၂၀၁၄ ခုနှစ် ဇွန်လ မန္တလေး ဘာသာရေးပဋိပက္ခ နောက်ဆက်တွဲ အရေးယူမှုအဖြစ် သားမယားပြုကျင့်မှု လီဆယ်တိုင်တန်းသူ အပါအဝင် လှုံ့ဆော်သူ စွပ်စွဲခံ ၅ ဦးကို ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ အနာဂတ် သုခချမ်းသာရာအတွက် ဝေဖန်ပိုင်းခြား အဖြေရှာရမယ့် မေးခွန်းတွေက တပုံကြီး ကျန်နေသေးပါတယ်။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အတွက် ရင်းမြစ်တရားခံတွေ၊ နောက်ကွယ်က ကြိုးကိုင် မြှောက်ပင့်ပေးသူတွေ၊ မီးလောင်ရာ လေပင့်စေသူတွေ၊ ဘာသာရေး အဓိကရုဏ်းအတွင်း သေဆုံးခဲ့သူရဲ့ အလောင်းကို မြို့ပတ်စေပြီး သွေးထိုးခဲ့သူတွေ စတဲ့ တခြား သွေးစွန်းတဲ့ လက်တွေအားလုံး စုံလင်ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြုလုပ်နိုင်ခဲ့ပါပြီလား။ နောင် ဒါမျိုး အဖြစ်ဆိုးတွေ မဖြစ်ပေါ်နိုင်အောင်ကော ကြိုတင်ကာကွယ် စီစဉ်မှုတွေ အခြေခံကျကျ ပြင်ဆင် ပြုပြင်နိုင်ခဲ့ပါပြီလား။
၂၀၁၃ ခုနှစ် မတ်လ မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်၊ မီးရှို့၊ သတ်ဖြတ်ခဲ့မှု ဆိုရင် ၂ နှစ် ရှိခဲ့ပါပြီ။ တရားမျှတမှုတွေ အပြည့်အဝ အလုံးစုံ ဖော်ဆောင်ပြီးပါပြီလား။
လူ့အဖွဲ့အစည်းမှာကော အမုန်းတရားတွေ လျော့ပါးသွားပါပြီလား။ နိုင်ငံရေးပယောဂ၊ အာရုံလွှဲမှုဆိုတဲ့ လက်ငင်းအကြောင်းကိုပဲ ဇောင်းပေး အကြောင်းပြ ဓာတ်ပြားဟောင်းဖွင့် ဆိုချင်နေကြတုန်းပဲလား။ တခါလာလည်း အစိုးရနဲ့လူထု နိုင်ငံရေးပါတီတွေ၊ လူမှုရေးအဖွဲ့တွေ အပြန်အလှန် နောက်ကွယ်က လက်မည်းကြီး မှန်းဆ စွပ်စွဲ သုံးသပ်ကြတဲ့ ခေတ်ကုန်ပါပြီလား။ အကောင်အထည် တကယ် လက်မည်းကြီး ရှိရင်လည်း နောင် ဝင်မစွက်၊ ကြိုးမဆွဲနိုင်အောင် လက်ထိပ်ခတ်နိုင်ခဲ့ပါပြီလား။ တခုခုဖြစ်လိုက်ရင် ဘာအလုပ်မှ မဖြစ်တဲ့ စုံစမ်းရေး ကော်မရှင်တွေ ဖွဲ့လိုက်၊ စိုးရိမ်ကြောင်း ဟန်ပြစကားတွေ ထုတ်ဆိုလိုက် အခြေအနေကရော ပြောင်းလဲပြီလား။
