အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းရေးဆွဲနေသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) မူကြမ်းတွင် ဆက်လက် ဆွေးနွေးညှိနှိုင်းရန် အချက် ၄ ချက်သာ ကျန်ရှိတော့သော်လည်း အမှန်တကယ် လက်မှတ်ထိုးနိုင်ရန်မှာမူ ထင်သလောက် မလွယ်ကူနိုင်သေးကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) တွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့၏ ၇ ကြိမ်မြောက် အပစ်အခတ် ရပ်စဲရေးစာချုပ် ဆွေးနွေးပွဲကို မတ်လ ၁၇ ရက်မှ ၂၂ ရက်အထိ ၆ ရက်ကြာ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲ၏ အစပိုင်းရက်များတွင် မြန်မာနိုင်ငံမြောက်ပိုင်း၌ တပ်မတော်နှင့် တိုင်းရင်းသားတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေသဖြင့် စာချုပ်ကိစ္စကို မဆွေးနွေးသေးဘဲ ပဋိပက္ခလျှော့ချရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ရသည်။
NCCT ခေါင်းဆောင် နိုင်ဟံသာက “တိုက်ပွဲတွေက ပြင်းထန်နေတော့ NCA ဆွေးနွေးမှုမှာ နားလည်မှုရယူဖို့ ခက်ခဲတယ်။ ဒါ့ကြောင့် တိုက်ပွဲတွေကို လျှော့ချဖို့ ရပ်တန့်ဖို့ အရင်ဆွေးနွေးတာပါ” ဟု ဧရာဝတီကို ပြောသည်။
NCCT က ပဋိပက္ခ လျှော့ကျရေးဆိုင်ရာ ဆွေးနွေးမှုတွင် ကချင်ပြည်နယ်၊ ပလောင် (တအာင်း) ဒေသနှင့် ကိုးကန့်ဒေသတို့၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်တန့်၍ ယင်းလက်နက်ကိုင် တပ်ဖွဲ့များကို ဆွေးနွေးပွဲသို့ခေါ်ရန်၊ ပြည်တွင်းစစ်နှင့် ပဋိပက္ခများဖြစ်ပွားရာတွင် အစိုးရဘက်မှ အင်အားသုံး ဖြေရှင်းခြင်းမပြုရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
ယင်းအပြင် ရဲတပ်ဖွဲ့က အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရန် တောင်းဆိုနေသည့် ဆန္ဒပြကျောင်းသားများနှင့် လုပ်ခလစာ တောင်းဆိုခဲ့သော အလုပ်သမားများကို အကြမ်းဖက် ရိုက်နှက်ခဲ့ခြင်းနှင့် ပတ်သက်၍လည်း အစိုးရက အင်အားမသုံးဘဲ ညှိနှိုင်းဖြေရှင်းရန် ထည့်သွင်းပြောဆိုခဲ့သည်ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက ဧရာဝတီကို ပြောသည်။
တောင်းဆိုမှုများ အပေါ်တွင် UPWC ကိုယ်စားလှယ်များထံမှ ယေဘုယျဆန်သည့် အဖြေများသာ ရရှိခဲ့ပြီး တိုင်းရင်းသားများဘက်မှ တောင်းဆိုလိုသည့် အချက်များကို အစီရင်ခံစာ ရေးသားပေးရန် ပြောဆိုသည်ဟု ၎င်းက ဆိုသည်။
၂၀၁၄ ခုနှစ်တွင် ဆွေးနွေးခဲ့စဉ်က အပစ်ရပ်ပြီးနောက် လိုက်နာရမည့် ကိစ္စရပ်များကို NCA တွင် ထည့်သွင်းရန် အချက်အလက် အသေးစိတ် ထည့်သွင်းခဲ့သော်လည်း အဆင်မပြေသဖြင့် ယခုဆွေးနွေးမှုတွင် မူအရ ထားရှိရမည့် အချက်တချို့ကိုသာ NCA တွင် လမ်းညွှန်ချက်များအဖြစ် ထည့်သွင်းထားကြောင်း၊ အသေးစိတ် အချက်အလက်များကို သက်ဆိုင်ရာ တပ်မတော်မှ တပ်မှူးများနှင့် တိုင်းရင်းသား တပ်ဖွဲ့များမှ တပ်မှူးများကို တာဝန်ပေး ဆွေးနွေးစေမည်ဟု NCCT ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
ကချင် လွတ်လပ်ရေး တပ်မတော် (KIA) မှ ဒု စစ်ဦးချုပ် ဗိုလ်ချုပ် ဂွန်မော်ကလည်း ၎င်း၏ တပ်မှူးများနှင့်အတူ မတ်လ ၁၆ ရက်က နေပြည်တော်တွင် ဒုသမ္မတ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံ၍ တပ်နေရာ ချထားရေးကိစ္စများ ဆွေးနွေးထားသည်။
