မြန်မာနိုင်ငံမှာ အထူးသဖြင့် ရန်ကုန်မှာ အခုတလော အပူချိန် အထူး လွန်ကဲနေပြီး ခရမ်းလွန်ရောင်ခြည်တွေလည်း သိသိသာသာ မြင့်မားနေပါတယ်။ တချိန်တည်းမှာပဲ ကမ္ဘာ့နိုင်ငံတချို့မှာ အယ်လ်နီညိုလည်း ဖြစ်နေပြီလို့ နိုင်ငံတကာ မိုးလေဝသနဲ့ ရာသီဥတု စောင့်ကြည့်တဲ့ ဌာနတွေက မတ်လဆန်းပိုင်းလောက်က ကြေညာလိုက်တာ ရှိပါတယ်။
ဒီလိုအခြေအနေမျိုးမှာ မြန်မာ ပြည်သူတွေအတွက် ဘယ်လို အန္တရာယ်တွေ ရှိနိုင်တယ်၊ ဘယ်လိုကြိုတင် ကာကွယ်ရင်တော့ သက် သာနိုင်မယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဒေါက်တာ ထွန်းလွင်ကို ဧရာဝတီ သတင်းထောက် တင်ထက်ပိုင်က တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ ဆရာ အမြဲတမ်းလည်း သတိပေးနေတတ်တဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းက အခုဆို တနိုင်ငံလုံးမှာ ၁၀ ကျော်နေပြီ။ အခုလို နွေဝင်ခါစ အချိန်မှာကတည်းက ၁၀ ကျော်အောင် ခရမ်းလွန်ရောင်ခြည်တွေ အရမ်းများနေတာက ဘာအကြောင်းကြောင့် လဲ ဆိုတာ ပြောပြပေးပါ။
ဖြေ။ ။ ခရမ်းလွန်ရောင်ခြည် မြင့်တာက အခုအချိန်မှာကတည်းက စပြီး မြင့်နေပြီ။ နောက်ပိုင်းမှာ ထပ်မြင့်လာနိုင် တယ်။ ပြီးခဲ့တဲ့နှစ်ရဲ့ အမြင့်ဆုံး အညွှန်းကိန်း ၁၅.၆ ကို ကျော်သွားနိုင်တယ်။ ပြောလို့တော့ မရဘူး။ စောသေးတယ်။
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းအဆင့်တွေ မြင့်ရတဲ့ အဓိက အကြောင်းအရင်းကတော့ နံပါတ် (၁) က မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ပတ်ဝန်းကျင် ယိုယွင်းမှုတွေဟာ များလာတယ်။ များလာတာက နှစ်ချက်ရှိတယ်။ ပထမ အချက်က သစ်တောပြုန်းတီးမှုတွေ အလွန်များတယ်။ ဒုတိယတချက်က ဓာတ်ငွေ့ထုတ်လုပ်မှုတွေ အလွန်များတယ်။ ကမ္ဘာပေါ်မှာ သစ်တောပြုန်းတီးမှု အများဆုံး ၄ နိုင်ငံမှာ အရှေ့တောင်အာရှက ၃ နိုင်ငံပါတယ်။ ဖိလစ်ပိုင်ရယ်၊ အင်ဒိုနီးရှားရယ်၊ မြန်မာရယ်။ ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လုပ်မှုမှာ ကမ္ဘာပေါ်မှာ အရင်တုန်းက အမေရိကန်က အများဆုံး။ အခုက တရုတ်က အများဆုံး ဖြစ်နေတယ်။ ဒီတော့ အရှေ့တောင်အာရှမှာ ဓာတ်ငွေ့ထုတ်လုပ်မှု အများဆုံးရယ်၊ သစ်တောပြုန်းတီးမှု အများဆုံးရယ်၊ ဒီနှစ်ချက်ကြောင့် အရှေ့တောင်အာရှ အပေါ်လေထုမှာရှိတဲ့ အိုဇုန်းလွှာဟာ တော်တော်ပါးလာတယ်။ နံပါတ်(၂) အချက်က အဲဒီ အိုဇုန်းလွှာပါးလာတဲ့ အထဲ မှာ နေခေါင်းပေါ်တည့်တည့်ရောက်တဲ့အချိန် ဒီလိုလ၊ ဒီလို အချိန်မှာ နေရောင်ခြည်က အာကာသကို ဖြတ်တဲ့အခါမှာ အာကာသ ရဲ့ အထူက အနည်းဆုံး။ တစောင်းဖြတ်ရင် လေထုက ထူတယ်။ တည့်တည့်ဖြတ်တော့ ဖြတ်တဲ့ ထုက ကျဉ်းတယ်။ အဲဒါကြောင့် ဒီအချိန်မှာ ခရမ်းလွန်ရောင်ခြည်က အများဆုံး၊ ကမ်းကုန်ရောက်တယ်။ မြေကြီးအထိကို ရောက်တယ်။
