စင်ကာပူကို ထိပ်တန်းနိုင်ငံတခုဖြစ်အောင် လုပ်ဆောင်ခဲ့သူ လီကွမ်ယု ကွယ်လွန်သွားသောအခါ ယခင်က သူ၏ တင်းကျပ်သော နိုင်ငံရေးထိန်းချုပ်မှုများ ရှိလင့်ကစား စင်ကာပူနိုင်ငံသားများအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်သည်မှာ သေချာသည်။
စင်ကာပူဝန်ကြီးချုပ်အဖြစ် ၂၅ နှစ်မျှ တာဝန်ယူခဲ့ပြီးနောက် ဆက်လက်၍ ဝါရင့်အဆင့်မြင့်ဝန်ကြီး (Senior Minister)၊ ဦးဆောင်လမ်းပြ ဝန်ကြီး (Minister Mentor) အဖြစ် နိုင်ငံရေးတာဝန်များယူခဲ့သူ လီကွမ်ယုသည် အစောပိုင်း ကာလများတွင် အတိုက်အခံ နိုင်ငံရေးသမားများကို ဥပဒေဘောင် ကျော်လွန်၍ ထောင်ချခြင်း၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ကျင့်စဉ်များကို လျစ်လျှူရှုခြင်း၊ စင်ကာပူ နိုင်ငံရေးကို ထိန်းချုပ်ထားခြင်း၊ အဂတိလိုက်စားမှုများနှင့် အတိုက်အခံကို နှိမ်နင်းသော လီကွမ်ယု အစိုးရအပေါ် ရေးသားသော နိုင်ငံခြားသတင်းစာများကို ဒေဝါလီ ခံရအောင် ခြိမ်းခြောက်တရားစွဲခြင်းများ ရှိခဲ့သော်လည်း တိုင်းပြည် ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့် စီးပွားရေးတွင် ထိုးတက်သွားအောင် စွမ်းဆောင် နိုင်ခဲ့သည်။ ထို့ကြောင့်ပင် လီကွမ်ယုက သူ့ကိုယ်သူ Statesman ဟု ဆိုစေကာမူ စောင့်ကြည့် ဝေဖန်သူများက Benevolent dictator ဟု ကင်ပွန်းတပ်ကြခြင်း ဖြစ်သည်။
အာဏာရှင်ဟောင်း ဦးနေဝင်းနှင့် လီကွမ်ယုတို့သည် အပြန်အလှန် ဆက်ဆံမှု ရှိခဲ့ဖူးသည်။ လီကွမ်ယု မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ၁၉၆၂ ခုနှစ်မှ ၁၉၈၆ ခုနှစ်အတွင်း ခရီးစဉ်များနှင့် ပတ်သက်၍ သူ၏ ကိုယ်တိုင်ရေး From Third World to First စာအုပ်တွင် အနုတ်လက္ခဏာများကိုသာ ဖော်ပြသွားသည်။ မြန်မာအာဏာပိုင် အဆက်ဆက်သည် သူ၏ အကြံပြုချက်များကို အလေးစိုက် နားမထောင်ကြောင်း၊ မြန်မာပြည် ချွတ်ချုံကျသွားကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဘာမျှ မလုပ်နိုင်ခဲ့ကြောင်း စသည်များကို မှတ်တမ်းတင် ထားသည်။