ဒီ ရန်ပွဲ၊ ပဋိပက္ခ၊ အငြိုး၊ အမုန်းတွေရဲ့ ဆန့်ကျင်ဘက်အဖြစ် တဖက်မှာ ပြည်ထောင်စုအတွင်းက နိုင်ငံသား လူမျိုး၊ ဘာသာစုံ ဥမကွဲ သိုက်မပျက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ သမမျှတတဲ့ ရာသီဥတု အာမခံရာ စနစ်အဖွဲ့အစည်း၊ အစီအမံ၊ အခြေခံ ဥပဒေတွေ၊ လူ့အခွင့်အရေး ပညာပေး လှုပ်ရှားမှုတွေ ဖော်ဆောင်ဖို့ရာရော ဘယ်အခြေအနေများ ရောက်နေ၊ ဘယ်လောက်တောင် တိုးတက်နေပါပြီလဲ။ အမုန်းတရားတွေကို တန်ပြန်ဖို့ရာ ချစ်ကြည်ရေးတရား ပြန့်ပွားမှုတွေ ဘယ်လောက် ထိရောက် လုပ်ဆောင်နိုင်ခဲ့ပါပြီလဲ။
လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေးအဖွဲ့အသီးသီးက ဘာသာပေါင်းစုံ ချစ်ကြည်၊ ငြိမ်းချမ်းရေး ဖော်ဆောင်နေသူတွေ ကြယ်ငါးပွင့်ဟိုတယ်တွေက ဆွေးနွေးပွဲတွေမှာ သတင်းဖြစ် ပွဲတက်ခံ၊ ဓာတ်ပုံတွဲရိုက်ခံ၊ ခေါင်းဆောင်တွေချည်း ကြည်စေ၊ အေးစေ၊ ငြိမ်းစေ လုပ်နေကြတဲ့ အဆင့်ကရော တက်ခဲ့ပြီလား။ ဘယ်လောက်အထိ တိုးတက်အောင်မြင် လူအများကြားကို ငြိမ်းချမ်းရေးတရားတွေ ပြန့်နှံ့ စိမ့်ဝင်သက်ရောက်နိုင်ပြီလဲ။ လူမျိုးမတူ၊ ဘာသာကွဲရုံနဲ့ လူသားအချင်းချင်း အမြင်မကြည်လင်မှု၊ သံသယထားမှုတွေ အခု လျော့ပါးခဲ့ပြီလား။ အမုန်းပင်စည် အမြစ်တွယ်မှုတွေကို ဘယ်လောက် လှန်ထုတ် သင်းကွပ် နိုင်ပါပြီလဲ။
ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေ၊ ကာတွန်း၊ ပညာရေးစနစ် စတဲ့ လူထုကြားခံတွေက လူမျိုးမတူချင်း၊ ဘာသာမတူချင်း အမြင်မကြည်လင် မနှစ်မြို့ အယ်လာဂျစ်ဖြစ်တတ်တဲ့၊ တဖက်သတ် ကောက်ချက်ဆွဲတတ်တဲ့၊ ပုံသေကားချပ်ချ ပုံဖော်တတ်တဲ့ အမုန်းပွားရေး ‘ကြောင်ချေး’ တွေရော အခု ကုန်စင် ရှင်းလင်းပြီးပါပြီလား။
လိုရာဆွဲတွေး ပုံဖော် လူမျိုးရေး၊ ဘာသာရေး သွေးထိုးတတ်တဲ့ အကျင့်တွေ ဖျောက်နိုင်ခဲ့ကြပြီလား။ အသံဝဲဝဲနဲ့ မြန်မာစကားသံကို နားထောင်၊ အသားအရောင်ကို ကြည့် နိုင်ငံသား သတ်မှတ်လိုတဲ့ သဘောထား အမြင်တွေ ရေပန်းမစား ခေတ်ကုန်သွားခဲ့ပါပြီလား။