လက်ရှိမှာတော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်တက်မှုက မြန်မာနိုင်ငံမှာ အများဆုံးကတော့ တနင်္သာရီ၊ ကော့သောင်းပေါ့။ အနည်းဆုံးကတော့ မြစ်ကြီးနား၊ ဒါကတော့ မထူးဆန်းပါဘူး။ ကော့သောင်းက အီကွေတာနဲ့ အနီးဆုံး၊ မြစ်ကြီးနားက အီကွေတာနဲ့ အဝေးဆုံး။ နေက တောင်ဘက်ကလာတော့ တောင်ဘက်က အရင်များတာပေါ့။ လောလောဆယ် ခရမ်းလွန် ရောင်ခြည် အညွှန်း ကိန်းကို အဆင့်နဲ့ သတ်မှတ်ရင် ၁၁ ရဲ့ အထက်ကို ကျော်သွားရင် လွန်ကဲတယ် ခေါ်တယ်။ အခု ၁၁ အထက်ကို တနိုင်ငံလုံး ကျော်ပြီ။ ကျန်တာဆိုလို့ မြစ်ကြီးနား ကချင်ပဲ ကျန်တယ်။ ကချင်ကတော့ ၁၀ ကျော်။ ၁၀ ဆိုတာလည်း ဒါ အလွန်မြင့်တယ်ခေါ်တယ်။ ကချင်က လွဲရင် ကျန်ဒေသအားလုံးဟာ ၁၁ ကို ကျော်နေပြီ။
ဒီတော့ မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းဟာ Peak လို့ ခေါ်တဲ့ တနိုင်ငံလုံးမှာ အမြင့်ဆုံးကို မရောက်သေးဘူး။ ဘာကြောင့်လဲဆိုတော့ ကချင်ကျန်နေသေးတာကိုး။ ကချင်မှာ တခါ ၁၁ ကို ကျော်မယ်။ ကျော်ပြီးတဲ့နောက် နေက တခါ ပြန်ဆင်း ဦးမယ်။ အဲဒီတလျှောက်လုံး နောက်ထပ် တလကျော်ကျော်လောက်ကတော့ မြင့်နေဦးမှာပဲ။ မှန်းခြေကတော့ မေလအထိ သွားမယ်။ နောက်ပိုင်းမှာ မေလ ရောက်တော့ ဘာဖြစ်လာမလဲ။ မိုးဝင်လာမယ်။ မိုးကျလာမယ်။ မိုးကျလာရင် တိမ်တွေ တက်လာမယ်။ အဲဒီအခါကျရင် ခရမ်းလွန်ရောင်ခြည် လျော့သွားနိုင်တယ်။
မေး။ ။ အခုရန်ကုန်မှာ မနက်ပိုင်း ၆နာရီ၊ ၇ နာရီလောက်ဆိုရင် မြူတွေတော်တော် ဆိုင်းနေတာ သတိထားမိတယ်။ ဒါက ဖြစ်ရိုးဖြစ်စဉ်ပဲလား။ ဘာကြောင့် ဖြစ်တာများလဲ။
ဖြေ။ ။ ဒါကတော့ တပေါင်းလပေါ့။ မြန်မာပြက္ခဒိန်အရ ဒီလက တပေါင်းလ။ တပေါင်းလရဲ့ ရာသီဥတု ဒီလိုပါပဲ။ နေ့ပူလို့ ညချမ်း တပေါင်းလသရမ်း ဆိုသလိုပဲ နေ့ဆိုရင် ပူတယ်။ ညဆိုရင် ချမ်းတယ်။ ညဆိုရင် ချမ်းတယ်ဆိုတာက နွေက အခုမှ တောင်ဘက်က လာတာကိုး။ မြောက်ပိုင်းတွေက နွေမကျသေးဘူး။ မြောက်ပိုင်းတွေက နွေမကျသေးတော့ လေအေးတွေက ညဆိုရင်ရှိသေးတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တိုက်နေတဲ့ လေတွေက အနောက်လေတွေ၊ ဟိမဝန္တာက ဆင်းတဲ့လေတွေ။ ဒီလေတွေက အခုအချိန် အထိ ရှိနေသေးတယ်။ ဒါကြောင့် အအေးဓာတ်က ရှိနေတယ်။ တခါ အဲဒီအထဲမှာမှ မြန်မာနိုင်ငံထဲကို အိန္ဒိယကနေတဆင့် ဘင်္ဂလား ပင်လယ်အော်ထဲကနေ ရေငွေ့ပါတဲ့ လေတွေက မြန်မာနိုင်ငံထဲကို ဝင်နေတယ်။ ဝင်နေတော့ ခါတိုင်းနွေလို ဒီနှစ်နွေက ခါတိုင်းနွေ ဒီလိုအချိန်ဆို လေက ခြောက်နေပြီ။ ရေငွေ့မရှိတော့ဘူး။ အခု ဒီနှစ်က အဲဒီလို မဟုတ်ဘူး။ လေထဲမှာ ရေငွေ့တွေ ရှိနေ သေးတယ်။ အအေးဓါတ်ကလည်း ကျန်တယ်။ ရေငွေ့ကလည်း ရှိတော့ အေးတဲ့ညအခါမှာဆိုရင် ရေငွေ့ရှိတဲ့ လေရှိတဲ့အခါမှာ မြူဆိုတာ ကျတယ်။ အဓိကကတော့ အဲဒါပါပဲ။ အခုတော့ မြောက်ပိုင်းမှာလည်း ကျတယ်။ ရန်ကုန်မှာလည်း ကျတာပဲ။ ဒါလေး ကတော့ မကြာခင်မှာ ပြီးသွားမှာပါ။ လောလောဆယ်တော့ ကျနေတုန်းပဲ။ သိပ်တော့ မထူးဆန်းပါဘူး။ အခုက ခါတိုင်းထက် ပိုကျတာပေါ့။
