အလွန် ဝမ်းနည်း ရပါတယ်၊ နိုင်ငံကို စတင်တည်ထောင်ခဲ့တဲ့ လီကို ထက်မြက်သော အာဆီယံခေါင်းဆောင်တွေထဲက တယောက်အနေနဲ့ အမှတ် ရနေပါလိမ့်မယ်” ဟု ပြောကြားခဲ့ကြသည်။
လီကွမ်ယုကို ၁၉၂၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က အင်္ဂလိပ်တို့ အုပ်စိုးနေသော စင်ကာပူတွင်မွေးဖွားခဲ့သည်။ သူ၏ အင်္ဂလိပ် အမည်မှာ ဟာရီလီ (Harry Lee) ဖြစ်သည်။ Telok Kurau မူလတန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့ရာ တွင် ထူးချွန်သော ကျောင်းသားတယောက် မဟုတ်ခဲ့ဟု သူက ပြန်ပြောပြခဲ့ဖူးသည်။ ထို့နောက် Raffles Institution သို့
တက်ရောက်ခဲ့သည်။ John Anderson ပညာသင်ဆုရရှိခဲ့သည့် အတွက် Raffles ကောလိပ် (ယခု စင်ကာပူ အမျိုးသား တက္ကသိုလ်) သို့ တက်ရောက်ခွင့် ရရှိခဲ့ပြီးနောက် စင်ကာပူနှင့် မလေးရှား၏ ထိပ်တန်းကျောင်းသားတယောက် ဖြစ်လာ သည်။
ဒုတိယ ကမ္ဘာစစ် ဖြစ်လာချိန်တွင် စင်ကာပူကို ဂျပန်များ သိမ်းပိုက်လိုက်သည့်အတွက် ပညာရေး နှောင့်နှေးခဲ့ရသည်။ ဂျပန်ခေတ်အတွင်းတွင် လီကွမ်ယုက သူ့အဖိုး၏သူငယ်ချင်းတဦး ပိုင်ဆိုင်သည့် ကုမ္ပဏီတွင် စာရေးအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သလို ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် ကော်များ ထုတ်လုပ်ရောင်းချခဲ့သည်။ ဂျပန်ဝါဒ ဖြန့်ချိရေး ဌာနအတွက် မဟာမိတ်အဖွဲ့၏ ရေဒီယိုသတင်းများကို ကူးရေးပေးသည့် အလုပ်ကိုလည်း လုပ်ခဲ့သည်။
စစ်ပြီးသောအခါ အင်္ဂလန်နိုင်ငံတွင် ပညာသင်ကြားခဲ့သည်။ ဥပဒေပညာသင်ကြားရန် ကိန်းဘရစ် (Cambridge) တက္ကသိုလ်သို့ မတက်ရောက်မီ လန်ဒန်စီးပွားရေးကျောင်း (London School of Economics) တွင် ခေတ္တ တက်ခဲ့သေးသည်။ Cambridge တက္ကသိုလ်မှ ကျောင်းဆင်းခဲ့ပြီး နောက်ပိုင်းတွင် သူ၏ အင်္ဂလိပ်အမည်ကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ အင်္ဂလန်နိုင်ငံတွင် ရှိနေစဉ် လေဘာပါတီမှ David Widdicombe ဆိုသူနှင့် ခင်မင်ရင်းနှီးခဲ့ပြီး သူ၏ နိုင်ငံရေး ဟောပြောပွဲများတွင် လိုက်ပါခဲ့သည်။ စင်ကာပူသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိရမည်ဟု လည်းနားလည်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် လီကွမ်ယူ စင်ကာပူနိုင်ငံသို့ ပြန်လာခဲ့သည်။
စင်ကာပူသို့ ပြန်လည်ရောက်ရှိသော အခါ John Laycock ၏ ဥပဒေလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ အလုပ်သမား သမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ အတွက်လည်း ဥပဒေ အကြံပေး လုပ်ခဲ့သည်။ သူ၏ ပထမဆုံးသော
နိုင်ငံရေး အတွေ့အကြုံမှာ ၁၉၅၁ ခုနှစ် ဥပဒေပြု ကောင်စီရွေးကောက်ပွဲတွင် John Laycock အတွက် ကိုယ်စားလှယ်
အဖြစ် လုပ်ကိုင်ပေးခဲ့ခြင်း ဖြစ်သည်။
၁၉၅၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် လီကွမ်ယုနှင့် သူ၏ အင်္ဂလိပ်စာတတ် မိတ်ဆွေ လူလတ်တန်းစားတစုက People’s Action Party (PAP) ကို တည်ထောင်ခဲ့သည်။ ကွန်မြူနစ်ဝါဒကို ထောက်ခံသူများနှင့်လည်း မဟာမိတ်ပြုခဲ့သည်။
ဝိတိုရိယ အမှတ်တရ ခန်းမတွင် ပြုလုပ်သော ညီလာခံတခုတွင် လီကွမ်ယူကို ပါတီ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ပြီး ထိုနေရာကို ၁၉၉၂ ခုနှစ်အထိ ဆက်လက် ကိုင်စွဲထားခဲ့သည်။
