အလုပ်သမား ဆန္ဒပြပွဲ၊ ကျောင်းသား ဆန္ဒပြပွဲများတွင် သတင်းယူကြသည့် သတင်းထောက်များကို အစိုးရ အာဏာပိုင်များက အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခြင်းနှင့်ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချသော လှုပ်ရှားမှု၌ လက်ရှိတွင် Eleven မီဒီယာ အပါအဝင် မီဒီယာ ၆ ခု စတင် ပူးပေါင်း ပါဝင်ကြောင်း သတင်းရရှိသည်။
အဆိုပါ လှုပ်ရှားမှုကို သတင်းသမား လူငယ်များဖြင့် ဖွဲ့စည်း တည်ထောင်ထားသော မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) အဖွဲ့က ဦးဆောင် ပြုလုပ်ခြင်း ဖြစ်သည်။
MJN က ဦးဆောင်၍ လာမည့် မတ်လ ၂၇၊ ၂၈၊ ၂၉ ရက်တို့တွင် ရန်ကုန်မြို့၌ ကျင်းပမည့် International Press Institute (IPI) က ပြုလုပ်သည့် နိုင်ငံတကာ မီဒီယာ ကွန်ဖရင့်ကို သတင်းသမားများ မတက် ရောက်ရန်နှင့် ကွန်ဖရင့် ကျင်းပနေသည့် သုံးရက် အတွင်း ထွက်ရှိမည့် သတင်းစာ၊ ဂျာနယ်များ၌ အစိုးရ၏ သတင်းများ မဖော်ပြရန် စသည့် လှုပ်ရှားမှု နှစ်ခုကို ပြုလုပ်မည် ဖြစ်သည် ဟု MJN အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောသည်။
ယင်းလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ရန် MJN အဖွဲ့ဝင်များက မတ်လ ၂၂ ရက်က သတင်းမီဒီယာတိုက်များ ဖြစ်သည့် Eleven Media Group၊ Messanger၊ မြန်မာပို့စ်၊ ဗမာ့ခေတ်၊ ကုမုဒြာနှင့် မော်ဒန်၊ Tomorrow၊ The Voice၊ မြန်မာ တိုင်း(မ်)၊ အဓိပတိ၊ စံတော်ချိန်၊ Venus ဂျာနယ်တိုက် အပါအဝင် ဂျာနယ်တိုက် ၁၁ ခုကို သွားရောက် တိုက်တွန်း ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
MJN က သွားရောက် တွေ့ဆုံခဲ့သည့် ဂျာနယ်တိုက် ၁၁ ခုတွင် ၆ ခုက လှုပ်ရှားမှုတွင် ပါဝင်ရန် သဘောတူ ခဲ့ကြသည်။ ၎င်းတို့မှာ Messager၊ Eleven Media Group၊ မြန်မာပို့စ်၊ ဗမာ့ခေတ်၊ Tomorrow နှင့် Venus ဂျာနယ်တို့ ဖြစ်သည်။
MJN ၏ အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်က“ကျနော်တို့ သွားဆွေးနွေးခဲ့တဲ့ တိုက်တွေမှာ တာဝန်ရှိသူတွေနဲ့ တွေ့ခဲ့တဲ့ တိုက် တွေက ပူးပေါင်းပါဝင်ဖို့ အကြောင်းပြန်ပါတယ်။ ကျန်တဲ့တိုက်တွေကတော့ ဆုံးဖြတ်မယ့် တာဝန်ရှိသူတွေ မရှိသေးတဲ့ အတွက် နောက်ရက်မှာ အကြောင်းပြန်ပေးမယ်လို့ ပြောပါတယ်။ တခြားတိုက်တွေကိုလည်း ကျနော်တို့ ဆက်စည်းရုံးသွားမှာပါ”ဟု ဧရာဝတီ သို့ ပြောသည်။
လက်ပံတန်းမြို့၌ ပင်မ ကျောင်းသားသပိတ်အား အကြမ်းဖက် ဖြိုခွင်းမှုအတွင်း မီဒီယာများကိုပါ ပစ်မှတ်ထား ရိုက်နှက်ခဲ့မှုကို ကန့်ကွက်ရှုတ်ချသည့် အနေနှင့် မြန်မာပို့စ် ဂျာနယ်က အပတ်စဉ် ထုတ်ဝေသည့် မြန်မာပို့စ်ဂျာနယ် အတွဲ ၇ ၊ အမှတ် ၁၁ နှင့် အတွဲ ၇၊ အမှတ် ၁၂ နှင့် မြန်မာပို့စ် ဂလိုဘယ် ဂျာနယ် အမှတ် ၂၀၃ တို့တွင် သမ္မတ သတင်း၊ ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် ပြည်ထဲ ရေး ဝန်ကြီးဌာန သတင်းများကို မဖော်ပြသည့် လှုပ်ရှားမှုကို စတင် လုပ်ဆောင်နေပြီ ဖြစ်သည်ကို တွေ့ရသည်။
ထိုသို့ လှုပ်ရှားမှုနှင့် ပတ်သက်ပြီး မြန်မာပို့စ်ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ ဦးကျော်စိုးလင်းက “မီဒီယာ အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် ကျနော်တို့လည်း ပူးပေါင်းပါဝင်တာပါ။ လက်ပံတန်း ကိစ္စမှာ မီဒီယာတွေကို မီဒီယာမှန်း သိသိကြီး ရိုက်နှက် ခံရ တာကို ကန့်ကွက်ရှုတ်ချတဲ့ အနေနဲ့ ကျနော်တို့ ဂျာနယ်မှာ ကန်ပိန်း လုပ်ဖြစ်တာပါ”ဟု ပြောသည်။
Eleven မီဒီယာက သုံးရက်ကြာ ကျင်းပမည့် IPI ကွန့်ဖရင့်ပွဲကို တက်ရောက်ခြင်း မပြုဘဲ သပိတ်မှောက်သည့် လှုပ်ရှားမှုကို လက် ခံ သဘောတူကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ နိုင်ငံတော် သမ္မတ၊ ပြန်ကြားရေး ဝန်ကြီးဌာနများနှင့် ပတ်သက်သည့် သတင်းမဖော် ပြမှု လှုပ်ရှားမှုနှင့် ပတ်သက်၍ ပြည်သူလူထု သတင်းသိပိုင်ခွင့်နှင့် သက်ဆိုင်နေသည့် အတွက် ယင်းအချက်ကို သဘောမတူကြောင်းကို ယနေ့ ထုတ်ဝေသည့် Eleven နေ့စဉ် သတင်းစာတွင် ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) ကို သတင်းသမား လူငယ်များဖြင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် စတင် ချိတ်ဆက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
MJN ကို သတင်းသမားများ၏ သာရေးနာရေး၊ ဖွံ့ဖြိုးရေး၊ အခွင့်အရေး ကိစ္စများနှင့် ပတ်သက်ပြီး တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီပေး ရန် ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။