မေး။ ။ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်လို့ ဒီနိုင်ငံက လူတွေရဲ့ ဗဟုသုတ အနေအထားကိုရော ဆရာဘယ်လို ထင်မြင်ပါသလဲ။
ဖြေ။ ။ ရာသီဥတုနဲ့ ပတ်သက်ပြီးတော့ လူတွေရဲ့ သတိထားမှုနဲ့ အသိပညာကတော့ နာဂစ် မဖြစ်ခင်နဲ့ ဖြစ်ပြီးတဲ့ နောက်ပိုင်းတော့ ကွာသွားပါတယ်။ လူထု အနေနဲ့ ပြောရင်တော့ နာဂစ်ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ လူတွေပိုပြီး စိတ်ဝင်စားလာတယ်။ ပိုပြီးတော့ သိလာတယ်။ ဆရာတို့ဆိုရင် မနားတမ်း ဟောပြောပွဲတွေ လုပ်ပေးနေတယ်။ ဒါကတော့ တိုးတက်လာတဲ့ အပိုင်းပေါ့။ ဒါပေမယ့် တိုင်းပြည်ရဲ့ အပိုင်းနဲ့ ကြည့်မယ်ဆိုရင်တော့ ဒီအပိုင်းမှာ သိပ်ပြီး အားမကောင်းသေးပါဘူး။ ပြောရရင်တော့ လူထုနဲ့ အစိုးရနဲ့ နှစ်ခုခွဲပြောရင် လူထုကတောင် ပိုအားကောင်းပါသေးတယ်။ အစိုးရပိုင်းကတော့ တော်တော်ကို စိတ်ပျက်စရာ ကောင်း တယ်။ ဘာမှလဲ ဟုတ်တိပတ်တိလည်း မလုပ်ဘူး။ တကယ်တတ်ကျွမ်းတဲ့ သူတွေလည်း မရှိလာဘူး။
သဘာဝအရ ဆိုးတာထက် လူတွေကြောင့် ဆိုးတာက ပိုပြီးတော့ ဆိုးသေးတယ်။ ဒီနိုင်ငံမှာ ဘာမှ အရန်သင့် မဖြစ်သေးဘူး။ တနိုင်ငံလုံး အပေါ်က ခြုံကြည့်မယ် ဒါမှမဟုတ် သူများတွေနဲ့ ယှဉ်ကြည့်လိုက်ရင်တော့ မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲခြင်း အပေါ်မှာ သတိရှိတာတွေ၊ ကြိုပြီးတော့ လုပ်ရမယ့် အရာတွေ ပြင်ဆင်ရမယ့်အရာတွေ အားလုံး အပိုင်းမှာတော့ မြန်မာဟာ ကမ္ဘာ့ အညံ့ ဆုံး ၁၀ နိုင်ငံထဲမှာ ပါနေတယ်။ နည်းနည်း တယောက်ချင်း၊ နှစ်ယောက်ချင်း၊ တအုပ်စုချင်း ကောင်းတာလေးတွေ ရှိမှာပေါ့လေ။ ဒါပေမယ့် နိုင်ငံအနေနဲ့ ခြုံကြည့်ရင်တော့ ၁၈၄ နိုင်ငံမှာ ၁၇၉ ဆိုတာ last stand country ပဲ။
မေး။ ။ အဲဒီလို အဆင်သင့်ဖြစ်နေဖို့ နိုင်ငံအစိုးရက လုပ်ပေးထားတာမျိုးရယ်၊ နိုင်ငံသားတွေ တဦးတယောက်ချင်းစီက အသိ ပညာတွေ ရှိနေတာမျိုးရယ် ဘယ်ဟာက ပိုပြီး အရေးကြီး အရာရောက်မယ်လို့ ဆရာထင်မြင်ပါသလဲ။
ဖြေ။ ။ နိုင်ငံသားတွေ တယောက်ချင်း၊ တယောက်ချင်း အသိရှိအောင်လုပ်ရမှာက နိုင်ငံတော်က လုပ်ရမှာပဲ။ နိုင်ငံသားတွေ အသိမရှိတာရော ၊ နိုင်ငံတော်က အသိမရှိတာရော အားလုံးဟာ နိုင်ငံတော်ရဲ့ တာဝန်ပဲ။ သူ့ဘဝပေး အသိနဲ့ သိတာ လောက်ပဲ ပြည်သူက သိတယ်။ သူ့ရဲ့ ဘဝပေးအသိနဲ့ သူ့ရဲ့ လုပ်ကိုင်စားသောက်ပြီး လုပ်ကိုင်စားသောက်ရတာ ကျပ်တည်း လာ တယ်၊ ရာသီဥတု ဖောက်ပြန်လာတယ်ဆိုတဲ့ သူ့ဘဝနဲ့ ရင်းပြီးတော့ သိတဲ့အသိကိုသာ ပြည်သူက သိတယ်။ အဲဒီ သိတဲ့အတွက် ဘာကြောင့်ဖြစ်ရသလဲ ပိုပြီး သိချင်တဲ့အတွက် ဆရာတို့လို ပုဂ္ဂိုလ်တွေကို ဖိတ်ပြီးတော့ ဟောပြောပွဲတွေ လုပ်ခိုင်းတယ်။ သူတို့ခမျာ ဒါပဲ။ အမှန်တော့ ဒါတွေအားလုံးဟာ Public Education ဆိုတဲ့ အစီအစဉ်ဟာ နိုင်ငံတော် အဖွဲ့အစည်းတွေမှာ ရှိကိုရှိရမယ်၊ သိအောင် လုပ်ပေးရမယ်။ အခုဟာက သိအောင်လုပ်ပေးရမယ့် သူတွေက မသိတာဆိုတော့ သွားရော၊ ဒုက္ခတွေကို ရောက်နေ တာပဲ။
မေး။ ။ အခု ဒီလိုမျိုး ခရမ်းလွန်ရောင်ခြည်က အရမ်းကို လွန်ကဲနေတဲ့ အချိန်မှာ စားဝတ်နေရေးအတွက်ပဲ ဖြစ်ဖြစ်၊ မလွှဲသာ မရှောင်သာလို့ သွားလာနေရတာမျိုးပဲဖြစ်ဖြစ် နေပူထဲမှာ အကာအကွယ်နဲ့ သွားလာတာဟာ ဘယ်လောက် ရာခိုင်နှုန်းလောက် အထိ ကာကွယ်ပေးနိုင်ပါလဲ ဆရာ။
ဖြေ။ ။ အန္တရာယ်ရှိတယ်ဆိုတာ ယေဘုယျကို ပြောတာ။ ဒါပေမယ့် တယောက်နဲ့ တယောက်က ခံနိုင်ရည်ချင်း မတူဘူး။ ခံနိုင် ရည်ချင်း မတူတဲ့ အထဲမှာ ခရမ်းလွန်ရောင်ခြည် သင့်မှုဟာ နောက်ဆုံး အသားအရောင်ပေါ်မှာတောင် မူတည်တယ်။ အသားမဲလေ ထိခိုက်မှု နည်းလေပဲ။ အသားဖြူလေ ထိခိုက်မှု များလေပဲ။ သွားတဲ့ အချိန်တွေ အပေါ်မှာလည်း မူတည်တယ်။ အဆိုးဆုံးက ၁၁ နာရီကနေ ၂ နာရီက အဆိုးဆုံးပဲ။ အဲဒီအတွင်းမှာ ထွက်တဲ့သူတွေ၊ များများသွားတဲ့သူတွေ၊ အကာအကွယ်မဲ့တဲ့ သူတွေဟာ ပိုပြီး ထိခိုက်တယ်။
သို့သော် မြန်မာပြည်မှာတော့ ထင်သလောက်တော့ မဆိုးတဲ့ အကြောင်းရင်းက နံပါတ် (၁) – မြန်မာလူမျိုးတွေက ခံနိုင်ရည်ရှိတယ်။ နံပါတ် (၂) က စောစောကပြောတဲ့ တယောက်ချင်းမှာ ခံနိုင်ရည် ကွာခြားချက်တွေ ရှိမယ်။ အသားအရေ ကွာခြားချက်တွေ ရှိမယ်။ နောက်တခုက သွားတဲ့ လာတဲ့ အချိန် ကွာခြားချက်တွေ ရှိမယ်။ စသဖြင့်ပေါ့။ နောက်ပြီးတော့ နေရောင်ခြည်ထဲမှာ နေတဲ့အချိန် ကြာမြင့်ချိန် ဒါတွေ ကွာခြားမယ်။ ဒါက တယောက်နဲ့ တယောက်တော့ တူမှာ မဟုတ်ဘူး။ လူတိုင်းတော့ ဖြစ်မယ်လို့ ပြောလို့မရ ဘူး။
မေး။ ။ အဲဒီလိုနေပူထဲမှာ အကာအကွယ်နဲ့သွားရင်ရော ခရမ်းလွန်ရောင်ခြည် ထိခိုက်မှုကနေ ဘယ်လောက်ရာခိုင်နှုန်း လောက် အထိ ကာကွယ်ပေးနိုင်သလဲ။
ဖြေ။ ။ အကာအကွယ်နဲ့ သွားရင် ရာခိုင်နှုန်းနဲ့ တွက်ကြည့်တာမျိုးတော့ မရှိပါဘူး။ လုပ်ပါလို့ ပြောတာပါ။ အတော် အသင့် တော်တော်တော့ ကာကွယ်နိုင်မယ်လို့ ယူဆတယ်။
မေး။ ။ အခု သင်္ကြန်ကာလကလဲ နီးလာပြီ၊ ခရမ်းလွန်ရောင်ခြည်ကလဲ အရမ်းများတဲ့ အချိန်ဆိုတော့ သင်္ကြန်မှာ ကစားကြ မယ့် သူတွေ အထူးဂရုစိုက်သင့်တာ မျိုးရော ဆရာ ဘာများမှာချင်လဲ။