ဘာသာ၊ လူမျိုးစုံ မှီတင်းနေထိုင်နေတဲ့ တိုင်းပြည်မှာ လူမျိုစုစုံ ချစ်ကြည်ရေး တိုးပွားစေတဲ့ သင်ရိုးညွန်းတမ်းတွေ ပညာရေးစနစ်မှာ ထည့်သွင်း ပြဌာန်းနိုင်ပြီလား။ မြန်မာပြည်မှာ တလူမျိုး၊ တဘာသာ ဗဟိုပြု “Ethnocentric” ပြုကာ မျိုးမြင့်စိတ်နေ ထောင်လွှား ပုံဖော်တဲ့ ပညာရေးစနစ်၊ အနုသုခုမ ပုံစံတွေ အခု လျှော့ချပစ်နိုင်ခဲ့ပြီလား။ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်ထောင်စုစစ်စစ် တည်ဆောက်ဖို့ လမ်းစမှန်ပေါ် ရောက်နေပြီလား။
အထက်မှာ ဆိုခဲ့သမျှ မေးခွန်းများ အားလုံးအတွက် အဖြေက ‘သုည’ ပါ။ ပင်မရေသောက်မြစ် နိုင်ငံရေး သဘောထား စနစ် မပြောင်းလဲမှုနဲ့အတူ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာ ကဏ္ဍစုံ ဒုံရင်းထက် ပိုဆိုးနေကာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား ပြဿနာစုံ တိုးပွားနေသလို လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေလည်း တိုးပွားမြဲ တိုးပွားနေခြင်းကြောင့် အဖြေက ဘဲဥမကွဲရတာပါ။ ဒါကြောင့်လည်း လက်ရှိအစိုးရရဲ့ နောက်ဆုံးနှစ် ၂၀၁၅ အရောက်မှာ တိုင်းပြည်ရဲ့ အထွေထွေ ပြုပြင်ပြောင်းလဲမှုနဲ့ ဒီမိုကရေစီတည်ဆောင်မှုက ရပ်တန့်ရုံမက၊ နောက်ပြန် ကျဆုံးနေတယ်လို့ နိုင်ငံတကာက သုံးသပ်နေကြတာပါ။
အကျိုးစီးပွား၊ အာဏာ၊ လုပ်ပိုင်ခွင့် ရေရှည်တည်တံ့ရေး မျှော်ကိုး နိုင်ငံရေးစနစ်ကို ဟန်ပြ ပြောင်းပြနေခြင်းကြောင့် လူဆိုး၊ မူဆိုးတွေ ရှင်သန် အမြစ်တွယ်မှုက မပျက်ပါ။ လူမျိုး၊ ဘာသာ ဆက်စပ် ပြဿနာ အတွက်လည်း အခြေခံ ပြောင်းလဲ တိုးတက်မှု လုံးဝ မဖော်ဆောင်နိုင်သေးပါ။ ပြည်တွင်းစစ်အတွက် ဟန်ပြ ငြိမ်းချမ်းရေး အလုပ်တွေသာ ပေါများနေသလို လူမျိုးရေး၊ ဘာသာရေး အမုန်းတွေ အတွက်လည်း ရင်းမြစ် ပြဿနာကို ဖြေရှင်းစေတဲ့ မူဝါဒ၊ အလုပ် ပြောင်းလဲ ဖော်ဆောင်မှုတွေ မလုပ်ချင်ကြသေးပါ။ စစ်အာဏာရှင်စနစ်က ရာစုဝက်ကျော်ကြာ မှိုင်းတိုက်ခဲ့တဲ့ အစွန်းရောက် အမျိုးသားရေး စိတ်အခံဟာ လူအများကြားမှာ အတိုင်းအတာတခုအထိ သက်ရောက်နေကြောင်း မျက်မှောက် ဖြစ်စဉ်တွေက အထင်အရှား ပြသလို့နေပါတယ်။