မြန်မာနိုင်ငံအနေဖြင့် အအင်ဒိုနီးရှားနိုင်ငံ ဗိုလ်ချုပ်ကြီး ဆူကာနို လက်ထက် ပြုပြင်ပြောင်းလဲရေးပုံစံကို အတုယူရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အကြံပေးခဲ့သူမှာ လီကွမ်ယူ ဖြစ်ကြောင်းလည်း မမေ့သင့်ပေ။ အင်ဒိုနီးရှားနိုင်ငံ၏ အခြေခံဥပဒေအရ တပ်မတော်ကို အစိုးရအဖွဲ့တွင် အရေးပါသည့် နေရာများတွင် ခန့်အပ်ခြင်း၊ လွှတ်တော်တွင် စစ်တပ် ကိုယ်စားလှယ်များ ပါဝင်စေခြင်း၊ နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတွင် တာဝန်ယူစေခြင်းတို့နှင့် ယှဉ်၍ ယနေ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို နှိုင်းဆကြည့်နိုင်သည်။
စင်ကာပူသည် စစ်အစိုးရ လက်ထက်တလျှောက် မြန်မာဗိုလ်ချုပ်များ၏ အိုအေစစ်လည်း ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်များ၏ သားသမီး ဆွေမျိုးများ ပညာရေးမှသည် ၎င်းတို့၏ ကျန်းမာရေး၊ ဈေးဝယ်ထွက်ခြင်းအထိ စင်ကာပူသည်သာ ခိုလှုံရာဖြစ်ခဲ့သည်။ ဘိန်းမှောင်ခို ရာဇာဟောင်းများ အပါအဝင် ခရိုနီများ ရုံးစိုက်ရာ၊ ဘဏ်စာရင်းဖွင့်ရာ စင်ကာပူသည် မြန်မာနိုင်ငံအတွက် စစ်အစိုးရခေတ်ဦးက မှောင်ခိုဈေးကွက်မှ စစ်လက်နက်များ ဝယ်ယူရေး ကြားခံပေးသည့် အနေအထားဖြင့် အမျိုးမျိုးအဖုံဖုံ ပါဝင်ပတ်သက်နေခဲ့သည်။
ဦးနေဝင်း လက်ထက်မှသည် ဗိုလ်ချုပ်မှူကြီး သန်းရွှေ လက်ထက်အထိ လီကွမ်ယုသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ခရီးသွားလုပ်ငန်းများ ဖွင့်ပေးရန်၊ စစ်အေးတိုက်ပွဲအပြီး ပေါ်လစီများ ပြန်လည်သုံးသပ်ရန်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရန်၊ ဒေါ်အောင်ဆန်းစုကြည် အပေါ်ထားသည့် သဘောထားကို ပြန်လည် စဉ်းစားရန် တောက်လျှောက် အကြံပေးခဲ့သည်ကို တွေ့ရသည်။ သူအကြံပေးသည်များအနက် တပ်မတော်ကို ဇောင်းပေးသည့် အင်ဒိုနီးရှားပြုပြင် ပြောင်းလဲရေး ပုံစံမှတပါး မြန်မာအစိုးရများက မဆောင်ရွက်သလောက်ပင် ဖြစ်ကြောင်းကိုလည်း သိရှိနိုင်ကြပါသည်။
မြန်မာ အာဏာရှင်များကို နည်းပေးလမ်းပြ လုပ်ခဲ့သော လီကွမ်ယုသည် နောက်ဆုံးတွင် မြန်မာစစ်ဗိုလ်ချုပ်များကို လက်လျှော့လိုက်ပုံရသည်။ ၂၀၁၀ ဒီဇင်ဘာတွင် ပေါက်ကြားသော ဝီကီလိခ်စ် စာတစောင်အရ လီကွမ်ယုက မြန်မာ စစ်ခေါင်းဆောင်များကို ”မိုက်မဲသောသူများ”၊ “ထုံပေ ပေနိုင်သောသူများ” ဟု သုံးသပ်လိုက်ပြီး သူတို့နှင့် ဆက်ဆံရခြင်းမှာ “လူသေတွေနဲ့ စကားပြောရသလိုပဲ” ဟု မှတ်ချက်ချခဲ့ရပေသည်။
လီကွမ်ယု အကြံပေးခဲ့သည့် အတိုင်း မြန်မာအာဏာရှင် အဆက်ဆက်က အနည်းဆုံး လိုက်နာနိုင်ခဲ့ပါလျှင် မြန်မာနိုင်ငံသည် ယခုထိလောက် အခြေအနေအထိ ဆိုးရွားဆုတ်ယုတ်လိမ့်မည် မဟုတ်ဟုပင် သုံးသပ်ရမည် ဖြစ်ပေသည်။