ဖြေ။ ။ အထူးဂရုစိုက်သင့်တာကတော့ ခရမ်းလွန်ရောင်ခြည်ပဲလေ။ အကြောင်းက ၃ ချက်ရှိတယ်။ နံပါတ် (၁)က သင်္ကြန်မှာ ကစားတဲ့သူတွေဟာ တနေကုန် ကစားမယ်ဆိုတော့ နေပူထဲ မထွက်ပါနဲ့လို့ ပြောထားတဲ့ အချိန်မှာလည်း သူတို့က နေပူ ထဲမှာ ရှိနေမှာပဲ။ နောက် နံပါတ် (၂) က သင်္ကြန်ဆိုတာ မပြောနဲ့ ရိုးရိုး ဒီလိုအချိန်မှာတောင် ကားတွေက ကြပ်နေတာ၊ တနေရာနဲ့ တနေရာ လွယ်လွယ်ကူကူလည်း မသွားနိုင်တော့ နေပူထဲမှာ အကြာကြီးလည်း ရှိနေမှာပဲ။ နောက် နံပါတ် (၃) ဆိုးတာတခုက သင်္ကြန် ဆို တော့ ရေအရမ်းပက်နေတော့ ကိုယ့်အကျႌတွေ ဘာတွေမှာ ရေစိုနေရင် အဲဒီရေကနေပြီးတော့ အလင်းပြန်ပြီး ခရမ်းလွန် ရောင်ခြည် ထိတာ ပိုပြီးတော့ ဆိုးတယ်။ အဲဒီတော့ ဒီ ၃ ချက်ကို ကြည့်ရင် ခရမ်းလွန်ရောင်ခြည်နဲ့ပတ်သက်တဲ့ အန္တရာယ်က သင်္ကြန် မှာ ပိုများတယ်။ အဲတော့ မထွက်ပါနဲ့ မဟုတ်ဘူး၊ ထွက်လို့ရတယ်။ ဒါပေမဲ့ ခုနက ပြောသလို အကာအကွယ်တော့ ယူပါ။ ဦးထုပ် ဆောင်းတာတို့ အကျီၤလက်ရှည်ဝတ်တာတို့ လိမ်းဆေးလိမ်းတာတို့ နောက်ပြီးတော့ (နေကာ) မျက်မှန်တပ်တာတို့ ဒါလေးတွေကို လုပ်ရင် အထိုက်အလျောက်တော့ သက်သာမှု ရှိမှာပါ။
မေး။ ။ ဆရာ့အနေနဲ့ အခုလိုအချိန်မှာ ပြည်သူတွေ သိသင့်တယ်လို့ ထင်တာမျိုးတွေလည်း ပြောပြပေးပါဦး။
ဖြေ။ ။ ပြည်သူတွေ သိသင့်တာကတော့ ဒီနှစ်က တော်တော် စိတ်ဝင်စားစရာ ကောင်းတယ်။ အယ်လ်နီညိုကလဲ ဖြစ်နေပြီ။ နောက် ပြီးတော့ ဘင်္ဂလားပင်လယ်အော်မှာ ရေအပူချိန် အတက်ဆုံးပဲ။ တိမ်ဖြစ်ပေါ်မှုလည်း အများဆုံး။ လှုပ်လှုပ်ရှားရှား ဖြစ်နေတဲ့ ဒေသဟာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း ဖြစ်နေတယ်။ တနည်းပြောရင် မြန်မာ့ရေပြင် ဖြစ်နေတယ်။ အဲဒါဟာ နည်းနည်း စောင့်ကြည့်ဖို့လိုတယ်။ ဧပြီလ ၁၅ ရက်ဆိုရင် မုန်တိုင်းရာသီဟာ စတော့မယ်။ အဲဒီမုန်တိုင်း သတင်းကိုတော့ ဧပြီ ၁၅ ကနေ မေ ၁၅ လောက်အထိ ၁ လတာ ကာလအတွင်းမှာတော့ အထူးဂရုစိုက်ပါလို့ ပြောချင် ပါတယ်။
ဒီလိုပြောခြင်းဟာ မုန်တိုင်းဝင်မယ်လို့ ပြောခြင်း မဟုတ်ပါဘူး။ ဒီလိုဒီလို တွေ့ရတဲ့အတွက် ဒီရာသီဟာ အမြဲတမ်းလိုလို မြန်မာနိုင်ငံ သူ၊ နိုင်ငံသား အထူးသဖြင့်တော့ ကမ်းရိုးတန်းမှာနေတဲ့သူတွေဟာ ဝတ္တရားတခုလို၊ ယဉ်ကျေးမှုတခုလိုကို သိသင့်တဲ့ အရာတခုပါ။ အမြဲတမ်း ဒီအချိန်၊ ဒီအခါဆို ဘယ်သူပြောပြော၊ မပြောပြော ကိုယ့်ဝတ္တရားအရ သတင်းကို နားထောင်ဖို့နဲ့ နားထောင်တဲ့ အခါမှာလည်း ပေါ့ပေါ့လျော့လျော့ မဟုတ်ဘဲနဲ့ သတင်းကို အမှန်တကယ် နားလည်အောင် နားထောင်ဖို့ နားမလည်သေးရင်လည်း နားလည်အောင် ကြိုးစားဖို့လိုတယ်။ အဲဒါလေးတွေ မှာချင်ပါတယ်။ အန္တရာယ်ကင်းအောင်လို့ပါ။