ဒါထက် ပိုဆိုးတာက အမုန်းတရား ပွားများလိုသူတွေရဲ့ နောက်ကွယ်က ကြံစည်ချက်စနက်မှာ အမျိုးသားရေး သကြားချိုချို အုပ်ထားတဲ့၊ ရဟန်း သံဃာတွေပါ ဝင်ရောက် အသုံးတော်ခံ ပါဝင်ရတဲ့ မျိုးစောင့် ဥပဒေများဟာလည်း မျက်မှောက်မှာ လုံးလုံး အသက်ဝင်လို့ သွားခဲ့ပါပြီ။ လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး နိုင်ငံတကာအဆင့် စံချိန်မီတဲ့၊ ကမ္ဘာ့ အနောက် ဒီမိုကရေစီ နိုင်ငံကြီးများထက်တောင် ရိုးရာဓလေ့မှာ အမြင်ကျယ်တဲ့ လူမှုထုံးတမ်းတွေဟာလည်း လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး အရောင်ဆိုးထားတဲ့ ဥပဒေတွေအောက်မှာ ကျဆင်း အားနည်းခဲ့ရပါပြီ။ မျိုးစောင့်ဥပဒေလို ကိစ္စတွေ အခုတရားဝင် နိုင်ငံရဲ့ တရားစီရင်ရေးစနစ်မှာ အကျုံးဝင် ရပ်တည်လာခဲ့ပြီမို့ လူမျိုးရေ၊ ဘာသာရေး ခွဲခြားမှုကိစ္စက ပိုတောင် ယိုယွင်း ဆုတ်ယုတ်လာတယ် ဆိုရမှာပါ။
ဒါ့အပြင် ဒီမိုကရေစီ ရှေ့ဆောင် နိုင်ငံရေး ပါတီကြီးလိုမျိုးက အစလည်း အစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တင်းကျပ်မှု၊ ပြဿနာ အရှာခံရမှု လွတ်အောင်၊ အမျိုးသားရေးသမားများလည်း ကြည်ဖြူအောင်၊ လူအများလည်း ထောက်ခံအောင် ဘာသာရေး လူမျိုးရေး ကိစ္စတွေများ ပေယျာလကန် ပြုခဲ့တာတွေလည်း တွေ့ခဲ့ရပါပြီ။
လူ့အဖွဲ့အစည်းမှာ သြဇာကြီးတဲ့ ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီးများ ပါဝင်တဲ့ သံဃာအဖွဲ့အစည်းတွေရဲ့ အမြင်ကလည်း ဝေဝါးနေပါတယ်။ ကျောင်းသားတွေနဲ့ ပညာရှင်တွေ တောင်းဆိုတဲ့ ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲမှု ဥပဒေကြမ်းတွေကို သံဃာအဖွဲ့စုံ ဝေဖန်ထောက်ပြ အသံတွေ ညံခဲ့တဲ့ ပြီးခဲ့တဲ့ ဖြစ်စဉ်က သက်သေပါပဲ။ ဒီကိစ္စမှာ ကျောင်းသားလှုပ်ရှားမှုကို အားပျော့စေလိုတဲ့ နိုင်ငံရေးပယောဂ၊ အုပ်စိုးသူ အာဏာရှိသူတွေရဲ့ ဖိအားကြောင့် ပါတယ်ဆိုတာ မှန်ပေမယ့် မီးမရှိဘဲ မီးခိုးမထွက်ပါဘူး။