နိုင်ငံတော်သမ္မတ၊ အစိုးရအဖွဲ့များ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား NCA အပြီးသတ် ချုပ်ဆိုပြီးပါက အောက်ခြေတပ်များကို ၂၄ နာရီအတွင်း အကြောင်းကြား၍ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် ကျင့်ဝတ်စည်းကမ်းများကို အောက်ခြေတပ်များက လိုက်နာရမည် ဖြစ်သည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် သတ်မှတ်ထားသည်။
ဆွေးနွေးပွဲ၏ နောက်ဆုံးနေ့ဖြစ်သည့် မတ် ၂၂ ရက်တွင် အခန်း ၇ ခန်းပါ NCA စာချုပ်မူကြမ်း၌ နှစ်ဖက်ညှိနှိုင်း ဆွေးနွေးရန် အချက် ၄ ချက်သာ ကျန်ရှိတော့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
MPC မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက “အခန်း (၆) ကြားကာလမှာ အချက်တချက်အနေနဲ့ ကျန်ရှိပါတယ်။ ကျန်တဲ့အခန်း (၃) နဲ့ အခန်း (၅) မှာပါတဲ့ အပိုဒ်တပိုဒ်စီမှာ စကားလုံး ရွေးချယ်ဖို့ကိုတော့ ၃၀ ရက်နေ့မှာ ပြန်ဆွေးနွေးပါမယ်။ အဲဒါကလွဲရင်တော့ ကျန်တဲ့အချက်တွေ အားလုံးဟာ သဘောတူညီချက်ရပြီး ဖြစ်ပါတယ်” ဟု မီဒီယာများကို ပြောကြားခဲ့သည်။
ယင်းအချက် ၄ ချက်ကို ဆက်လက် ညှိနှိုင်းဆွေးနွေးရန် ၇ ကြိမ်မြောက် ဆွေးနွေးပွဲကို မတ်လ ၃၀ ရက်သို့ ထပ်မံ ရွေ့ဆိုင်းခဲ့သည်။
အဆိုပါ စာချုပ်မူကြမ်းတွင် အခန်း (၁) အခြေခံမူများ၊ အခန်း (၂) ရည်ရွယ်ချက်နှင့် ဦးတည်ချက်၊ အခန်း(၃) အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ အခန်း (၄) အပစ်အခတ် ရပ်စဲရေးကို ခိုင်မာစေရန် လုပ်ဆောင်ရမည့် အချက်များ၊ အခန်း (၅) နိုင်ငံရေး ဆွေးနွေးရန် အပြန်အလှန် ကတိပြုခြင်း၊ အခန်း (၆) စေ့စပ်ညှိနှိုင်း ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ အခန်း(၇) အထွေထွေ၊ အပုဒ် (၃၀) ပုဒ်၊ အပိုဒ်ခွဲ (၈၁) ပုဒ် ပါဝင်ကြောင်းလည်း သိရသည်။
လက်ရှိ ရရှိထားသည့် သဘောတူညီချက်များနှင့် ဆွေးနွေးညှိနှိုင်းရန် ကျန်နေသည့် အချက်များကို နှစ်ဖက်စလုံးမှ ခေါင်းဆောင်များကို ပြန်လည် တင်ပြပြီး အတည်ပြုချက် ရယူရန်အတွက် ယင်းသို့ ရွေ့ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း နှစ်ဖက် ခေါင်းဆောင်များက ပြောသည်။
အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနေစဉ် အတောအတွင်း ကြားကာလ၌ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် လက်ရှိ အနေအထားအတိုင်း ဆက်လက် ရပ်တည်လိုပြီး အစိုးရဖက်ကမူ ပညာရေး၊ ကျန်းမာရေး၊ ဒေသတည်ငြိမ်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ ယင်းသို့ နောက်ခံအခြေအနေ အယူအဆ ကွဲပြားမှုကြောင့် အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး ဆက်လက် ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း NCCT မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
NCCT အနေဖြင့် အစိုးရနှင့် ဆွေးနွေးနေသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဟု ခေါင်းစဉ်တပ်ထားသဖြင့် တပြည်လုံးရှိ တိုင်းရင်းသားလက်နက်ကိုင် အားလုံးဖြင့် သက်ဆိုင်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားတပ်ဖွ့ဲ အားလုံး ပါဝင်နိုင်ရန်၊လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် မပါဝင်သေးသည့် အဖွဲ့များကိုလည်း ပါဝင်လာနိုင်ရန် ညှိနှိုင်းမှုများ ပြုသွားမည်ဟု သိရသည်။
လတ်တလောတွင် အစိုးရနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့ အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှ မဟာမိတ်တပ်များနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားရန် ရှိကြောင်း သိရသည်။
“သူတို့နဲ့ (ကိုးကန့်တပ်ဖွဲ့) အစည်းအဝေး ခေါ်ဖို့ရှိပါတယ်၊ အခုချိန်အထိ အခြေအနေတွေက တင်းမာနေတော့ ကျနော်တို့ ကိုယ်တိုင် အခြေအနေ အသေးစိတ်ကို သုံးသပ်ဖို့ အချိန်နည်းနည်း လိုနေတယ်၊ သူတို့ (ကိုးကန့်တပ်ဖွဲ့) ဆီက အခက်အခဲကို ကျနော်တို့ မသိဘူး။ ညှိနှိုင်းဖို့ ကျနော်တို့ ကြိုးစားနေပါတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့တို့သည် ဖေဖော်ဝါရီ ၉ ရက်တွင် ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့အတွင်း တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ အကျအဆုံးများသဖြင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာကာ မြန်မာ-တရုတ် နယ်စပ်တွင်လည်း ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။
NCCT က အစိုးရနှင့် တပ်မတော်တို့မှ ကိုးကန့်တိုက်ပွဲကိစ္စ အပေါ်တွင် ပဋိပက္ခ ဖြစ်သည်ဟူသည့် ဘောင်အတွင်း မှနေ၍ ချင့်ချိန်စွာ စဉ်းစားပေးရန်၊ ကိုးကန့် တပ်ဖွ့ဲကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ခေါ်ယူဆွေးနွေးပေးရန် ကိုးကန့်တပ်ဖွဲ့နှင့် ပြေလည်ရေး နည်းလမ်းရှာပေးရန် တရားဝင် မေတ္တာရပ်ခံထားသော်လည်း အစိုးရဘက်မှ ကိုးကန့်အရေးကို လက်ခံ ဆွေးနွေးရန် တွန့်ဆုတ်နေသည်ဟု NCCT ခေါင်းဆောင်များက ပြောဆိုသည်။
ကိုးကန့်တပ်ဖွဲ့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တပ်ပေါင်းစုဖြစ်သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တွင် အပါအဝင်ဖြစ်သည့် တိုင်းရင်းသား တပ်ဖွဲ့တခု ဖြစ်သဖြင့် NCCT အဖွဲ့ဝင် ဖြစ်သည်ဟု NCCT ကိုယ်စားလှယ်များက သတ်မှတ်ထားသော်လည်း အစိုးရဘက်က ကိုးကန့်တပ်ဖွဲ့အား တနိုင်ငံလုံး ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် အထဲတွင် ထည့်သွင်းထားခြင်း မရှိဟု သိရသည်။
ကိုးကန့်အဖွဲ့က ဖေဖော်ဝါရီလ အတွင်းက သမ္မတထံသို့ ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ၎င်းတို့အဖွဲ့မှာ ပြည်တွင်းရှိ တိုင်းရင်းသား အဖွဲ့တခုပင် ဖြစ်သဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပေးရန် တောင်းဆိုချက် ပါရှိသည်။
အစိုးရနှင့် တနိုင်ငံလုံး ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် NCCT ထဲတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ ရှိသည်ဟု အစိုးရက သတ်မှတ်ထားပြီး ထိုအထဲတွင် ကိုးကန့်တပ်ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ငယ် ၃ ဖွဲ့ခန့် ပါဝင်ခြင်း မရှိဟု သိရသည်။
ယခု ကျင်းပခဲ့သည့် ၇ ကြိမ်မြောက် အပစ်အခတ်ရပ်စဲရေး စာချုပ်ဆွေးနွေးပွဲသည် ရက်အကြာရှည်ဆုံး ဆွေးနွေးပွဲဖြစ်ပြီး NCCT မှ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ဗိုလ်ချုပ် ဂွန်မော်၊ ပဒိုစောကွယ်ထူးဝင်းတို့ တက်ရောက်ခဲ့ပြီး အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။
ယနေ့ ဆွေးနွေးပွဲသို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA)၊ ABSDF, လားဟူအဖွဲ့နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု (NDAA) မိုင်းလားအဖွဲ့တို့က လေ့လာသူအဖြစ် တက်ရောက်ပြီး ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က တက်ရောက်ခဲ့ခြင်း မရှိပေ။ NDAA သည် UWSA နှင့် အနီးကပ်ဆုံး မဟာမိတ်အဖွဲ့ဖြစ်ကြောင်း သိရသည်။