မုန်တိုင်းမှာ လေတိုက်မယ်၊ မိုးရွာမယ်၊ ရေတက်မယ်ဆိုတဲ့ ကဏ္ဍ ၃ ခုမှာ ရေတက်တာဟာ အန္တရာယ် အကြီးဆုံးပဲ။ အသေအပျောက် အများဆုံးပဲ။ ရေဆိုတာကလည်း တော်ရုံတန်ရုံ မုန်တိုင်းအင်အားနဲ့ မတက်ဘူး။ မုန်တိုင်းရဲ့ အားကောင်းတဲ့ အဆင့်မှာ မုန်တိုင်း က လေဖိအားနည်း ရပ်ဝန်းတွေ၊ အပူပိုင်းမုန်တိုင်း၊ ဆိုင်ကလုန်း မုန်တိုင်း၊ အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းကြီး၊ စူပါဆိုင်ကလုန်း အဆင့်ဆင့်ရှိတယ်။ အဆင့်ဆင့် ရှိတဲ့ အခါမှာ ဒီမုန်တိုင်းတွေတို့၊ အပူပိုင်း မုန်တိုင်းတွေတို့ ဆိုင်ကလုန်းမုန်တိုင်းတို့ အဆင့်တွေဟာ ရေမတက်ဘူး။ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီးတို့၊ စူပါဆိုင်ကလုန်း မုန်တိုင်းကြီးတို့ကျမှ ရေတက် တယ်။ အဲဒီတော့ ပင်လယ်က ရေတက်ပြီ၊ ပင်လယ်လှိုင်းလုံးတွေ တက်ပြီဆိုရင် ကိုယ်နေတဲ့ ဒေသမှာ တက်မယ်လို့ ခန့်မှန်းပြီ ဆို ရင် တော့ ဒေသခံက အသေကို မှတ်ထားရမယ်။ ဘာလဲဆိုတော့ ကိုယ်နေတဲ့ နေရာကို စွန့်ခွာရမယ်။ မစွန့်ခွာရင်တော့ အသက် အန္တရာယ် အလွန်များတယ်။ အဲဒါလေး သိဖို့ပါပဲ။
မေး။ ။ ဟိုတလောက သတိပေးလိုက်တဲ့ အယ်လ်နီညိုအကြောင်း မေးချင်ပါတယ်ဆရာ။ အယ်လ်နီညိုဖြစ်ရတဲ့ အကြောင်း ရယ်။ ဖြစ်ခဲ့ရင် ဘာတွေ ဖြစ်တတ်သလဲ။ အယ်လ်နီညို ဖြစ်တဲ့အချိန်တွေမှာ မြန်မာနိုင်ငံအတွက်ရော ဘယ်လို သက်ရောက်မှု တွေ ရှိနိုင်သလဲဆိုတာ ပြောပြပေးပါဆရာ။
ဖြေ။ ။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ၂၀၁၅ မှာ အယ်လ်နီညို ဖြစ်ဖို့ အခြေအနေ တော်တော်ရှိလာပြီလို့ အမေရိကန် ပြည်ထောင် စု မှာ ရှိတဲ့ NOAA (National Oceanic and Atmosphere Administration) ဆိုတဲ့ အဖွဲ့ရယ် IRI (International Research Institute for Climate and Society) ဆိုတဲ့ အဖွဲ့ရယ်က သတင်းထုတ်ပြန်တယ်။ ထုတ်ပြန်တဲ့အခါ အယ်လ်နီညိုနဲ့ ပတ်သက်ပြီး ၂ ချက်ပြောတယ်။
ပထမ အချက်က အယ်လ်နီညိုဖြစ်ဖို့ ရာခိုင်နှုန်း ၆၀ လောက် ရှိတယ်ပေါ့။ ဒါပေမယ့် ဖြစ်ခဲ့သည့်တိုင်အောင် အားကောင်းတဲ့ အယ်လ် နီညို တော့ မဖြစ်သေးဘူးပေါ့။ ဒါကြောင့်မို့ ကမ္ဘာ့နိုင်ငံ အသီးသီးကို အယ်လ်နီညိုရဲ့ အကျိုးသက်ရောက်မှု တခြားနိုင်ငံ တွေမှာတော့ မရှိနိုင်သေးဘူး။ အယ်လ်နီညိုက ပစိဖိတ်ရဲ့ အရှေ့ဘက်မှာ ရှိတာဆိုတော့ တောင်အမေရိကတိုက်ရဲ့ အနောက်ဘက် ကမ်းခြေ ဒေသနဲ့ ပိုပြီးတော့ ပတ်သက်တာပေါ့။ အာရှတို့ ဘာတို့ကိုတော့ လက်ရှိ အနေအထားမှာ မရောက်နိုင်သေးဘူး။
သို့သော် နောက်ပိုင်းကာလတွေမှာ အယ်လ်နီညိုနဲ့ ပတ်သက်ပြီး ပြောတဲ့အခါမှာ လက်ရှိအချိန်ဟာ တကယ်တမ်းကျတော့ စော သေး တယ်။ အစဉ်အလာအရ ငါတို့ သတ်မှတ်ထားတာတော့ များသောအားဖြင့်တော့ ဇွန်လလောက်မှ အတည်ပြုနိုင်တယ်။ ဇွန်လ လောက်မှ အတည်ပြုနိုင်တော့ အခုက ဇွန်လရောက်ဖို့က ၂ လကျော် ၃ လလောက် လိုနေသေးတော့ ဒီအတွင်းမှာ အပြောင်း အလဲ ကတော့ ရှိနိုင်တာပေါ့။ အပြောင်းအလဲက တကယ်အားကောင်းတဲ့ အယ်လ်နီညိုမျိုး ဖြစ်လာနိုင်သလို တဖြည်းဖြည်းလည်း ဝေ့လည်ကြောင်ပတ် ဖြစ်ပြီးတော့ အားလျော့နိုင်သွားတာလည်း ရှိနိုင်တယ်။ နှစ်ဖက်လုံး ဖြစ်နိုင်တယ်။ နှစ်ဖက်လုံး ဖြစ်နိုင်တဲ့အခါမှာ ဘယ်တော့မဆို မိုးလေဝသမှာတော့ အနာဂတ်ကို ကြိုပြောရင် ဘယ်တော့မဆို Worst scenario အဆိုးဆုံး အခြေအနေကိုပဲ ဦးစားပေး ပြောရတယ်။ အဆိုးဆုံး ဘာဖြစ်မလဲပေါ့။