၁၉၅၉ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲတွင် လီကွမ်ယူ၏ PAP ပါတီက နေရာ ၅၁ နေရာတွင် ၄၃ နေရာ ရရှိခဲ့ပြီး စင်ကာပူ၏ ပထမဆုံးဝန်ကြီးချုပ် ဖြစ်လာသည်။ ထိုစဉ်က စင်ကာပူသည် ကာကွယ်ရေးနှင့် နိုင်ငံခြားရေး တို့မှလွဲ၍ ကျန်သည်တို့ကို ဆုံးဖြတ်လုပ်ကိုင်နိုင်သည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတခုဖြစ်သည်။
ထို့နောက် မလေးရှားဝန်ကြီးချုပ် Tunku Abdul Rahman နှင့် ပူးပေါင်း၍ အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ရန် ဆောင်ရွက်ခဲ့သည်။ ၁၉၆၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် စင်ကာပူက မလေးရှားနိုင်ငံ၏ အစိတ်အပိုင်းတခု အဖြစ် အင်္ဂလိပ် ကိုလိုနီအဖြစ်မှ လွတ်မြောက်ခဲ့သော်လည်း ခေတ္တမျှသာ ဖြစ်သည်။ မလေးရှား ဗဟိုအစိုးရက စင်ကာပူ၏ တရုတ်လူမျိုး များပြားမှုနှင့် လီကွမ်ယူ၏ PAP ပါတီ၏ နိုင်ငံရေး စိန်ခေါ်နိုင်မှုကို စိုးရိမ်ခဲ့ကြသည့်အတွက် လီကွမ်ယူက ၁၉၆၅ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် ခွဲထွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး မလေးရှား လွှတ်တော်ကလည်း သြဂုတ်လ ၉ ရက်နေ့တွင် စင်ကာပူကို ခွဲထွက်ခွင့်ပြုရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်မှ စ၍ လီကွမ်ယုက ၁၉၉၀ နှစ် အထိ စင်ကာပူနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၉၀ တွင် ဂိုချောက်တောင် (Goh Chok Tong) ကို ဝန်ကြီးချုပ်ရာထူး လွှဲပြောင်းပေးခဲ့သည်။ လီကွမ်ယုသည် ၁၉၅၀ ခုနှစ်တွင် Kwa Geok Choo နှင့် လက်ထပ်ခဲ့ပြီး သားသမီး ၃ ဦး မွေးဖွားခဲ့ရာတွင် အကြီးဆုံး သားဖြစ်သူမှာ စင်ကာပူနိုင်ငံ၏ လက်ရှိဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) ဖြစ်သည်။
လီကွမ်ယုသည် သူ့လက်ထက်အတွင်း နိုင်ငံရေးပြိုင်ဘက်များကို ဥပဒေဘောင်ကျော်ကာ ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ခဲ့ဖူးသည်။ နောင်တွင် သူယင်းကဲ့သို့ လုပ်ဆောင်ခဲ့ကြောင်း၊ မှန်ကန်သည်ဟု မဆိုလိုသော်လည်း ရည်ရွယ်ချက်ကောင်းဖြင့် ပြုလုပ်ခဲ့ကြောင်း ဝန်ခံ ပြောကြားခဲ့သည်။
၂၀၁၀ ခုနှစ်တွင် ထုတ်ဝေခဲ့သော လီကွမ်ယု၏ နောက်ဆုံးရေးသားခဲ့သည့် “One Man’s View of the World” စာအုပ်တွင် “ကျနော့်အနေနဲ့ကတော့ ကျနော် ကိုယ်စွမ်းရှိသမျှ အတတ်နိုင်ဆုံးကြိုးစားပြီး ဖြစ်ချင်တာတွေကို လုပ်ခဲ့တယ်။ အဲဒီအတွက် ကိုယ့်ကိုကိုယ် ကျေနပ်တယ်” ဟု ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံနှင့် ပတ်သက်၍ လီကွမ်ယုက ဤမျှ သဘာဝသယံဇာတ ပေါများသော တိုင်းပြည်ကို ယခုကဲ့သို့ စီးပွားရေး ချွတ် ခြုံကျအောင် မည်သို့ စီမံခဲ့သည် မသိကြောင်း မှတ်ချက်ပေးဖူးသည်။
၂၀၁၀ ဒီဇင်ဘာလက ပေါက်ကြားခဲ့သော ဝီကီလိခ်စ် လျှို့ဝှက်စာတစောင်တွင် လီကွမ်ယုက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ထိပ်ပိုင်း စစ်ခေါင်းဆောင်များသည် “မိုက်မဲသောသူများ”၊ “ထုံပေပေ နိုင်သောသူများ” ဟု မှတ်ချက်ပေးကြောင်း ဖော်ပြထားသည်။ ၂၀၀၇ ခုနှစ်က အမေရိကန်အစိုးရ အရာရှိများနှင့် မစ္စတာ လီကွမ်ယုတို့ တွေ့ဆုံရာတွင် ယင်းသို့ ပြောကြောင်း အမေရိကန် သံတမန် လျှို့ဝှက်ပေးစာတွင် ရေးသားထားခြင်းဖြစ်သည်။ မြန်မာစစ်ခေါင်းဆောင်များနှင့် ဆက်ဆံရခြင်းမှာ “လူသေများနှင့် စကားပြောရသလိုပဲ” ဟုလည်း မစ္စတာလီကွမ်ယုက ပြောထားသည်။