ဒါတွေအပြင် စစ်အစိုးရအဆက်ဆက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်တိုင်းနဲ့ အဆင်မပြေ၊ သူတို့ပြောသမျှ လက်မခံ၊ ဘူးခံငြင်းတဲ့ အနေအထားကလည်း အခု ပြောင်းမသွားတဲ့အပြင် ပိုတောင်ဆိုးလာပါတယ်။ အရင်က အစိုးရ တခုတည်းက ကုလသမဂ္ဂကို ပြန်လည် အပြစ်တင်ခဲ့ရာက အခုဆိုရင် လူမျိုးရေး၊ ဘာသာရေး အခြေခံ ပြင်းထန်မှုကြောင့် နိုင်ငံရေးပါတီများနဲ့ လူမှုအဖွဲ့တချို့ကပါ ကုလကိုယ်စားလှယ်ကို ကန့်ကွက်တာ၊ ဆန္ဒပြတာတွေလည်း လုပ်ပြခဲ့ကြပါပြီ။ ကုလသံကိုယ်စားလှယ်ကို ကမ္ဘာကျော် စော်ကားပြောဆို တိုင်းထွာမှုကိုလည်း ခပ်တည်တည်ပဲ အသာ နှာစေး ပြဝံ့ခဲ့ကြပါပြီ။
တကယ်တော့ အားမနာ မညှာစတမ်း သုံးသပ်ရရင် မျက်မှောက် ဒီမိုကရေစီစနစ် အမည်ခံထားတဲ့ တိုင်းပြည်က လက်ရှိ လူ့အခွင့်အရေး၊ ဘာသာရေး လွတ်လပ်ခွင့်၊ အမျိုးသမီး အခွင့်အရေးတွေဟာ စစ်အစိုးရခေတ်အတိုင်း မပြောင်းလဲ သေးတဲ့အပြင် တချို့ကဏ္ဍတွေမှာ ပိုလို့တောင် နိမ့်ကျလာတယ် ဆိုရပါမယ်။ လူထုရဲ့ သဘော စိတ်ဓာတ်ဟာလည်း ငြိမ်းချမ်းရေး၊ လူမျိုး၊ ဘာသာ မခွဲ သွေးစည်းချစ်ကြည်ရေးကို အခြေခံကျကျ နှစ်နှစ်ကာကာ အစွဲကင်းကင်း လုပ်လိုစိတ်၊ မြင်လိုစိတ်၊ ကျင့်ကြံလိုစိတ် မရှိဘူးလို့လည်း ဆိုနိုင်ပါတယ်။ ဘာသာ၊ လူမျိုး မခွဲဖို့ အကြောင်းတွေ ရေးရင်၊ ပြောရင် ရေးသူ ပြောသူနဲ့ စာနယ်ဇင်းကို ခေါင်းစဉ်တပ် တံဆိပ်ခတ် အမြဲ စွပ်စွဲချင်ကြတာလည်း သတိထားမိတယ်။
သူလိုကိုယ်လို လူသာမန်မှာတောင်မှ လူမျိုး၊ ဘာသာ ဆိုတဲ့ လူမှုအသိုင်းအဝန်းက ကန့်သတ်လိုက်တဲ့ သညာတွေ၊ ပညတ်ချက်တွေ ပါလာတာနဲ့ အစွဲမကင်းတဲ့ သဘောထားတွေ၊ တဖက်သတ် ကြိုတင် ကောက်ချက်ချလိုမှုတွေ၊ တိမ်သလ္လာဖုံးနေတဲ့ အမြင်တွေ၊ မကြီးမကျယ်နိုင်တဲ့ ဦးနှောက်၊ ရင်ဘတ်နှလုံးသားတွေ အကြောင်းတွေက နေ့စဉ် လူမှုလောကမှာ၊ သတင်းဖြစ်ရပ်တွေမှာ အသစ် အသစ် အမြဲ ထင်ရှား ဖြစ်ပေါ်နေပါတယ်။ အမုန်းပွားဖို့ ပိုလွယ်တဲ့၊ ထိရောက်မှု ကျယ်ပြန့် မြန်ဆန်တဲ့ အင်တာနက် လူမှုကွန်ရက်များမှာဆို ပိုတောင်ဆိုးပါသေးတယ်။
ဒါတောင် အစိုးရက လူသုံးများတဲ့ လူမှုကွန်ရက် ဝန်ဆောင်မှုတခုဖြစ်တဲ့ Facebook က တာဝန်ရှိသူတွေနဲ့ တရားဝင် ပူးပေါင်းပြီး အပုန်းအလျှိုး နာမည်ဝှက်တွေနဲ့ အွန်လိုင်း အမုန်းပွားနေသူတွေကို နှိမ်နှင်းနေတယ်လို့ ဆိုပါတယ်။ လက်တွေ့မှာတော့ အွန်လိုင်းမှာ အမုန်းစကားတွေက