အဆိုးဆုံး ဘာဖြစ်မလဲ ဆိုတာကို မှန်းဆပြီးတော့ ပြောရမယ်ဆိုရင် အကယ်၍ မေ၊ ဇွန်လောက်မှာ အယ်လ်နီညိုသည် အားကောင်း တဲ့ အယ်လ်နီညိုတခု ဖြစ်လာမယ် ဆိုရင်တော့ အဲဒီ အယ်လ်နီညို ဖြစ်ရပ်က အနည်းဆုံး ၁၂ လ ကြာမယ်။ ၁၂ လ ဆိုတော့ ဒီ ၂၀၁၅ ဇွန်ကနေပြီးတော့ ၂၀၁၆ ဇွန်အထိ ၁၂ လ ကြာမယ်။ ဒီ့ထက် ပိုအားကောင်းမယ်ဆိုရင် အခုလို လကနေ စတွက်မယ် ဆိုရင် တော့ ၁၈ လ လောက် ကြာမှာပေါ့လေ။ ဒီဘက် ၃ လ၊ ဟိုဘက် ၃ လပေါ့။ ဟိုဘက်ကျတော့လည်း ဇွန်မှာ မပြီးဘဲနဲ့ စက်တင်ဘာ လောက်မှ ပြီးမှာပေါ့လေ။ ခြုံပြောရင်တော့ ၁၂ လမှ ၁၈လ ကြာမယ်။ အကြမ်းအားဖြင့် အဲဒီတော့ ဘာဖြစ်သွားမလဲ ဆိုရင် အယ်လ် နီညို ဖြစ်ပြီဟေ့ဆိုရင် အပြောင်းအလဲတွေက ပစိဖိတ် သမုဒ္ဒရာမှာ အများဆုံးဖြစ်မယ်။
အားကောင်းတဲ့ အယ်လ်နီညို ဖြစ်ပြီဆိုရင်တော့ ဒီအယ်လ်နီညိုရဲ့ အကျိုးသက်ရောက်မှုတွေဟာ ပစိဖိတ် သမုဒ္ဒရာရဲ့ အရှေ့ဘက်၊ တောင်အမေရိကတိုက်ရဲ့ အနောက်ဘက်တင် မကတော့ဘူး။ သူ့ရဲ့ အကျိုးသက်ရောက်မှုတွေက ပစိဖိတ်သမုဒ္ဒရာကြီး အနောက် ဘက် နိုင်ငံတွေ အားလုံးအထိ ရောက်လာမယ်။ အနောက်ဘက်ကို ရောက်တယ်ဆိုတော့ တောင်အမေရိကတိုက်ရဲ့ အနောက် ဘက် တည့်တည့်ဆိုရင် သြစတြေးလျ၊ အင်ဒိုနီးရှားပေါ့၊ အဲဒီကနေ ကျယ်ပြန့်လာရင် တောင်အာရှအထိ ရောက်လာမယ်။ တောင် အာရှ ဆိုတော့ အိန္ဒိယအထိ ပါတယ်။ အရှေ့တောင်အာရှက မြန်မာတို့ ဘာတို့ အကုန်ပါသွားမယ်။
ဘာတွေဖြစ်မလဲလို့ မေးရင် ပစိဖိတ်ကနေ စပြောကြမယ်။ အယ်လ်နီညို ဖြစ်ပြီဆိုရင် ပူနွေးတဲ့ဒေသ၊ ရေငွေ့ပျံတဲ့ ဒေသက ပစိဖိတ် သမုဒ္ဒရာ အနောက်ဘက်ကနေပြီးတော့ အရှေ့ဘက်ကို ရွှေ့သွားတယ်။ အရင်တုန်းက ပစိဖိတ် သမုဒ္ဒရာ အနောက်ဘက်ခြမ်းတွေ ဖြစ်တဲ့ အင်ဒိုနီးရှားတို့ သြစတြေးလျတို့ တောင်တရုတ်ပင်လယ်တို့ အဲဒီဘက်မှာ တိမ်တွေဖြစ်တယ်၊ မုန်တိုင်းတွေဖြစ်တယ်၊ မိုးတွေရွာတယ်။ ဒါကတော့ ထုံးစံပါ။ ဒါပေမယ့် အယ်လ်နီညို ဖြစ်ပြီဆိုရင် အဲဒီ မိုးရွာတဲ့ဒေသတို့ မုန်တိုင်းဖြစ်တဲ့ ဒေသတွေဟာ ပစိဖိတ်ရဲ့ အနောက်ဘက်မှာ မရှိတော့ဘဲ အရှေ့ဘက်ကို ရွေ့သွားတယ်။ အရှေ့ဘက်ကို ရွေ့သွားတော့ အရှေ့ဘက်က နိုင်ငံတွေမှာ မိုးတွေရွာတယ်။ အနောက်ဘက်က နိုင်ငံတွေမှာကျ မိုးတွေခေါင်သွားတယ်။
ဆရာတို့နဲ့ ပတ်သက်တဲ့ အပိုင်းကို ပြောမယ်ဆိုရင် အယ်လ်နီညို ဖြစ်ပြီဆိုရင် အဲဒီမိုးရွာတဲ့ ဒေသကြီးက ပစိဖိတ်အနောက်ဘက် က နေ အရှေ့ဘက်ကို ရွှေ့သွားတဲ့ အတွက်ကြောင့် အနောက်ဘက်ဒေသ နိုင်ငံများဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင် နောက် သြစတြေးလျ ဒီဘက်အထိ ရောက်မယ်ဆိုရင်တော့ အရှေ့တောင် အာရှနိုင်ငံတွေ ၊ ဒီကနေ အနောက်ဘက် ရောက်မယ်ဆိုရင် တော့ အိန္ဒိယနိုင်ငံအထိ ရာသီဥတုက ပူပြင်းမယ်။ ခြောက်သွေ့မယ်။ ပူပြင်း၊ ခြောက်သွေ့တဲ့ ရာသီဥတုကို ကြုံကြရလိမ့်မယ်။
