ရန်ကုန်မြို့မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် ကချင်လွတ်လပ် ရေး တပ်မတော် (KIA)ကို အစိုးရ တပ်မတော်က မတ်လ ၂၁ ရက်က စပြီး တိုက်လေယာဉ်တွေနဲ့ အသုံးပြုတိုက်ခိုက်နေကြောင်း သတင်း ရရှိပါတယ်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်းမှာရှိတဲ့ KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်းတွေကို အစိုးရ တပ်က မတ်လ ၂၁ ရက်နဲ့ ၂၂ ရက်မှာ စတင်ပြီး တိုက်လေယာဉ်တွေ အသုံးပြု တိုက်ခိုက်နေတယ်လို့ ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုင်ရာ အကြံပေးအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဒေါင်ခါးက ဧရာဝတီကို ပြောပါတယ်။
အစိုးရက တိုက်လေယာဉ်တွေ အသုံးပြု တိုက်ခိုက်သလို တပ်မ(၈၈) လက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ) ၃၁၇ ကလည်း မြေပြင် စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် KIA တပ်မဟာ(၃) ရှေ့တန်း တပ်ရင်းတချို့ ဆုတ်ခွာပေးလိုက်ရတယ် လို့လည်း ဆိုပါတယ်။
ဦးဒေါင်ခါးက“KIA ရှေ့တန်း တပ်စခန်းလေးတွေကို အင်အား အလုံးအရင်းနဲ့ တိုက်တယ်။ တိုက်လို့ မနိုင်တဲ့အချိန်ကြရင် တိုက်လေ ယာဉ် တွေ သုံးပြီးတော့ ဖိုက်တာဂျက်တွေနဲ့ ပစ်တယ်။ စနေ့နေ့ က စဖြစ်တယ်။ မနေ့ကလည်း မနက်ရော ညရော ဆက်တိုက် ဖြစ် တယ်။ ဒီနေ့လည်း တိုက်တော့ တိုက်နေတယ်။ အကြီးအကျယ်တော့ မဟုတ်သေးဘူး”လို့ ဧရာဝတီကို ဒီနေ့ ပြောပါတယ်။
တိုက်ပွဲတွေဟာ သစ်သယ်တဲ့ ကားတွေ တရုတ်နိုင်ငံထဲ ပြန်မဝင်နိုင်အောင် တပ်မတော်က လိုက်တားရင်း ဖြစ်ပွားတယ်လို့ သတင်း ရရှိကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန(MPC) ရဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ညှိနှိုင်း ဆွေးနွေး အကောင်အထည်ဖော်မှု ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ဧရာဝတီကို ပြောပါတယ်။
ဒေါက်တာမင်းဇော်ဦးက“MPC ကတော့ အဲဒီလို ဖြစ်လာတယ်ဆိုလို့ရှိရင် နှစ်ဘက်လုံးက ဒီကိစ္စတွေ တွေ့ဆုံဆွေးနွေးဖို့ သက်ဆိုင် ရာ ကို အကြောင်းကြားရပါတယ်။ သက်ဆိုင်ရာက ဒီကိစ္စတွေကို ဆက်လုပ်ပါလိမ့်မယ်”လို့ ပြောပြပါတယ်။
အစိုးရတပ်က သစ်မှောင်ခို ရှင်းလင်းရေးလို့ ပြောဆိုပြီး တိုက်ခိုက်ခဲ့ပေမယ့် တိုက်ပွဲဖြစ်ပွားရာ အနီးက ဖြတ်သန်းသွားနေတဲ့ သစ် ကား တွေဟာ KIO နဲ့ သက်ဆိုင်ခြင်းမရှိဘဲ အစိုးရ ခွင့်ပြုချက်နဲ့ သွားလာနေတဲ့ သစ်ကားတွေဖြစ်လို့ အခုလိုတိုက်ခိုက်ခြင်းဟာ အကြောင်းပြချက် သက်သက်သာ ဖြစ်တယ်လို့ KIO ဘက်က ပြောဆိုပါတယ်။
အခုလို ဝေဟင်နဲ့ မြေပြင် ထိုးစစ်တွေကြောင့် မန်စီမြို့နယ်အတွင်း ဗန်းမော်နဲ့ နမ့်ခမ်းသွားတဲ့ လမ်းပေါ်ရှိ မထက်ကျေးရွာအနီးက KIA ရှေ့တန်းတပ်ရင်း ဆုတ်ခွါပေးလိုက်ရပြီး တဦးဒဏ်ရာ အပြင်းအထန် ရရှိကြောင်း၊ KIA တပ်ရင်းတွေရဲ့ ခုခံစစ်ကြောင့် တက် လာတဲ့ အစိုးရ စစ်ကြောင်းတွေမှာ သေဆုံး၊ ဒဏ်ရာတွေရှိတယ်လို့ ကြားသိရကြောင်း ဦးဒေါင်ခါးက ပြောပါတယ်။
အခုလ ၁၇ ရက်ကစပြီး ၂၂ ရက်အထိ ရန်ကုန်မြို့MPC မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT)တို့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆွေးအတွက် ဆွေးနွေးခဲ့ကြပြီး အဲဒီ အထဲမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား ပဋိပက္ခလျှော့ချရေးကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။
ဒီအစည်းအဝေး ကာလအတွင်း ပဋိပက္ခလျှော့ချရေး နဲ့ပတ်သက်ပြီး အစိုးရ တပ်ဘက်က ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး ဦးဆောင်တဲ့ အဖွဲ့နဲ့ KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်၊ ပဋိပက္ခ ညှိနှိုင်းအဖြေရှာရေးအဖွဲ့ ဗိုလ်မှူးကြီး ဇော်တောင်တို့ ရန်ကုန်မြို့မှာ မျက်နှာချင်းဆိုင် ဆွေးနွေးနေတဲ့ အချိန် တဖက်မှာ KIA အပေါ် အင်အားသုံး ထိုးစစ်ဆင်နေတာ စဉ်းစားစရာတွေဖြစ်လာတယ်လို့ ဦးဒေါင်ခါးက ပြောပါတယ်။
ရန်ကုန်မှာ တပတ်အကြာဆွေးနွေးနေတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို KIO အတွင်းရေးမှူး ဒေါက်တာ လဂျာနဲ့ ဗဟိုကော်မတီ ၈ ဦးတို့လည်း လေ့လာသူ အဖြစ်နဲ့ တက်ရောက်နေပြီး သူတို့ရဲ့ လုံခြုံရေးကိုလည်း KIO ဘက်က စိုးရိမ် မကင်းဖြစ် နေမိတယ်လို့ ဆိုပါတယ်။
ဒေါက်တာ လဂျာ ဦးဆောင်တဲ့ KIO ဗဟိုကော်မတီ အဖွဲ့ဟာ အခုလ ၁၆ ရက်က နေပြည်တော်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံခဲ့ကြပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနဲ့ နှစ်ဖက်ပဋိပက္ခ လျှော့ချနိုင်ရေး ဆွေးနွေးခဲ့ကြပါသေးတယ်။