လျော့မသွားပါ။ နိုင်ငံရေးအရ အစိုးရကို ဝေဖန် အတိုက်ခံတဲ့ လူတွေရဲ့ စာမျက်နှာတွေသာ ပိုမို ကန့်သတ်ခံလာရတာပဲ အဖတ်တင်ပါတယ်။ အမုန်းပွားရေး စာမျက်နှာတွေကတော့ ရှိမြဲ ရှိနေလျက်၊ လူမျိုး၊ ဘာသာ ဆက်စပ် အမှန်တဝက်၊ အမှားတဝက် ပုံဖျက် အချက်အလက်တွေ၊ အမုန်းစကားတွေ၊ ဓာတ်ပုံတွေ ဖြန့်ဝေလျက်ပါပဲ။
ခြုံပြောရရင် လူမျိုး၊ ဘာသာ အကဲဆတ်မှု လျော့ပါးရေးမှာ အခြေခံကျကျ ခံယူချက်၊ အတွေးအခေါ် ပြောင်းလဲလိုမှုက တဦးချင်းသဘောမှာကို အင်မတန် အားနည်းလှပါသေးတယ်။ ဒါကြောင့်ကို နေ့စဉ် အွန်လိုင်းမှာ အမုန်းပွားလိုသူတွေရဲ့ အလုပ်တွေ တွင်ကျယ်နေတာပါ။ လူတဦးချင်း အသိစိတ်နဲ့ တကိုယ်ရေ ပြောင်းလဲချင်စိတ်မရှိရင် မငြိမ်းချမ်းတဲ့ အနိဋ္ဌာရုံ ဖြစ်ရပ်တွေကို အလိုတူအလိုပါ ဝင်ရောက် ဖန်တီးနေသလို ဖြစ်နေဦးမှာပါပဲ။
ဒီလိုအနေအထားနဲ့ တိုင်းပြည် အနာဂတ်ဟာလည်း အတိတ်နဲ့ ပစ္စုပ္ပန်လိုပဲ တိုင်းရင်းသား လူမျိုးစု စစ်ပွဲတွေ၊ လူမျိုး၊ ဘာသာ ပဋိပက္ခတွေ တင်းကျမ်းနဲ့ ငြိမ်းချမ်းရေး ပင်စည် မရှင်သန်၊ ဖွံဖြိုးတိုးတက် ချမ်းသာမှု အကိုင်းအခက် မကြီးထွားနိုင်၊ တရားမျှတမှု အသီးအပွင့် မစားသုံးနိုင်၊ လွတ်လပ်အေးချမ်းခြင်း အရိပ်အာဝါသအောက် မခိုလှုံနိုင် ဖြစ်နေဦးမှာပါပဲ။ ဒါကြောင့် ညီညွတ်မျှတ လောကပါလ တရားဓမ္မ ထွန်းကား လွှမ်းမိုး စောင့်ရှောက်တဲ့ သုခချမ်းသာ စံစားရာ ဒီမိုကရေစီ လောကနိဗ္ဗာန် မျက်မှောက်ပြုဖို့ရာလည်း အလှမ်းဝေးနေဦးမယ့် သဘောကို အားလုံး ဆင်ခြင် မြော်ချင့်စေချင်ပါတယ်။ တိုင်းပြည် အနာဂတ် ငြိမ်းချမ်းဖွံ့ဖြိုး ချမ်းသာရာရဖို့ လူတဦးချင်း အသိစိတ်ဓာတ်ရှိရှိနဲ့ ဘာသာစွဲ၊ လူမျိုးစွဲကြီးမှုတွေ လျှော့ချ၊ ပြုပြင်သင့်တာတွေ ပြုပြင်၊ ပြောင်းလဲသင့်တာတွေ ပြောင်းလဲ၊ အလုပ်ကောင်းတွေ၊ ခံယူချက်ကောင်းတွေ စံပြတနိုင် ထားနိုင်ကြစေကြောင်း တိုက်တွန်းချင်ပါတယ်။
(ငြိမ်းချမ်းအေးသည် အွန်လိုင်းနှင့် ပုံနှိပ် စာနယ်ဇင်းများတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ [email protected] သို့ ဆက်သွယ်နိုင်သည်။)