နောက်ပြီးတော့ အယ်လ်နီညို ဖြစ်ပြီဆိုရင် မုန်တိုင်းဖြစ်တဲ့ အရေအတွက်တွေလည်း လျော့ကျသွားလိမ့်မယ်။ တောင်တရုတ် ပင်လယ်ပြင်မှာလည်း မုန်တိုင်းဖြစ်တာတွေ လျော့မယ်။ ဘင်္ဂလားပင်လယ်ပြင်မှာလည်း လျော့မယ်။ နောက်ပြီးတော့ မုတ်သုံကို လည်း အများကြီး အပြောင်းအလဲဖြစ်မယ်။ မုတ်သုံက ဘာတွေပြောင်းမလဲဆိုရင် အယ်လ်နီညိုဖြစ်တဲ့နှစ်တွေ ကြည့်လိုက်ရင် မုတ် သုံ ဝင်တာ နောက်ကျတယ်။ ထွက်တာကျ စောတယ်။ မိုးရာသီ တိုတောင်းမယ်။ မုတ်သုံ အင်အားလျော့မယ်။ မိုးရွာသွန်းမှု လျော့မယ်။ အပူချိန်မြင့်မယ်။ အဲဒါက သေချာသလောက်နီးပါး ဖြစ်မယ်။ လက်ရှိ ၂၀၁၅ မှာလည်း ဖြစ်သလို နောက်လာမယ့် ၂၀၁၆ အထိ လည်း ဖြစ်သွားနိုင်တယ်။ ၂ နှစ် ဆက်တိုက်ပေါ့။ ရာသီက ဟိုဘက်ဒီဘက် ခွနေတယ် ဆိုတော့လေ။
သူ့ရဲ့ သက်ရောက်မှုက အရမ်းကြီးတယ်။ အချိန်ကလည်းကြာ၊ သိပ်ဆိုးလာပြီဆိုရင် ရေစီးကြောင်းတွေလည်း အပြောင်းအလဲတွေ ရှိလာတဲ့အတွက် ငါးတွေလည်း ရှားသွားတတ်တယ်။ ရေတွေက ရေနွေးစီးကြောင်းတွေပဲ အများဆုံးစီးတော့ သန္တာကျောက်တန်း တွေလည်း ပျက်တယ်။ ငါးတွေလည်း အသိုက်ပြောင်းတော့ ငါးဖမ်းလုပ်ငန်းတွေလည်း ကျဆုံးကုန်နိုင်တယ်။ အဲဒီတော့ စီးပွားရေးပါ ထိခိုက်လာနိုင်တယ်။
တခါ မိုးကနည်းတယ်၊ အပူချိန်က မြင့်တယ်ဆိုတော့ စိုက်ပျိုးသီးနှံတွေ ထုတ်လုပ်မှုကလည်း ကျဆင်းတယ်။ နောက် မိုးကနည်းပြီး ပူတဲ့အခါကျတော့ ရေကလည်း အလွန်ရှားတယ်။ ရေရှားပါးမှု ပြဿနာတွေ တွေ့ရတယ်။ ကျန်းမာရေး ပြဿနာတွေ တွေ့ရတယ်။ စီးပွားရေး လုပ်ငန်းတွေ ပျက်တယ်။ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေ ပျက်တယ်။ လူမှုဘဝ ဒုက္ခတော်တော်များများကို ဖြစ် စေတယ်။ အဲဒါက အားကောင်းတဲ့ အယ်လ်နီညို ဖြစ်ခဲ့ရင်ပေါ့။
ပုံမှန်အားဖြင့် အယ်လ်နီညိုနှစ်တွေမှာ မြန်မာနိုင်ငံမှာ ဖြစ်တတ်တာကတော့ မုတ်သုံဝင်တာ နောက်ကျတယ်။ မုတ်သုံထွက်တာ စောတယ်။ မိုးရာသီ တိုတောင်းသွားတယ်။ မိုးရာသီမှာ ရွာသွန်းတဲ့မိုး လျော့သွားတယ်။ အပူချိန်တွေ မြင့်လာတယ်။ မုန်တိုင်းဖြစ်တဲ့ အရေအတွက်တွေ လျော့ကျသွားတယ်။ သောက်သုံးရေတွေ ရှားပါးသွားတယ်။ လယ်ယာထွက်ကုန်တွေ ကျဆင်းသွားတယ်။ ကျန်းမာရေး ပြဿနာတွေ ရှိတယ်။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ထိခိုက်တယ်။ အဲဒါတွေ အားလုံးဟာ ခြုံပြီး ပြောရင်တော့ အယ်လ်နီညိုဖြစ်တဲ့ နှစ်တွေမှာ တွေ့ရတာပဲ။ အဲဒါကြောင့် အယ်လ်နီညိုဟာ အလွန် သတိထားရတယ်။ အကြမ်းအားဖြင့်က ဒါပါပဲ။ ။